မြစ်ကြီးနားလေဆိပ်မှ ခရီးသည်တင်လေယာဉ်အား KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက ယုတ်မာပက်စက်စွာ FPV suicide drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပေါ် အဖွဲ့အစည်းအသီးသီးမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများထုတ်ပြန်

Saturday, February 21, 2026 - 15:30

မြစ်ကြီးနားလေဆိပ်မှ ခရီးသည်တင်လေယာဉ်အား KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက ယုတ်မာပက်စက်စွာ FPV suicide drone များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပေါ် အဖွဲ့အစည်းအသီးသီးမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများထုတ်ပြန်

နေပြည်တော် ၊ ၂၀၂၆ ဖေဖော်ဝါရီ ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားလေဆိပ်သည် မြစ်ကြီးနားမှ ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအဝင် မြန်မာနိုင်ငံရှိ လေဆိပ်များရှိရာ အခြားမြို့ကြီး များသို့ ဆက်သွယ်သွားလာ ပျံသန်းလျက်ရှိပြီး ကချင်ပြည်နယ်ရှိ လေဆိပ်များအနက် ကုန်သွယ်ရေးနှင့်ခရီးသည် ဝန်ဆောင်မှုသွားလာရေးအတွက် အဓိကကျအရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည့် လေဆိပ်တစ်ခုလည်းဖြစ်သည်။

အဆိုပါ ကချင်ပြည်နယ်၏ အဓိကလေကြောင်းဗဟိုချက်တစ်ခုဖြစ်သော အများ ပြည်သူ သွားလာရေးနှင့် ကုန်စည်စီးဆင်မှုမြန်ဆန်စေရေးအတွက် များစွာအထောက် အကူပြုလျက်ရှိသည့်  မြစ်ကြီးနားလေဆိပ်အား  KIAအဖွဲ့နှင့် PDFအမည်ခံ အကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်တွင် FPV Suicide Drone များအသုံးပြု၍ ခရီးသွားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိစေရန် ယုတ်မာပက်စက်သော ရည်ရွယ်ချက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မြန်မာ အမျိုးသားလေကြောင်းလိုင်း(MNA)မှ မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ထွက်ခွာရန် အတွက် ခရီးသည်များတင်ဆောင်ပြီး ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေသည့် ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်းနှင့် နောက်မီးပိုင်းတို့တွင် ဗုံးစထိမှန် ပျက်စီးခဲ့ပြီး လေယာဉ်ခရီးစဉ်ရပ်နားခဲ့ရသည်။

အကြမ်းဖက်အဖွဲ့များအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူ အသုံးပြုလျက်ရှိသော အရပ်ဘက်လေကြောင်းလိုင်းအား ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခဲ့ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည် ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ် များအပေါ် ဒေသခံပြည်သူများအပြင် တစ်နိုင်ငံလုံးရှိ ပြည်သူလူထု တစ်ရပ်လုံးကပါ လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ စက်ဆုတ်ရွံရှာစွာ ဝိုင်းဝန်းကန့်ကွက် ရှုတ်ချလျက်ရှိသည်။

ထို့ပြင် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်းဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်း အသင်းတော် (ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူ ဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)၊ သနန္တဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ပိန္နဲကုန်းရခိုင်ဂျာမေ ဗလီ၊ ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဟာသ ပညာရှင်များ အစည်းအရုံး၊ မြန်မာ-ရှိအာဟ်မွတ်ဆလင်(မ်)ဘာသာရေးအဖွဲ့ (ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)တို့ကလည်း ပြင်းထန်စွာကန့်ကွက် ရှုတ်ချပါကြောင်း သဘောထား များ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သိရှိရသည်။