နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်ရှိ ခြေလျင်တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စုမှူးသင်တန်းသားများနှင့် ဗိုလ်လောင်းများအားတွေ့

Tuesday, February 24, 2026 - 16:15

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်ရှိ ခြေလျင်တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စုမှူးသင်တန်းသားများနှင့် ဗိုလ်လောင်းများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

          နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ်ရှိ ခြေလျင်တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စုမှူးသင်တန်းသားများနှင့်ဗိုလ်လောင်းများအား တပ်မတော်(ကြည်း)တိုက်ခိုက်ရေး ကျောင်း(ဗထူး)ရှိ အောင်ဆန်းခန်းမတွင် တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

          တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယ     ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နည်းပြအရာရှိများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် တပ်မတော်သား အားလုံး တိုက်ပွဲစွမ်းရည်နှင့် တိုက်ပွဲစွမ်းအား တိုးမြှင့်ရန် လိုအပ်မှုအခြေအနေများ၊ တိုက်ပွဲစွမ်းရည်တိုးတက်မှုရှိစေရေး စစ်သင်တန်းကျောင်းများတွင် စစ်ပညာရပ်များကို ဗိုလ်လောင်းဘဝ၊ တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး စသဖြင့်အဆင့်ဆင့် လေ့ကျင့် သင်ကြားပေးလျက်ရှိ‌ပြီး ကြိုးစား၍ လေ့လာ၊ လေ့ကျင့်ရန်နှင့် စစ်မြေပြင်တွင် လိုက်နာ အကောင်အထည်ဖော်ရန် လိုအပ်မှုအခြေအနေများ။

          ရန်သူကျင့်သုံးနေသည့် စစ်နည်းဗျူဟာများကို သင်ခန်းစာဖော်ထုတ်၍ တန်ပြန် စစ်ဆင်ရေးဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများ၊ တစ်ဦးချင်းကိုယ်စီ တိုက်ပွဲ စွမ်းရည်တိုးတက်မှသာ အဖွဲ့လိုက်မှစ၍ အဆင့်ဆင့် တိုးတက်လာမည့်အခြေအနေ များ၊ တစ်ဦးချင်းပြင်းပြင်းထန်ထန်လေ့ကျင့်ရေးမှစ၍ စစ်မြေပြင်တွင် တိကျစွာ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှသာ ရရှိလာမည့် တိုက်ပွဲစွမ်းရည်များ ကို ပိုမိုထိရောက်အောင်မြင်အောင် ရှိပြီးတိုက်ပွဲစွမ်းအားနှင့် ပေါင်းစပ်အသုံးပြု တတ်ရန် လိုအပ်မှုအခြေအနေများ၊ တိုက်ပွဲစွမ်းရည်နှင့် တိုက်ပွဲစွမ်းအား ဟန်ချက်ညီ ပေါင်းစပ်ဆောင်ရွက်တတ်မှသာ တိုက်ပွဲအောင်မြင်မည့် အခြေအနေများ။

          ကျန်းမာကြံ့ခိုင်မှ အလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် နေ့စဉ်ကိုယ်လက် လှုပ်ရှားမှုများ ကိုလည်း အမြဲမပြတ်လုပ်ဆောင်သွားကြရန်လိုအပ်သည့်အခြေအနေများ၊ သို့မှသာ ကိုယ်ကျန်းမာ စိတ်ချမ်းသာဖြင့် လုပ်ငန်းတာဝန်များနှင့် စိန်ခေါ်မှုအမျိုးမျိုးကို ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုတို့ဖြင့် အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်နိုင်မည် ဖြစ်သည့် အခြေအနေများ၊ လေ့ကျင့်သင်ကြားထားရှိသည့် စစ်အတတ်ပညာများ၊ စစ်နည်းဗျူဟာများကိုလည်း “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း လိုက်နာဆောင်ရွက်သွားကြရန်လိုအပ်သည့် အခြေအနေများ၊  ထိုသို့ အကြိမ်ကြိမ်အဖန်ဖန် လေ့ကျင့်မှသာ  ကျွမ်းကျင်မှုရှိ၍ မိမိကိုယ်ကို ယုံကြည်မှု ရှိလာမည်ဖြစ်ပြီး တိုက်ပွဲဝင်သည့်အခါ ရဲစွမ်းသတ္တိများဖြင့် အောင်ပွဲဝင်နိုင်မည် ဖြစ်သည့် အခြေအနေများ၊ ရဲစွမ်းသတ္တိသည် ပင်ကိုယ်ဗီဇပါသည့်သူ အနည်းငယ်သာ ရှိပြီး ကျန်းမာကြံ့ခိုင်မှု၊ စစ်နည်းဗျူဟာ ကျွမ်းကျင်မှုများဖြင့် မွေးမြူသွားကြရန် လိုအပ်သည့် အခြေအနေများ။

          စစ်စည်းကမ်းနှင့်ပတ်သက်၍ တပ်မတော်သားများ၏ အသက်ခန္ဓာသည် စစ်စည်းကမ်းနှင့် အမိန့်နာခံမှုပင်ဖြစ်‌သဖြင့်  စစ်စည်းကမ်းကို တိကျစွာလိုက်နာ၍ ပေးအပ်သော အမိန့်ကိုနာခံခြင်းဖြင့် ရည်မှန်းချက်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည်ဖြစ်သည့် အခြေအနေများ၊ စည်းကမ်းလိုက်နာမှု၊ ကျွမ်းကျင်မှု၊ နေထိုင်ပြောဆိုမှုကိုလိုက်၍ လက်အောက်၏ ယုံကြည်ကိုးစားမှု၊ လေးစားမှုကိုရရှိပြီး ခေါင်းဆောင်မှုကို ရရှိနိုင်မည်ဖြစ်သဖြင့် တပ်မတော်က ပြဌာန်းထားသည့် ခေါင်းဆောင်မှု အင်္ဂါရပ်(၁၆)ချက်ကို သိရှိလိုက်နာနေရန် လိုအပ်သည့်အခြေအနေများ၊ တပ်မတော် သားများသည် သစ္စာအဓိဌာန်(၄)ချက်ကို ရွတ်ဆိုနေကြသူများဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူကို သစ္စာခံထားသူများဖြစ်၍ ၂၄ နာရီပေးအပ်သည့် အမိန့်နှင့်တာဝန်များကို သင်ကြားလေ့ကျင့်ပေးသည့် စစ်ပညာရပ်များကိုအသုံးချ၍ ကျေပွန်စွာထမ်းဆောင် နိုင်ရန် လိုအပ်သည့် အခြေအနေများကို အကျယ်တဝင့် ဆွေးနွေးမှာကြားသည်။

          ဆက်လက်၍ တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့ကာ အပိုင်း(၃)ပိုင်းခွဲ၍ အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပြီး တရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့သည့် အခြေအနေများ၊ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးပြီဖြစ်သဖြင့် မကြာမီကာလအတွင်း လွှတ်တော်ခေါ်ယူ၍ အစည်း အဝေးကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းများကို နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းပြောကြား ခဲ့ကြောင်းသတင်းရရှိသည်။