ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
သမဝါယမအသင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ
(အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ် ၈ / ၂၀၂၆)
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်
(၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်)
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို သမဝါယမအသင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ သမဝါယမအသင်းဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (တ)ကို အောက်ပါအတိုင်း အစားထိုးရမည်-
“ (တ) ဝန်ကြီး ဆိုသည်မှာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကို ဆိုသည်၊”
၃။ သမဝါယမအသင်းဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ (ည)ကို အောက်ပါအတိုင်း အစားထိုးရမည် -
“(ည) အသင်းသည် အသင်းသား၊ အသင်းဝင်နှင့် အကျိုးတူစီးပွားဖက်လုပ်ကိုင်သူ၏ အကျိုးစီးပွားအတွက် အချင်းချင်း လုပ်အား၊ ပစ္စည်း၊ ငွေကြေး သို့မဟုတ် နည်းပညာ တို့ ပူးပေါင်း၍ အများ၏ဆန္ဒဖြင့် စီမံခန့်ခွဲပြီး သတ်မှတ်ချက်များနှင့်အညီ စုပေါင်း ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်စေရန်။ ”
၄။ သမဝါယမအသင်းဥပဒေ ပုဒ်မ ၅ တွင် ပုဒ်မခွဲ(ဃ)၊ (င)နှင့် (စ)တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် -
“(ဃ) အသင်းစည်းကမ်းတွင် အမှုဆောင်၊ စာရင်းစစ် သို့မဟုတ် ကိုယ်စားလှယ်၏ သက်တမ်းသည် တစ်ကြိမ်လျှင် ငါးနှစ်ဖြစ်ကြောင်း ဖော်ပြရမည့်အပြင် အသင်းသား ဦးရေ ၁၅ ဦး အောက် ရှိသည့် အခြေခံသမဝါယမအသင်းမှအပ အများဆုံး နှစ်ကြိမ်ထက် ပို၍ ထမ်းဆောင်ခြင်း မရှိစေရန်နှင့် အမှုဆောင်၊ စာရင်းစစ် သို့မဟုတ် ကိုယ်စားလှယ် နေရာ လစ်လပ်ပါက ရွေးချယ်ခန့်ထားခြင်းဆိုင်ရာကိစ္စရပ်များကို ထည့်သွင်းဖော်ပြ ရမည်၊
(င) အသင်းစည်းကမ်းတွင် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူသည် အမှုဆောင် သို့မဟုတ် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံပိုင်ခွင့်ရှိကြောင်း ထည့်သွင်း ဖော်ပြရမည် -
(၁) တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီးသူ၊
(၂) အသင်းလုပ်ငန်းများအတွက် အချိန်ပေးနိုင်ပြီး စီးပွားရေးအမြင်နှင့် အတွေ့ အကြုံရှိသူ၊
(၃) အသင်းသားသက်တမ်း အနည်းဆုံး တစ်နှစ်ရှိပြီး အရပ်ရပ်ဆိုင်ရာအစည်း အဝေးသို့ အနည်းဆုံးတစ်ကြိမ် တက်ရောက်ဖူးသူ၊
(၄) အကျင့်စာရိတ္တကောင်းမွန်သူ၊
(၅) ကျန်းမာရေးကောင်းမွန်ပြီး အသက် ၇၀ နှစ် မပြည့်သေးသောသူ၊
(၆) သမဝါယမလုပ်ငန်းကို စိတ်ပါဝင်စားမှုရှိသူ၊
(၇) တည်ဆဲဥပဒေနှင့် အသင်းစည်းကမ်းကို လိုက်နာသူ။
(စ) အသင်းစည်းကမ်းတွင် အသင်းသားသည် အသင်းနှင့်ကင်းကွာခြင်း မရှိစေရန် လိုအပ် သော စည်းကမ်းချက်များကို ထည့်သွင်းဖော်ပြရမည်။”
