မြဝတီမြို့နယ်၊ မေတ္တာလင်းမြိုင်ကျေးရွာအနီး Online လိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ကိုင်နေသည့်တရားမဝင်ပြည်ပနိုင်ငံသားများအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ နေပြည်တော်၊ ၂၀၂၆ ဖေဖော်ဝါရီ ၂၆

Thursday, February 26, 2026 - 18:15

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ထိခိုက်ပျက်စီးစေပြီး အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် online လိမ်လည်မှုများ၊ online လောင်းကစားမှုများတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ အထူးအလေးထားတိုက်ဖျက် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက် လျက်ရှိရာ Online လိမ်လည်လောင်းကစား မှုများကို အများဆုံးအခြေချလုပ်ကိုင် လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများသည် နယ်မြေခံ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းစစ်ဆင် ရေးအဖွဲ့များဖြင့် တရားမဝင်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တရားမဝင်ပြည်ပ နိုင်ငံ သားများ အခြေချနေထိုင်ခြင်းမရှိစေရေး ဝင်ရောက်ရှင်းလင်းခြင်းတရားမဝင်အဆောက် အအုံများအား ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ မြဝတီ-မဲထော်သလေး (KK Park) နယ်မြေ အတွင်းရှိတရားမဝင်အဆောက်အအုံများကို စနစ်တကျ ဖြိုချဖျက်ဆီးခြင်းနှင့် ရွှေကုက္ကိုလ် နယ်မြေအတွင်း၌ Online လောင်းကစားမှု၊ Online လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကိုလည်း ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ထိုသို့ တရားမဝင် online လိမ်လည်မှုများ၊ online လောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် မြဝတီမြို့ နယ်၊ မေတ္တာလင်းမြိုင်ကျေးရွာအနီးတွင် Online လိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသား ၁၄၈ ဦး၊ ထိုင်းနိုင်ငံသား ၃ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၃ ဦး၊   ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦးနှင့် ရုရှားနိုင်ငံသား ၁ ဦး စုစုပေါင်း ၁၅၆ ဦးတို့ကို RC ၅ ထပ် အဆောက်အအုံ တစ်ခုအတွင်း၌ ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး Online လိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် All In One ကွန်ပျူတာ ၁၁၀ လုံး၊ မိုဘိုင်းဖုန်း ၂၂၀၀ လုံး နှင့် လုပ်ငန်းသုံးပစ္စည်းများကို စိစစ်တွေ့ရှိ ဖမ်းဆီးရမိ ခဲ့ကြောင်း နှင့် ဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။

ထိုသို့ ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသားများကို မြဝတီမြို့၊ မြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေး အချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။

ဖမ်းဆီးရမိသည့်  တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည် မှုများ အပါအဝင် ဒုစရိုက်လုပ်ငန်းများတွင် ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ သက်ဆိုင်ရာနိုင်ငံ များသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်း ရမိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်း များကိုလည်း ထပ်မံအသုံးပြုနိုင်ခြင်းမရှိစေရေး လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် Online လိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝ အခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။