နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းနည်းပြများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းနည်းပြများအား တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ ဗထူးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် ဗထူးမြို့သည် လေ့ကျင့်ရေးဆိုင်ရာ သင်တန်း ကျောင်းကြီးများနှင့် လေ့ကျင့်ရေးအထောက်အကူပြု လက်ရုံးဝန်ထမ်းတပ်များ အခြေ ပြုရာ သမိုင်းအစဉ်အလာအရ ထူးခြားသည့် တပ်မြို့ဖြစ်ပြီး အဓိကတာဝန်သည် လေ့ကျင့်သင်ကြားပေးရန် ဖြစ်သည့် အတွက် လေ့ကျင့်သင်ကြားရေးနှင့်ပတ်သက်၍ ပီပီပြင်ပြင် လက်တွေ့ကျကျ လေ့ကျင့် သင်ကြားပေးရန်လိုကြောင်း၊ ထိုသို့ စစ်ဘက်ဆိုင်ရာ အသိပညာနှင့် အတတ်ပညာများ သင်ကြားလေ့ကျင့်ပေးရာတွင် နည်းပြများအနေဖြင့် စေတနာထား၍ တက်မြောက် သည်အထိ လေ့ကျင့်ပေးသွားရန် လိုကြောင်း၊ မိမိသိသလို၊ တတ်မြောက်သလို၊ ကျွမ်းကျင်သလို သင်တန်းသားများ ကိုလည်း တတ်သိကျွမ်းကျင်အောင် အိတ်သွန်ဖာမှောက် သင်ကြားပေးရန် လိုကြောင်း၊ နည်းပြများအနေဖြင့် သင်တန်းသား တပည့်များကို ဆရာဂုဏ်ပြည့်ဝစွာဖြင့် လေ့ကျင့် သင်ကြားပေးရန်လိုကြောင်း။
ထို့အပြင် တပ်မြို့တွင်နေထိုင်သော အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် များအနေ ဖြင့် မိမိတို့တပ်၊ ကျောင်းများကိုသာမက မြို့နေလူထု၏ လုံခြုံရေးနှင့်အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးအတွက်လည်း လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများကို မျက်ခြေမပြတ် စောင့်ကြည့်၍ လုံခြုံရေးအသိ၊ လုံခြုံရေးသတိ ရှိရန် လိုကြောင်း၊ တပ်မတော်သားများ တာဝန်ကိုကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန် လေ့ကျင့်သင်ကြားပေးရာ၊မွမ်းမံလေ့ကျင့်ပေးရာသင်တန်းကျောင်းကြီးများရှိရာ မြို့ဖြစ် ၍ တာဝန်ထမ်းဆောင်မှုအပေါ် ဂုဏ်ယူစွာဖြင့် မိမိအားပေးအပ်သည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန် လိုကြောင်း။
NCA လက်မှတ်ရေးထိုးထားသည့် EAO အဖွဲ့အချို့နှင့် လက်မှတ်ရေးထိုးထားခြင်း မရှိသည့် EAO အဖွဲ့များအနေဖြင့် နိုင်ငံရေးဖြစ်စဉ် မမောက်ကမ ဖြစ်မှုများကြောင့် နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် လူငယ်၊ လူရွယ်များ၊ DCS နိုင်ငံ့ဝန်ထမ်းအချို့တို့အား လူသားချင်းစာနာထောက်ထားမှု အကြောင်းအရာခေါင်းစဉ် အောက်၌ လက်ခံထိန်းသိမ်းပြီး ပြည်ပနိုင်ငံကြီးအချို့၏ ငွေကြေးထောက်ပံ့မှုများရယူ ကာ အကြမ်းဖက်သင်တန်းများ သင်ကြားပို့ချ၍ လက်နက်များ တပ်ဆင်ပေးကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်စေရန်မြှောက်ပင့်ပေးမှု၊ တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် တရားမဝင်ဖွဲ့စည်းထားသည့် CRPH နှင့် NUG တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့ အပါအဝင် အကြမ်းဖက်အဖွဲ့များ ဒေသအ လိုက် အမည် အမျိုးမျိုး ဖြင့် ပေါ်ပေါက်လာခဲ့ပြီး PDF အမည်ခံအကြမ်းဖက်အဖွဲ့နှင့် အချို့သော EAO အဖွဲ့များ၏ အကြမ်းဖက်လုပ်ဆောင်မှုများကြောင့် တိုင်းရင်းသား ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး တို့ကို ထိခိုက်စေလျက်ရှိပြီး အချို့သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် လည်း အဆိုပါအခြေအနေကို အခွင့်ကောင်းရယူပြီး နယ်မြေချဲ့ထွင်နိုင်အောင် ကြိုးပမ်း ဆောင်ရွက်နေသည့်အတွက် တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တည်ငြိမ်အေးချမ်းရေးကိုလိုလားသည့် ပြည်သူလူထုများ နှင့်အတူတကွပူးပေါင်း၍ တရားဥပဒေနှင့်အညီ တိုက်ပွဲဝင်စိတ်ဓာတ်ကို တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန်အလံမလဲသည့် စိတ်ဓာတ်တို့ဖြင့် တိုက်ခိုက်ချေမှုန်း နှိမ်နင်းလျက်ရှိပြီး အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း၊ ထိုသို့ အောင်မြင်မှုရရှိခြင်းသည် အရာရှိ၊ စစ်သည်၊ ရဲမေ တစ်ဦးချင်းစီ၏ စွမ်းရည်များကြောင့်ပင် ဖြစ်ကြောင်း၊ ထိုသို့ တစ်ဦးချင်း၏စွမ်းရည်များ ရရှိလာအောင် လေ့ကျင့်ရေးသင်တန်းကျောင်းကြီးများကပင် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်၍ရှေ့ဆက်၍လည်း နည်းပြများအနေဖြင့် သင်တန်းသား များကို ယခုထက်ပို့၍ စနစ်တကျလေ့ကျင့် သင်ကြားပေးသွားကြရန် လိုကြောင်း။
နိုင်ငံရေးဖြစ်စဉ်နှင့်ပတ်သက်၍ NLD အစိုးရအနေဖြင့် ၂၀၂၀ ပြည်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲမသမာမှုများဆောင်ရွက်ပြီး နိုင်ငံတော်၏ အာဏာကို အဓမ္မရယူရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ့အရေးအတွက် နိုင်ငံတော် တာဝန်များကို ခေတ္တ ထိန်းသိမ်းထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင် ချိန်မှစတင်၍ ဦးတည်ချက်များချမှတ် ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း စဉ်များပြီးဆုံးချိန်တွင် ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရရှိသည့် ပါတီအား နိုင်ငံတော်၏ တာဝန်ကို လွှဲပြောင်းပေးအပ်မည်ဟု ပါရှိပြီးဖြစ်ကြောင်း။
နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူဆောင်ရွက်ခဲ့ရချိန်တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် ဆူပူဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် အကြမ်းဖက်လုပ်ရပ်များကိုပင် လုပ်ဆောင်လာခဲ့ကြကြောင်း၊ ယင်းအချိန်သည် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ဖြစ်ပေါ်နေသည့်ကာလဖြစ်ပြီးသစ္စာမဲ့သည့် နိုင်ငံ့ဝန်ထမ်း အချို့၏ လုပ်ငန်း ခွင်စွန့်ခွာမှုများကိုလည်း ကြုံတွေ့ခဲ့ရကြောင်း၊ အလားတူ ၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်း ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရာဂီမုန်တိုင်း တိုက်ခတ်မှု၏ နောက်ဆက်တွဲ အဖြစ် နှစ်ပေါင်း ၁၀၀ အတွင်း မကြုံဘူးသော ရေကြီးရေလျှံမှု ဖြစ်ပေါ် ခဲ့ခြင်းနှင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး စသည့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်ခဲ့ခြင်းများနှင့် အခြားစိန်ခေါ်မှု ကြီးများကိုလည်း အခက်အခဲ များကြားမှ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ ဖြစ်ပေါ်ခဲ့သည့်အကြမ်းဖက်မှုများ ကိုလည်း ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သဖြင့် နောက်ပိုင်းတွင် အကြမ်းဖက်မှုများ တဖြည်းဖြည်း လျော့ပါးသွားခဲ့ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပရန်နိုင်ရန် အတွက် မိမိတို့အနေဖြင့် မဲစာရင်းများမှန်ကန်စွာရရှိရေး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို လည်းဆောင် ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်အကြီးအကဲနေဖြင့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ ပါဝင်နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပ ပြုလုပ်ခဲ့ပြီး အပိုင်း(၃)ပိုင်းခွဲ၍ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တွင်အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် ဆန္ဒမဲများပေးရာတွင် တက်ကြွစွာဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစနစ်(MEVM) စက်များဖြင့် စနစ်တကျမဲပေးခြင်းများကို မိတ်ဖက်နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများမှ ရွေးကောက်ပွဲ လာရောက်လေ့လာ စောင့် ကြည့်သူများ၊ ပြည်တွင်း/ပြည်ပ မီဒီယာများ၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာမှုရှိ စွာဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်း ကျော်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိခဲ့သဖြင့် ဆန္ဒမဲပေးမှု ရာခိုင်နှုန်းမှာ ၅၄ ဒဿမ ၂၂ ရာခိုင်နှုန်းရှိကြောင်း၊ ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း။
ယခုအခါ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဖြစ်သဖြင့် မကြာမီလာမည့် မတ်လတွင် လွှတ်တော်ခေါ်ယူ၍ အစည်းအဝေးကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းများကို နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ဧပြီလဆန်းပိုင်းတွင် သမ္မတ ရွေးချယ်တင်မြောက်၍ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းကာ နိုင်ငံတော်၏တာဝန်ကို ပြန်လည် လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း။
တပ်မတော်အနေဖြင့် နိုင်ငံရေးအစိုးရများမည်ကဲ့သို့ပင် ပြောင်းလဲသည်ဖြစ်စေ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်၍ စွမ်းရည်ရှိသည့် တပ်မတော်၊ စွမ်းအားရှိသည့်တပ်မတော်ဖြစ်အောင် ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ စွမ်းရည်၊ စွမ်းအားရှိသည့်တပ်မတော်ဖြစ်စေရေး အကြီးအကဲများက ကြိုးပမ်းဆောင်ရွက်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လေ့ကျင့်သင်ကြားပေးနေသည့် နည်းပြများအနေဖြင့်လည်း စွမ်းရည်ရှိသည့် တပ်မတော် သားများဖြစ်စေရေး မိမိတို့တတ်မြောက်ထားသည့် စစ်အတတ်ပညာများကို ကျွမ်းကျင် တတ်မြောက်စွာအသုံးချနိုင်သည့်၊ ကျန်းမာကြံ့ခိုင်သည့် တပ်မတော်သား များဖြစ်အောင် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း တိတိကျကျ လေ့ကျင့် သင်ကြားပေးသွားရန် လိုကြောင်း။