၅။ သမဝါယမအသင်းဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ (ခ)၏ ခြေဆင်းကို အောက်ပါအတိုင်း အစားထိုး ရမည် -
“(ခ) ပုဒ်မ ၁၁ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၄) အရ အကျိုးခံစားခွင့်ဆက်ခံစေလိုသူကို သတ်မှတ်ခြင်းမရှိဘဲ အသင်းသားသေဆုံးလျှင်ဖြစ်စေ၊ အကြိုအသင်းသားသေဆုံး လျှင်ဖြစ်စေ ယင်း၏အကျိုးခံစားခွင့်နှင့် ကြွေးမြီအားလုံး၏ ပေးရန် သို့မဟုတ် ရရန် ရှိသည်တို့ကို အောက်ပါအစီအစဉ်အတိုင်း အသင်းက လွှဲပြောင်းပေးရမည် -”
၆။ သမဝါယမအသင်းဥပဒေ ပုဒ်မ ၁၇ ပုဒ်မခွဲ (စ)နှင့် (ဇ)တို့ကို အောက်ပါအတိုင်း အစားထိုးရ မည် -
“(စ) အသင်းသည် ပစ္စည်းစာရင်း၊ ငွေစာရင်း၊ အခြားစာရင်းဇယားနှင့် မှတ်တမ်းတို့ကို ပြုစုထိန်းသိမ်းထားရှိပြီး စာရင်းဇယားနှင့် အစီရင်ခံစာတို့ကို ဦးစီးဌာနသို့ သတ်မှတ် ချက်နှင့်အညီ ပေးပို့ခြင်း၊
(ဇ) အစိုးရဘဏ်ချေးငွေ သို့မဟုတ် နိုင်ငံတော်အထောက်အပံ့ရယူပြီး လုပ်ငန်းဆောင် ရွက်သော အသင်းဖြစ်ပါက ဦးစီးဌာန၏ စာရင်းစစ်ဆေးမှုအား ခံယူခြင်း။”
၇။ သမဝါယမအသင်းဥပဒေ ပုဒ်မ ၁၈ ပုဒ်မခွဲ (စ) ကို အောက်ပါအတိုင်း အစားထိုးရမည် -
“ (စ) ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဖြစ်စေ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၏ အကူအညီနှင့် အထောက်အပံ့ကို ရယူခွင့်ရှိခြင်း။”
၈။ သမဝါယမအသင်းဥပဒေ ပုဒ်မ ၂၂ ခြေဆင်းကို အောက်ပါအတိုင်း အစားထိုးရမည် -
“အသင်းသည် ဘဏ္ဍာရေးနှစ်အလိုက် အသားတင်အမြတ်၏ ငါးဆယ်ရာခိုင်နှုန်းကို အောက်ပါရန်ပုံငွေများအတွက် သင့်လျော်သလို ခွဲဝေထားရှိရမည် -”
၉။ သမဝါယမအသင်းဥပဒေ ပုဒ်မ ၂၃၊ ပုဒ်မခွဲ (ခ)၏ နောက်တွင် ပုဒ်မခွဲ (ဂ)၊ (ဃ)နှင့် (င) တို့ ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် -
“(ဂ) ကြွေးဆုံးလျာထားငွေ၊
(ဃ) အာမခံကြေးလျာထားငွေ၊
(င) အမှုဆောင်နှင့် အသင်းဝန်ထမ်းတို့အတွက် လစာနှင့်စရိတ်လျာထားငွေ။”
၁၀။ သမဝါယမအသင်းဥပဒေ ပုဒ်မ ၂၄ တွင် -
(က) ခြေဆင်းကိုအောက်ပါအတိုင်း အစားထိုးရမည် -
“အသင်းသည် ဘဏ္ဍာရေးနှစ်အလိုက် အသားတင်အမြတ်၏ ကျန်ငါးဆယ်ရာခိုင်နှုန်း အား အောက်ပါခွဲဝေငွေများအတွက် သင့်လျော်သလို သတ်မှတ်ပေးရမည် -”
(ခ) ပုဒ်မခွဲ(ဂ)ကို ပယ်ဖျက်ရမည်။
(ဂ) ပုဒ်မခွဲ(ဃ)ကို ပုဒ်မခွဲ(ဂ)အဖြစ် ပြောင်းလဲအမှတ်စဉ်ရမည်။
၁၁။ သမဝါယမအသင်းဥပဒေ အခန်း(၉)၏ နောက်တွင် အခန်း(၉-က)နှင့် အခန်း(၉-ခ)တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် -
“အခန်း(၉-က)
စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းနှင့် အယူခံခြင်း
၃၄ - က။ ညွှန်ကြားရေးမှူးချုပ်သည် ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများပါ သတ်မှတ်ချက်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်သော အသင်း၊ အသင်းသား သို့မဟုတ် အသင်းဝင်အား အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ အမိန့် တစ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည် -
