နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် တာဝန်ရှိသူများသည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညပိုင်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်း ကျေးရွာအုပ်စု၊ ကင်ပွန်းတန်း ကျေးရွာရှိ အာဟာရသုခဈေးသို့ ယနေ့နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မီးလောင်မှုဖြစ်ပွားခဲ့သည့် ရုံအမှတ် (ဂ)ရှိ မီးလောင်ပျက်စီးခဲ့မှု အခြေအနေများနှင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး မီးလောင်မှုကြောင့်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဆိုင်ခန်းပိုင်ရှင်များအား တွေ့ဆုံအားပေး စကားပြောကြား ကာ တင်ပြချက်များအပေါ် တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်း ကျေးရွာအုပ်စု၊ ကင်ပွန်း တန်း ကျေးရွာရှိ အာဟာရသုခဈေးတွင် ဖေဖော်ဝါရီ ၂၅ ရက် ည ၈ နာရီ ၄၆ မိနစ်အချိန်ခန့်တွင် ဈေးရုံ၏ ရုံအမှတ် (ဂ) မှ စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၃၁ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်းနှင့် ဈေးရုံ ၅ ရုံအနက် ဈေးရုံ ၁ ရုံရှိ ဆိုင်ခန်းပေါင်း ၂၄၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး ဈေးကြီးအတွင်းရှိ မီးလောင်ပျက်စီးမှုတွင် ပါဝင်ခြင်းမရှိသည့် ကျန်ဈေးရုံများနှင့် ဈေးဆိုင်ခန်းများ တွင် ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်းနှင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဈေးဆိုင်ခန်းများ ကိုလည်း အမြန်ဆုံးပြန်လည်ဖွင့်လှစ် ရောင်းချနိုင်စေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
