နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ အမျိုးသား ၁၄၁ ဦးနှင့်   အမျိုးသမီး ၉ ဦး၊ ပေါင်း ၁၅၀ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက် န

Friday, February 13, 2026 - 17:00

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ အမျိုးသား ၁၄၁ ဦးနှင့်   အမျိုးသမီး ၉ ဦး၊ ပေါင်း ၁၅၀ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်

နေပြည်တော် ၊ ၂၀၂၆ ဖေဖော်ဝါရီ ၁၃

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ အမျိုးသား ၁၄၁ ဦးနှင့် အမျိုးသမီး ၉ ဦး၊ ပေါင်း ၁၅၀ ဦး  တို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြပြီး တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့တွင် မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အပါအဝင် အဖွဲ့ အစည်းအမျိုးမျိုးအမည်ခံအဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့်အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကိုလက်မခံနိုင်တော့ ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊  အနေအစားဆင်းရဲ၍ ပင်ပန်း ဆင်းရဲစွာနေထိုင်ရခြင်းနှင့်တပ်မတော်၏တိုက်စစ်ကိုခုခံနိုင်ခြင်းမရှိတော့ဘဲ စိတ်ဓာတ် ကျဆင်းလာခြင်းတို့အပြင်နိုင်ငံတော်နှင့် တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြု လိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဉပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသည့် မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား(၁၂)ဦး၊ အမျိုးသမီး(၃)ဦး၊ အမရပူရ မြို့နယ်မှ အမျိုးသား(၁၃)ဦး ၊ အမျိုးသမီး(၂)ဦး၊ တံတားဦးမြို့နယ်မှ အမျိုးသား(၇)ဦး၊ ငါန်းဇွန်မြို့နယ်မှ အမျိုးသား(၁)ဦး၊ စဉ့်ကိုင်မြို့နယ်မှ အမျိုးသား(၁၂)ဦး၊ နွားထိုးကြီး မြို့နယ်မှ အမျိုးသား(၅)ဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား(၂၈)ဦး၊ အမျိုးသမီး (၁)ဦး၊  မိုးကုတ်မြို့နယ်မှ အမျိုးသား(၁)ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား(၃၈)ဦး၊ အမျိုး သမီး (၃)ဦး၊ တောင်သာမြို့နယ်မှ အမျိုးသား(၂)ဦး၊ ချောက်မြို့နယ်မှ အမျိုးသား(၄)ဦး၊ ပွင့်ဖြူမြို့နယ်မှ အမျိုးသား(၇)ဦး၊ စလင်းမြို့နယ်မှ အမျိုးသား(၂)ဦး၊ စေတုတ္တရာ မြို့နယ်မှ အမျိုးသား (၄)ဦး၊ အောင်လံမြို့နယ်မှ အမျိုးသား(၁)ဦး၊ သရက်မြို့နယ်မှ အမျိုးသား(၁)ဦး၊ မင်းတုန်းမြို့နယ်မှ အမျိုးသား(၃)ဦး၊ စုစုပေါင်း အမျိုးသား (၁၄၁)ဦးနှင့် အမျိုးသမီး(၉)ဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ ရန်အောင်မြင် ခန်းမ၌ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေပုဒ်မများနှင့်ပက်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင် ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် မောင်းပြန်ရိုင်ဖယ် ၁၅ လက်၊ RPG ၁ လက်၊ လက်လုပ် သေနတ်၂ လက်၊ လက်ပစ်ဗုံးနှင့်ဗုံးသီးမျိုးစုံ ၁၉ လုံး၊ စကားပြောစက် ၅ လုံး၊ ကျည်အိမ် ၃၅ ခု၊ ကျည် ၉၇၂ တောင့်နှင့် ကျည်ကာအင်္ကျီ ၄ ထည်တို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများအား မောင်းပြန်ရိုင်ဖယ်တစ်လက်နှုန်းအတွက်ဆုကြေးငွေသိန်း ၅၀ နှုန်းဖြင့် ၁၅ လက်အတွက် ငွေကျပ် သိန်း ၇၅၀ ၊ RPG သေနတ် ၁ လက်အတွက် ဆုကြေးငွေကျပ် ၇၅ သိန်း၊ လက်လုပ်သေနတ် တစ်လက်နှုန်းအတွက် ဆုကြေးငွေ  ၅ သိန်းနှုန်းဖြင့် သေနတ် ၂ လက်အတွက် ငွေကျပ် ၁၀ သိန်း၊ လက်ပစ်ဗုံးနှင့်ဗုံးသီးမျိုးစုံ တစ်လုံးစီအတွက် ဆုကြေးငွေ ကျပ် ၃ သိန်း နှုန်းဖြင့် လက်ပစ်ဗုံးနှင့်ဗုံးသီးမျိုးစုံ ၁၉ လုံး အတွက် ငွေကျပ် ၅၇ သိန်း၊ စကားပြောစက် တစ်လုံးနှုန်းအတွက် ဆုကြေးငွေ ၂ သိန်း နှုန်းဖြင့် စကားပြောစက် ၅ လုံးအတွက်  ဆုကြေးငွေကျပ် ၁၀ သိန်း၊ ကျည်ကာ အင်္ကျီ တစ်ထည်နှုန်းအတွက် ဆုကြေးငွေ ၂ သိန်း နှုန်းဖြင့် ကျည်ကာအင်္ကျီ ၄ ထည် အတွက် ဆုကြေးငွေကျပ် ၈ သိန်းနှင့် လက်နက်မပါသူများအား တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် ၁၃၃ ဦးအတွက် ဆုကြေးငွေကျပ် ၁၃၃ သိန်း၊ စုစုပေါင်း ငွေကျပ် ၁၀၄၃ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ထပ်မံထောက်ပံ့ပေးအပ်ကာ ခံဝန်ကတိလက်မှတ် ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူများမှ အပ်နှံထားသော လက်နက် ခဲယမ်းများအား ကြည့်ရှစစ်ဆေး၍ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ 

            ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အလင်းဝင် အင်တာဗျူး(၁၃-၂-၂၀၂၆)

၁။      အကြမ်းဖက်အဖွဲ့အစည်းထဲ ရောက်ရှိရတဲ့အကြောင်းအရင်းက ကျွန်တော်အလုပ် လုပ်မယ်ဆိုပြီးတော့ သူငယ်ချင်းတွေနဲ့ ချိတ်ထားပါတယ်။ သူငယ်ချင်းတွေက အကြမ်းဖက်အဖွဲ့ အစည်းထဲသွားမယ်လုပ်ထားပါတယ်။ မသိခဲ့ပါဘူး။ ဟိုရောက်တော့ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်နေပါတယ်။ ကျွန်တော်အိမ်ပြန်ချင်တယ်ပြောတော့ကျွန်တော်ကို ပြန်မပို့ပါဘူး။ အရှင်ထွက် မရှိဘူး အသေထွက်ပဲရှိတယ်လို့ပြောပါတယ်။ နောက်ပြီး ကျွန်တော့်ကိုလည်း ပြေးရင် ပစ်သတ်မယ်၊ မိဘတွေကိုလည်း လိုက်ရှာပြီး သတ်မယ်လို့လည်း ပြောပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် အကြမ်းဖက် အဖွဲ့အစည်းထဲ ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်း နဲ့ တပ်မတော်နဲ့ တိုက်ပွဲတွေ ထိတွေ့မှုတွေရှိပါတယ်။ ဆုတ်ခွာရတဲ့နယ်မြေတွေလည်း များ ပါတယ်။ ကျွန်တော် တို့ကို ဆက်ကြေးတွေကောက်ခိုင်းပါတယ်။ နွားထိုးကြီးမြို့နယ်ဘေးနား က ရွာနီးစပ်ရာ ရွာတွေအိမ်တွေဆိုရင်လည်း ကောက်ရပါတယ်။ တစ်လကို ၅ သောင်း ၊ ၇ သောင်း ၊ ၁ သိန်း အဲဒီလိုကောက်ရပါတယ်။ နိုင်ငံခြားမှာ သွားပြီးအလုပ်လုပ်တဲ့ သူတွေကိုလည်း ကောက်ရပါတယ်။ အဲဒါတွေဆိုရင်တစ်လကို ၁၀ သိန်း ၊ ၁၂ သိန်း ၊ သိန်း ၃၀ ကောက်ရပါတယ်။ အဲလိုမျိုးမပေးဘူး။ သူတို့တောင်းတဲ့အချိန်မပေးဘူး မကြည်ဖြူတဲ့ ပုံစံတွေလုပ်ရင် အဲဒီလူကို ဒလန်ဆိုပြီး သတ်ပါတယ်။ ပြီးရင် မီးရှို့ဖျက်ဆီးပါတယ်။ ဒလန်ဆိုပြီးသတ်တဲ့နေရာမှာလည်း သတ်တဲ့အဖွဲ့က သပ်သပ်ကိုရှိပါတယ်။ အဲ့ဒါကြောင့်မလို့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို ကျွန်တော်မကြိုက်ပါဘူး။ တပ်မတော်ထံလာရင်သတ်မယ် မိဘတွေကို နှိပ်စက်မယ် ၊ ကောင်း ကောင်းမနေရဘူး၊ ကောင်းကောင်းမစားရဘူး၊ အဲ့ဒီလိုမျိုးတွေလည်း ပြောပါတယ်။ တကယ် တမ်းမဟုတ်ပါဘူး။ လိုလေသေးမရှိအောင်ထားပါတယ်။ နောက်တစ်ခုက ကိုယ့်ညီအကိုမောင် နှမလို ၊ ကိုယ့်တူကိုယ့်သားလိုလည်း စောင့်ရှောက်ပါတယ်။ ကျွန်တော်တို့အလင်းဝင်လာတော့ လည်း သူတို့ကလည်း နွေးနွေးထွေးထွေးနဲ့ကြိုဆိုပါတယ်။ ဒါကတော့ ကျွန်တော်မျက်မြင်ကိုယ် တွေ့ပါ။ တောထဲက ညီအကိုမောင်နှမတွေအားလုံးကိုလည်း ကျွန်တော်မှာချင်ပါတယ်။ နီးစပ် ရာစစ်ကြောင်း၊ နီးစပ်ရာ ဌာနဆိုင်ရာ၊ နီးစပ်ရာအရပ်တွေကို သွားပြီးတော့ အမြန်ဆုံးချိတ်ဆက် ပြီး အလင်းဝင်ဖို့ ဖိတ်ခေါ်ပါတယ်။