(က) သတိပေးခြင်း၊
(ခ) ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊
(ဂ) အသင်းသား၊ အသင်းဝင်အဖြစ်မှ ထုတ်ပယ်ခြင်း၊
(ဃ) မှတ်ပုံတင်ကို ကာလအကန့်အသတ်ဖြင့် ယာယီရပ်ဆိုင်းခြင်း၊
(င) မှတ်ပုံတင်ပယ်ဖျက်ခြင်း။
၃၄ - ခ။ ပုဒ်မ ၃၄-က အရ ချမှတ်သောအမိန့်ကို ကျေနပ်မှုမရှိသော အသင်း၊ အသင်းသား သို့မဟုတ် အသင်းဝင်သည် အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း သတ်မှတ်ချက်များနှင့် အညီ ဝန်ကြီးထံ အယူခံတင်သွင်းခွင့်ရှိသည်။
၃၄ - ဂ။ ဝန်ကြီးသည် ပုဒ်မ ၃၄-က အရ ချမှတ်သော ညွှန်ကြားရေးမှူးချုပ်၏ အမိန့်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။ ဝန်ကြီး၏ အမိန့်သည် အပြီးအပြတ် ဖြစ်စေရမည်။
အခန်း(၉-ခ)
ပြစ်မှုနှင့် ပြစ်ဒဏ်
၃၄ - ဃ။ မည်သူမဆို အသင်းကိုဖြစ်စေ၊ အမှုဆောင်အဖွဲ့ သို့မဟုတ် အမှုဆောင် တစ်ဦးဦးကိုဖြစ်စေ၊ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းကိုဖြစ်စေ မမှန်မကန် တိုင်ကြားကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
၃၄ - င။ အသင်းသည် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းနှင့်ဖြစ်စေ၊ အသင်းအချင်းချင်းဖြစ်စေ၊ ပုဂ္ဂလိကနှင့်ဖြစ်စေ ချုပ်ဆိုထားသော စာချုပ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ပြီး ငွေကြေး သို့မဟုတ် ပစ္စည်းကို အလွဲသုံးစားပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ယင်းအသင်း၏ အမှုဆောင်အသီးသီးကို ခုနစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၅၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
၃၄ - စ။ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန် စည်းရုံးခြင်း သို့မဟုတ် လှုံ့ဆော်ခြင်းပြုလျှင်ဖြစ်စေ၊ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရာတွင် အားပေး ကူညီခြင်းပြုလျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ် ချမှတ်ခြင်းခံရမည်။”
၁၂။ သမဝါယမအသင်းဥပဒေပုဒ်မ ၃၅ တွင် ပါရှိသော “မြန်မာနိုင်ငံကုမ္ပဏီအက်ဥပဒေ” ဆို သည့် စကားရပ်ကို “မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၁၃။ သမဝါယမအသင်းဥပဒေ ပုဒ်မ ၃၆ ၏ နောက်တွင် ပုဒ်မ ၃၆ - က ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် -
“၃၆ - က။ အသက် ၆၂ နှစ်ပြည့်ပြီးသော အသင်းဝန်ထမ်းအား တာဝန်မှ အနားယူ ခွင့်ပြုရမည်။”
၁၄။ သမဝါယမအသင်းဥပဒေ ပုဒ်မ ၃၈ ကို အောက်ပါအတိုင်း အစားထိုးရမည် -
“၃၈။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် -
(က) သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်နိုင်သည်။”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ယာယီသမ္မတ