ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နှင့် လေရှီးမြို့တို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေးပြောကြား
ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာတွင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တစ်စုတစ်စည်းတည်း လျှောက်လှမ်းရန်လိုအပ်
နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ နှင့် လေရှီးမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား သက်ဆိုင်ရာ ခန်းမများ၌ သီးခြားစီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေး ပြောကြားသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးနှင့် အဖွဲ့ဝင်များသည် လဟယ်မြို့နှင့် လေရှီးမြို့ တို့သို့ ရောက်ရှိကြရာ ဒေသခံတိုင်းရင်းသားပြည်သူများက ရင်းနှီးနွေးထွေးစွာကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက သက်ဆိုင်ရာခန်းမများ၌ သီးခြားဆီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲ အခမ်းအနားများသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ၏ ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ လဟယ်မြို့နှင့် လေရှီးမြို့တို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်များအား အသီးသီးဆွေးနွေးတင်ပြ
ဦးစွာ လဟယ်မြို့နှင့် လေရှီးမြို့တို့မှ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း နှင့် လေရှီးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမောင် တို့က ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသတည်ငြိမ်အေးချမ်း ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့မှု၊ နာဂဒေသအတွင်း မြေအသုံးချမှုနှင့် ပျမ်းမျှမိုးရေ ရရှိမှု၊ ကဏ္ဍကြီးများအလိုက် ကုန်ထုတ်လုပ်မှုများ တိုးတက်ထုတ်လုပ်နိုင်ခဲ့မှု၊ ရာသီ အလိုက် သီးနှံများစိုက်ပျိုးလျက်ရှိမှု၊ ဒေသဝမ်းစာဖူလုံမှု၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးရန်ပုံငွေများ ထုတ်ချေးပေးထားမှု၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်လျက်ရှိမှု၊ ဒေသ တစ်ခု ထုတ်ကုန်တစ်ခု(OROP)ဖြင့် ရိုးရာအထည်များနှင့် စားသောက်ကုန်များ ထုတ်လုပ် ရောင်းချလျက်ရှိမှု၊ နာဂဒေသအဆင့်နှင့် သင့်လျော်သည့် ဌာနဆိုင်ရာအဖွဲ့များအား လိုအပ်သလို တိုးမြှင့်ဖွဲ့စည်းပေးစေလိုမှု၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ခန်းမ ဆောက်လုပ်ပေးစေလိုမှု၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဌာနဖွဲ့စည်း ပေးစေလိုမှု၊ တယ်လီဖုန်းဆက်သွယ်မှုများပိုမိုကောင်းမွန်စေရေး ဆောင်ရွက်ပေးစေ လိုမှု၊ နယ်စပ်ကုန်သွယ်ရေးကိစ္စရပ်များ၊ လေရှီး မြို့ပေါ် ရပ်ကွက်အချို့နှင့် ကျေးလက် ဒေသများ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး မတူဂီရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစက်ရုံအတွက် ရေလုံလောက်စွာရရှိရေး အဆင့်မြင့်ရေလှောင်ကန်နှင့် အဆင့်မြင့်စက်ပစ္စည်းများ ဖြည့်ဆည်းတည်ဆောက် ပေးစေလိုမှု၊ နာဂဒေသ တည်ငြိမ် အေးချမ်းရေးအတွက်ဒေသခံများအနေဖြင့် တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိမှု၊ ချင်းတွင်းတံတား(ထမံသီ)အား ဖွင့်လှစ်ပေးမှုအတွက် ဒေသခံပြည်သူများ အနေဖြင့် ကျေးဇူးတင်ရှိမှု၊ ထမံသီ-လေရှီး-ဆွမ္ပရာ လမ်းကြောင်းအား ရာသီမရွေး သွားလာနိုင်ရေး ဆောင်ရွက်ပေးစေလိုမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက ပြန်လည်ရှင်းလင်းဆွေးနွေး