၂။ သင်တန်းတက်နေစဉ်ကာလအတွင်းမှာပဲ သင်တန်းဆရာတွေရဲ့ ခွဲခြားဆက်ဆံတာတွေကို လည်းခံခဲ့ရပါတယ်။ အဲဒီအထဲမှာလည်း ထွက်ပြေးဖို့တော့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်အရှေ့မှာ‌ပြေးတဲ့သူတွေကလည်းရှိတယ်။ ဒါပေမယ့် သူတို့လည်း ပြန်မိတယ်။ ပြန်မိတော့ ကြိုးတွေနဲ့တုပ်ပြီး သေလောက်အောင်ရိုက်နှက်တာတွေလည်း ကိုယ်တိုင်မြင်ခဲ့တွေ့ခဲ့ရပါတယ်။ မြင်တွေ့တော့ ငါလည်းပြေးမယ်ဆိုလို့ရှိရင် သူတို့လိုပဲပြန်မိမယ်ဆိုပြီးတော့ သင်တန်းကို ကျိတ် မှိတ်ပြီးတော့ တက်ခဲ့ရပါတယ်။ တာဝန်ထမ်းဆောင်တဲ့အချိန်မှာလည်း အဲဒီအကြမ်းဖက်ခေါင်း ဆောင်တွေရဲ့ ပြည်သူတွေကို နှိပ်ဆက်မှုတွေ၊ မတရားငွေကြေးကောက်ခံမှုတွေ ပြီးတော့ရရှိလာ တဲ့ ငွေကြေးတွေကို ပြည်သူတွေအတွက် ပြန်လည်အသုံးပြုတာမရှိဘဲနဲ့ သူတို့ရဲ့ကိုယ်ကျိုး အတွက် အသုံးပြုတာတွေကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ လည်း ကျွန်မ အဲဒီအကြမ်းဖက်အဖွဲ့အစည်းက ထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ အဲဒီကနေတဆင့် တကောင်းဘက်ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရ ပါတယ်။ တကောင်းဘက်မှာလည်း အဲဒီလိုပဲ အကြမ်းဖက်ခေါင်းဆောင်တွေရဲ့ ပြည်သူတွေ အပေါ် နှိပ်စက်မှုတွေ၊ ငွေကြေးကောက်ခံမှုတွေကိုလည်း အရင်နည်းအတိုင်းပဲ မြင်တွေ့ခဲ့ ရပါတယ်။ အဲဒီမှာပဲ ကျွန်မအနေနဲ့အရဲစွန့်ပြီး မန္တလေးဘက်ကိုထွက်ပြေးလာခဲ့ပါတယ်။ လမ်းမှာလည်း ကိုးရက်လောက် အချိန်ကြာမြင့်ခဲ့ပါတယ်။ ခက်ခက်ခဲခဲကျော်ဖြတ်လာပြီးတော့ တပ်မတော်ထံမှာ အလင်းဝင်ခဲ့ပါတယ်။ တပ်မတော်မှာ အလင်းဝင်တဲ့အခါမှာလည်း ကျွန်မ တို့ကို နွေးနွေးထွေး ထွေးကြိုဆိုပါတယ်။ တကယ့်မိသားစုအရင်းအခြာတွေလိုလည်း ဆက်ဆံ ပါတယ်။ သူတို့ဟိုမှာ အကြမ်းဖက်အဖွဲ့အစည်းထဲမှာနေတုန်းကလိုမျိုး သူတို့မှို်ငးသွင်းထားတာ တွေရှိပါတယ်။ မင်းတို့ တပ်မတော်မှာအလင်းဝင်မယ်ဆိုလို့ရှိရင် မင်းတို့ကိုသတ်မယ်။ မိန်းခလေးတွေဆိုလို့ရှိရင်လည်း အတင်းအဓမ္မမုဒိန်းကျင့်တာတွေရှိမယ်။ မိသားစုတွေကိုလည်း သတ်ဖြတ်တာတွေရှိတယ်ဆိုပြီးတော့ သူတို့မှိုင်းသွင်းထားတွေရှိပါတယ်။ ဒါပေမယ့် တပ်မတော် ထံမှာ အလင်းဝင်တဲ့အခါမှာ အဲဒီလိုမျိုးတွေမရှိပါဘူး။ ကျွန်မတို့ကို နွေးနွေးထွေးထွေး ဆက်ဆံပါတယ်။ တောထဲမှာကျန်ခဲ့တဲ့ ကျွန်မရဲ့သူငယ်ချင်းတွေကိုလည်း အမြန်ဆုံးအမြင်မှန် ရပြီးတော့ တပ်မတော်နဲ့ပူးပေါင်းဖို့၊ တပ်မတော်ထံအလင်းဝင်ဖို့လည်းဖိတ်ခေါ်ချင်ပါတယ်။

