အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့၌ ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ် သော နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ International Fleet Review-2026 (IFR-2026)နှင့် နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ခန်း(MILAN-2026)များသို့ တက်ရောက်ခဲ့သည့် တပ်မတော်(ရေ)မှ အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ကျော်စွာထက် ဦးဆောင်သော စစ်ရေယာဉ်(အောင်ဇေယျ)သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၄)ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည်ရောက်ရှိရာ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထူးနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026) နှင့် နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ခန်း (MILAN-2026) များသို့တက်ရောက်ရန် စစ်ရေယာဉ်(အောင်ဇေယျ) သည် ဖေဖော်ဝါရီလ ၁၁ ရက်တွင် ရန်ကုန်မြို့မှစတင်ထွက်ခွာခဲ့ရာ အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့သို့ ဖေဖော်ဝါရီလ ၁၄ ရက်၊ နေ့လယ်ပိုင်းတွင် ရောက်ရှိခဲ့သည်။
နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026) အခမ်းအနားသို့ အိန္ဒိယသမ္မတ ဒရူပါဒီမာမူ (Droupadi Murmu) တက်ရောက်ခဲ့ပြီး မြန်မာ့တပ်မတော်(ရေ)မှအဖွဲ့ခေါင်းဆောင်အဖြစ် စစ်ဦးစီး အရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ပါဝင် တက်ရောက် သည်။ အခမ်းအနားသို့ နိုင်ငံပေါင်း ၇၄ နိုင်ငံမှ အဆင့်မြင့်ရေတပ်အရာရှိကြီးများ၊ နိုင်ငံတကာ ရေတပ်များ၊ ဒေသတွင်းရေတပ်များနှင့်အိမ်နီးချင်းရေတပ်များမှစစ်ရေယာဉ်များ စုပေါင်း တက်ရောက် ကြသည်။ အဆိုပါအခမ်းအနားများနှင့် တစ်ဆက်တစ်စပ်တည်းပြုလုပ်သည့် အိန္ဒိယ သမုဒ္ဒရာရေတပ်ဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် ဂိုအာပင်လယ်ရေကြောင်းဆိုင်ရာသီးသန့်ဆွေးနွေးပွဲများ သို့လည်း တပ်မတော် (ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ မှ ပါဝင် တက်ရောက်သည်။
ဖရီဂိတ်စစ်ရေယာဉ်(အောင်ဇေယျ)သည် ဖေဖော်ဝါရီလ ၁၈ ရက်တွင်ပြုလုပ်သော နိုင်ငံတကာ စစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026)တွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်သော နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ခန်း (MILAN-2026) ၏ ဖွင့်ပွဲအခမ်း အနားသို့တက်ရောက်ခြင်း၊ ဆိပ်ကမ်းအခြေပြုစဉ် International Maritime Seminar သို့ နိုင်ငံပေါင်း ၇၄ နိုင်ငံနှင့်အတူ တက်ရောက်ခြင်း၊ စစ်ရေယာဉ်များပေါ်သို့ အပြန်အလှန်လေ့လာလည်ပတ်ခြင်း၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်ခြင်း၊ ရေအောက်နစ်မြုပ်မှု ရှာဖွေရေးရေယာဉ်စနစ် သရုပ်ပြမှုအား သွားရောက်လေ့လာခြင်း၊ မြို့တွင်းလေ့လာရေးခရီးသွား ရောက်ခြင်း၊ နိုင်ငံတကာတပ်ဖွဲ့ဝင်များနှင့်အတူ စစ်ရေးပြအခမ်းအနားတွင်ပါဝင်ဆောင်ရွက်ခြင်း၊ အရာ ရှိငယ်များ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်း၊ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ၌ ပါဝင်ဆင်နွှဲခြင်း၊ Agra မြို့နှင့် ဗုဒ္ဓဂါယာသို့ သွားရောက်ဖူးမြော်လေ့လာခြင်း၊ ညစာစားပွဲအခမ်းအနားတွင် ရိုးရာ ယဉ်ကျေးမှုအကပဒေသာများဖြင့် ကပြဖျော်ဖြေရာတွင် ပါဝင်ဆင်နွှဲခြင်းများဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတကာစစ်ရေယာဉ်များနှင့်ပူးပေါင်း၍ ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းများတွင် ပါဝင် လေ့ကျင့်ခဲ့ကြသည်။
နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026) နှင့် နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ခန်း (MILAN-2026) သို့တက်ရောက်ခဲ့သည့် စစ်ရေယာဉ်(အောင်ဇေယျ)၏ ရန်ကုန်-အိန္ဒိယ-ရန်ကုန် ခရီးစဉ်နှင့် ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းများတွင် မောင်းနှင်ခဲ့သည့် စုစုပေါင်းရေမိုင်မှာ ၂၃၇၇.၄ မိုင်ရှိကြောင်း သတင်းရရှိသည်။