ထို့နောက်တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လဟယ်ဒေသအတွင်း ဆက်သွယ်မှု များ အဆင်ပြေချောမွေ့စေရေး တတ်နိုင်သမျှဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှုနှင့် ဆက်လက်၍ ပိုမိုကောင်းမွန် အောင်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့်အခြေအနေ များ၊ဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်စေရေးအတွက် စိုက်ပျိုးရေး နှင့်မွေးမြူရေးသိပ္ပံ(ဟုမ္မလင်း)၌ နာဂဒေသမှ ကျောင်းသား၊ ကျောင်းသူများအား အထူး ကိစ္စတစ်ရပ်အနေဖြင့် သင်ကြားခွင့်ပြုပေးထားမှု၊ ဒေသစိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် ကုန်းမြင့်လယ်ယာများ တတ်နိုင်သမျှဖော်ထုတ်ပေးလျက်ရှိမှု၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း စက်မှု၊ စိုက်ပျိုးမွေးမြူရေးအခြေခံပညာ အထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသဖြင့် ဒေသအလိုက် စိုက်ပျိုး မွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာနိုင်မှု၊ ဒေသန္တရ မွေးမြူရေးလုပ်ငန်း များကို စနစ်တကျဖြင့် မွေးမြူဆောင်ရွက်စေလိုမှု၊ စိုက်ပျိုးရေများလုံလောက်စွာ ရရှိရေး ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိမှု၊ ဘက်စုံသုံးခန်းမအား မြေနေရာအပေါ် မူတည်၍ ဆောက်လုပ်နိုင်ရေး တင်ပြဆောင်ရွက်သွားမည့် အခြေအနေများ၊ လမ်းပန်း ဆက်သွယ်မှုများ ကောင်းမွန်စေရေး ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ ရိုးရာယဉ်ကျေးမှု ကွင်းတည်ဆောက်ရေးနှင့်ပတ်သက်၍ ဘဏ္ဍာရေး နှစ်အလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ လဟယ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်မှုများကောင်းမွန်စေရေး ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊ ဌာနဆိုင်ရာများတိုးချဲ့ဖွဲ့စည်းလိုမှုနှင့်ပတ်သက်၍ ဆက်လက် တင်ပြ ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြား
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက ဆွေးနွေးပြောကြားရာတွင် မိမိအနေဖြင့် နာဂဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည်များဆောင်ရွက်ပေးနိုင်ရန်အတွက် လာရောက်ခဲ့ ခြင်းဖြစ်ကြောင်း၊ လဟယ်မြို့တွင် ရိုးရာပွဲတော် ကျင်းပပြုလုပ်ရန်အတွက် ပွဲတော် ကွင်းနှင့် ဘက်စုံသုံးခန်းမတည်ဆောက်ရန်အတွက် ဆက်လက်ဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း၊ နာဂဒေသအတွင်း လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေရေး ပြည်မအတွင်းသို့ ဆက်သွယ်သည့်လမ်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်မှုများ အဆင်ပြေစေရေးအတွက် ချင်းတွင်း မြစ်ကူးတံတား(ထမံသီ)ကို ယနေ့တွင် ဖွင့်လှစ်ပေး နိုင်ခဲ့ပြီဖြစ်ကြောင်း။
နာဂဒေသသည် သွားလာရန်ခက်ခဲသဖြင့် လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန် စေရေး လမ်းများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင် ရွက်စေလျက်ရှိကြောင်း၊ အလားတူ လဟယ်ဒေသနှင့် နန်းယွန်းဒေသသို့ဆက်သွယ် သည့်လမ်းအားရာသီမရွေးသွားလာနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်မသို့ ဆက်သွယ်သည့်လမ်းများ အဆင်ပြေချောမွေ့စွာဖြင့်သွားလာနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်မှုအခက်အခဲများကြောင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် အခက်အခဲများရှိကြောင်း၊ ထို့ကြောင့် ဒေသတွင်းလမ်းပန်းဆက်သွယ်မှုများ လုံခြုံချော မွေ့စေရေး မိမိတို့အနေဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
လဟယ်မြို့နယ်ဆေးရုံအတွက် ဆရာဝန်လိုအပ်ချက်နှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ်မှ စတင်၍ နာဂဒေသအတွက် ဆရာဝန်လိုအပ်ချက်များရှိခြင်းကြောင့် တပ်မတော် အထူးကု ဆရာဝန်များကို စေလွှတ်ပေးခဲ့ကြောင်း၊ လိုအပ်ချက်များရှိပါက မိမိတို့အနေဖြင့် ထပ်မံ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဆေးရုံရှိပါက ဆရာဝန်ရှိရမည် ဖြစ်သဖြင့် ဆရာဝန်များ ခန့်အပ်ပေးသွားမည်ဖြစ်ကြောင်း၊ ဆေးရုံအတွက် လိုအပ်သည့် ကုသရေးဆိုင်ရာ ပစ္စည်းများကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
စာသင်ကျောင်းများအတွက် ဆရာ၊ ဆရာမများ လိုအပ်မှုနှင့်ပတ်သက်၍ အလယ် တန်းပြ ဆရာ၊ ဆရာမများ ပိုမိုလိုအပ်လျက်ရှိသည်ကိုတွေ့ရကြောင်း၊ ဆရာ၊ ဆရာမ များဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နာဂဒေသ အတွင်း ပညာရေးနှင့်ပတ်သက်၍ ပညာတတ်များပေါကြွယ်ဝစေရေး ပညာရေးကို အားပေး ဆောင်ရွက်သွားကြစေလိုကြောင်း၊ စာရင်းဇယားများအရ တန်းစဉ်ကူးပြောင်း မှုများ နည်းပါးသည်ကိုတွေ့ရကြောင်း၊ ပညာသင်ကြားရာတွင် ဘာသာစကားအရ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်ကိုတွေ့ရှိရသဖြင့် လူကြီးမိဘများ၊ တာဝန်ရှိသူများ အနေဖြင့်လည်း မိမိတို့နိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာစကားကို ကလေး ငယ်များ တတ်ကျွမ်းစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ သို့မှသာ ပညာ သင်ကြားမှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ အလားတူ အချို့ကျောင်းနေ အရွယ် ကလေးငယ်များသည် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားရန် ပျက်ကွက်နေ ကြသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် အုပ်ချုပ်ရေး ဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့် ကျောင်းနေအရွယ် ကလေးငယ်များအားလုံး အတန်းပညာသင်ကြားနိုင်ရေး ဝိုင်းဝန်း တိုက်တွန်း ဆောင်ရွက်ပေးကြစေလိုကြောင်း။
နာဂဒေသတွင် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများအတွက် လူသားအရင်း အမြစ်များ ပေါကြွယ်ဝလာစေရေး စက်မှု၊ စိုက်ပျိုးမွေးမြူရေး အခြေခံပညာအထက် တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေး ခြင်းဖြင့် ဒေသအတွက် လိုအပ်သည့် စိုက်ပျိုးမွေးမြူရေးပညာရှင်များ မွေးထုတ်ပေးနိုင် မည်ဖြစ်ကြောင်း၊ မိမိတို့၏ သားသမီးများအား ပညာတတ်လူသားအရင်းအမြစ်များ အဖြစ် ဆောင်ရွက်ပြီး ၎င်းတို့၏အနာဂတ်ဘဝတိုးတက်ရေး အတွက်ဆောင်ရွက်ပေး ကြစေလိုကြောင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပြီးစီးပါက ဟုမ္မလင်းမြို့ရှိစိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံသို့ တက်ရောက် ပြီး ဒီပလိုမာဘွဲ့များရရှိအောင် ဆက်လက်သင်ကြားနိုင်ကြောင်း၊ ထို့ကြောင့် ကျောင်း တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများအားလုံး ပညာပြီးဆုံးအောင် သင်ကြားနိုင်ရေး နိုင်ငံတော်မှလည်း တတ်နိုင်သမျှဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
လေရှီးဒေသနှင့် လဟယ်ဒေသတွင် ဝမ်းစာဖူလုံမှု မရှိသည်ကိုတွေ့ရကြောင်း၊ ဒေသဝမ်းစာဖူလုံရေးသည် အရေးကြီးလိုအပ်ချက်ဖြစ်သဖြင့် ကုန်းမြင့်လယ်များကို မဖြစ်မနေ ဖော်ဆောင်ပေးသွားမည်ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ် သည့် အောင်ရေများရရှိအောင် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လဟယ် ဒေသတွင် ဝဥ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်သည်ဟု သိရှိရကြောင်း၊ ဝဥ မှဝဥဆန်ထုတ် လုပ်၍ရသဖြင့် ဝဥ စိုက်ပျိုးရေးကိုတိုးချဲ့စိုက်ပျိုးနိုင်ရေး သုတေသနပြုဆောင်ရွက်သွား ရန်လိုကြောင်း၊ နိုင်ငံတော်မှလည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ အလားတူ ပြောင်းနှင့် အာလူးများကိုလည်းတိုးချဲ့စိုက်ပျိုးသွားရန်လိုကြောင်း၊ဒေသမှထွက်ရှိသည့် လက်ဖက်၊ မက်မန်း၊ ကော်ဖီ၊ လိမ္မော်နှင့် ထောပတ်ပင်များသည် နှစ်ရှည်သီးနှံများဖြစ်ပြီး ဒေသ အတွက်ဝင်ငွေများရရှိနိုင်မည်ဖြစ်သဖြင့် တိုးတက်စိုက်ပျိုး ထုတ်လုပ်သွားနိုင်ရန်လိုကြောင်း။