ဗထူးတပ်မြို့သည် လေ့ကျင့်ရေးကျောင်းကြီးများရှိသကဲ့သို့ ခြေလျင်/ခြေမြန် တပ်ရင်းများ၊ လက်ရုံးတပ်ဖွဲ့များလည်းရှိကြရာ တပ်ရင်း/တပ်ဖွဲ့နှင့် မိသားစုများ အတွက် တပ်တည်ဆောက်ရေးလုပ်ငန်းကြီး(၄)ရပ်ကိုလည်း နိစ္စဓူဝသမားစဉ် လုပ်ငန်း များနှင့်အတူ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လေ့ကျင့်ရေးကို တစ်ဖက်မှာလည်း ကိုယ်တိုင်၊ သင်တန်းသားများပါ လေ့ကျင့်ပေးသကဲ့ သို့ တပ်နယ်အတွင်းရှိ သန္ဓေအရာရှိ စစ်သည်များနှင့် မိသားစုများကို တိုက်ပွဲဝင် စိတ်ဓာတ်များ၊စစ်မှုအတတ်ပညာများ သိရှိလိုက်နာနိုင်ရေးကိုလည်း လေ့ကျင့်ပေးနေရ မည်ဖြစ်ကြောင်း။
အုပ်ချုပ်ရေးနှင့်ပတ်သက်၍ စစ်ဆင်ရေး၊ လုံခြုံရေးနှင့် လေ့ကျင့်ရေးဆိုင်ရာများ အောင်မြင်ရန် အုပ်ချုပ်ရေးသည် အဓိကကျကြောင်း၊ တပ်မတော်ရုံးလုပ်ငန်းများကို ဦး၊ ရေး၊ ထောက် ဒေါက်တိုင် ၃ ရပ်ကောင်းမွန်စွာ လည်ပတ်မှုဖြင့် ထိန်းကြောင်းထား ကြောင်း၊ စစ်စည်းကမ်းဆိုင်ရာ စည်းမျဉ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာ၍ ဦး၊ ရေး၊ ထောက်လုပ်ငန်းများကို ဟန်ချက်ညီ ထိန်းကြောင်းသွားရန် လိုကြောင်း၊ ပုံမှန်ဆောင် ရွက်ရသော လုပ်ငန်းစဉ်ဖြစ်၍ တာဝန်ရှိသူများက စိတ်ဝင်တစားဆောင် ရွက်သွားရန် လိုကြောင်း၊ အုပ်ချုပ်ရေးပိုင်းကို ပိုင်နိုင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် အရာရှိ၊ စစ်သည်၊မိသားစုများ၏သက်သာချောင်ချိမှုကိုလည်း ထိရောက်စွာ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း။
မကြာမီ မတ်လတွင်ကျင်းပတော့မည့် Grade-12 စာမေးပွဲဝင်ရောက် ဖြေဆိုကြ မည့် တပ်နယ်များမှ ကျောင်းသား ကျောင်းသူများ ထူးချွန်စွာအောင်မြင်စေရေး တာဝန်ရှိသူများအနေဖြင့် လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးကြရန်နှင့် မိဘများအနေဖြင့်လည်း မိမိ၏ သားသမီးများအား ပညာအမွေပေးနိုင်ရန်၊ တန်းစဉ် ကူးပြောင်းမှုတွင်အတန်းပညာပြီးဆုံးသည်အထိ ပါဝင်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် ပူးပေါင်း၍ ဂရုတစိုက် ကြပ်မတ်ဆောင်ရွက်ပေးသွားရန် လိုကြောင်းဖြင့် ပြောကြားပြီး တက်ရောက်လာ ကြသည့် အရာရှိ၊ စစ်သည်၊ ရဲမေ တစ်ဦးချင်းစီ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ပေးအပ်လိုက်သည့် စားသောက်ဖွယ်ရာ ပစ္စည်းများ၊ တိုင်းစစ်ဌာနချုပ်မှ ပေးအပ်သည့် ကြက်ဥများကို ပေးအပ်ရာ တပ်နယ်မှူး က လက်ခံရယူသည်။ အလားတူ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)၏ ဇနီးက တပ်နယ်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ထောက်ပံ့ငွေများ ကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင် များသည် မွန်းလွဲပိုင်းတွင် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) ပေါင်းစည်းလယ်ယာ(ဗထူးစမ်း)သို့ သွားရောက်၍ ဥစားကြက်(Novogen Brown) မွေးမြူထားရှိမှု၊ နို့စားနွားမွေးမြူထားရှိမှု၊ DYL ဝက် မွေးမြူထားရှိမှုနှင့် ရာသီသီးနှံများ စိုက်ပျိုးထားရှိမှုများအား လည်းကောင်း၊ လယ်မြေသစ်များဖော်ထုတ်၍ ၎င်းလယ်မြေ များတွင် နေကြာသီးညှပ် ၈ ဧက၊ ကုလားပဲ ၈ ဧက၊ ပဲပုတ် ၁၄ ဧကနှင့် အာလူး ၁ ဧက စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း (ဗထူး) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က သိရှိလိုသည်များ မေးမြန်းပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။