မွေးမြူရေးနှင့်ပတ်သက်၍ စားရေးကိုအထောက်အကူပြုစေမည့် နွားနောက်၊ ဒေသန္တရကြက်နှင့် ဝက်များကို တိုးချဲ့မွေးမြူနိုင်ရေး ဆောင်ရွက်သွားကြမည်ဆိုပါက ဒေသဝမ်းစာအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ဒေသအတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များဖြင့် MSME ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်သဖြင့် ဒေသ၏ဝင်ငွေကို တိုးတက်ရရှိစေမည်ဖြစ်ကြောင်း၊ ဒေသတွင်း ရှိပြီးဖြစ်သည့် ဝါးနှင့် ကြိမ်များကို ဒေသပြင်ပသို့ ကုန်ကြမ်းအဖြစ်တင်ပို့ခြင်းထက် ဒေသတွင်း၌ပင် ထုတ်လုပ်နိုင်သည့် ဝါးပျော့ဖတ်လုပ်ငန်းနှင့် ကြိမ်အချော ထည်လုပ် ငန်းများကိုဆောင်ရွက်၍ ရောင်းချနိုင်ပြီး နိုင်ငံတော်မှလည်း ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ဒေသတွင်းဝင်ငွေတိုးတက်ရရှိအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ဒေသတိုးတက်ရေးကိုများစွာအထောက်အကူပြုစေမည်ဖြစ်သဖြင့် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ဒေသတွင်း ပညာတတ်လူသားအရင်း အမြစ်များလိုအပ်သဖြင့်ပညာရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ပညာတတ် လူသားအရင်းအမြစ်များ ပေါများကြွယ်ဝလာခြင်းအားဖြင့် တစ်ဦးချင်းသော်လည်း ကောင်း၊ ဒေသအတွက်သော်လည်းကောင်း အနာဂတ်ကို ကောင်းမွန်တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာတွင် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် အားလုံးကတစ်စုတစ်စည်းတည်း လျှောက်လှမ်းရန်လို
နိုင်ငံရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်ပြီး မကြာမီက ပါတီစုံ ဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ ရွေးချယ်ခံအစိုးရအနေဖြင့် ၅ နှစ်လျှင်တစ်ကြိမ်အပြောင်းအလဲရှိနိုင်သော်လည်း နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်နေရ မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း မည်သည့်အစိုးရတက်လာသည်ဖြစ်စေ နိုင်ငံတော်၏အကျိုးကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ့အရေး အတွက် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်ထောင်စုကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ တော်တာဝန်များကို ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း။
မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်နေထိုင်သူများက အမှန် တကယ် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့ဒေသတည်ငြိမ်အေးချမ်းရေး နှင့် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်သွားကြရန်နှင့် ဒီမြေမှာမွေး၊ ဒီရေကို သောက်ကြသူများဖြစ်သဖြင့် ဒေသအကျိုးနှင့် နိုင်ငံ့အကျိုးအတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်း ရာတွင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အားလုံးကတစ်စုတစ်စည်းတည်း လျှောက်လှမ်း ရန်လိုအပ်သဖြင့် ပြည်ထောင်စုစိတ်ဓာတ်မွေးမြူ၍ နိုင်ငံတော်အတွက် အကောင်းဆုံး ဖြစ်အောင်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌက လဟယ်မြို့နယ်နှင့် လေရှီးမြို့နယ်တို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိ သူများအတွက် လက်ဆောင်ပစ္စည်းများပေးအပ်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌထံ နာဂရိုးရာ ခေါင်းပေါင်း၊ ခြုံထည်နှင့် ရိုးရာလက်ဆောင်ပစ္စည်းများအား ဂါရဝပြု ဆင်မြန်း ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌ သည် တွေ့ဆုံပွဲအခမ်းအနားများသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။