၃။ ကျွန်မသားလေးက လွန်ခဲ့တဲ့(၂)လ၊ (၃)လလောက်က ပျောက်သွားပါတယ်။ ပျောက်တဲ့ တစ်ရက်ကတော့ လိုက်မရှိခဲ့ပါဘူး။ ဒီလိုပဲအပေါင်းအသင်းတွေနဲ့သွားတယ်လိုပဲမှတ်ခဲ့ပါတယ်။  နောက်နေ့တစ်ရက်သွားရှာကြတော့ အနောက်ဘက်ကလူတွေကပြောပါတယ်။ ဒီကလေးတွေ အနောက်ဘက်ကူးသွားတယ်ပြောတော့ ကျွန်မတို့မလိုက်သွားရဲတဲ့အတွက် အုပ်ချုပ်ရေးမှုးကို အကြောင်းကြားပါတယ်။ အုပ်ချုပ်ရေးမှုးကနေ အဲဒါဆိုရင် သက်ဆိုင်ရာကိုသွားပြီးသတင်း ပေးမယ်ဆိုပြီး ကျွန်မတို့ကိုခေါ်သွားပါတယ်။ ခေါ်သွားတဲ့အတွက် ဆရာတွေကလည်း အဲဒါဆို အမကြီးရဲ့သားလေးက အသက်က ၁၂/ ၁၃ နှစ်ပဲရှိသေးတာကြောင့် အသက်မပြည့်သေးတဲ့ အတွက် အဆက်အသွယ်လုပ်လာရင် ကျွန်တော်တို့ကို အကြောင်းကြားပါဆိုပြီး ကျွန်မတို့ကို အိမ်ကိုပြန်ပြီး အေးအေးဆေးဆေးနေထိုင်ခွင့်ပေးပါတယ်။ လွန်ခဲ့တဲ့ ၅ ရက်လောက်က ကျွန်မသားလေး ကျွန်မဆီကိုပြန်လာခဲ့ပါတယ်။ သူပြန်လာတော့ ကိုယ့်သားသမီး ကိုယ့်ရင်ခွင် ထဲကိုပြန်လာတဲ့အတွက် ကျွန်မဝမ်းလည်းသာပါတယ်။ ဒါပေမယ့် ကျွန်မတစ်ချက်စဉ်းစား တာက ကျွန်မသားလေးက အမှောင်နယ်မြေက ပြန်လာတဲ့အတွက် သူတို့ပြေသလိုပဲ ရိုက်မယ် ချွတ်မယ်ပဲထင်ခဲ့ပါတယ်။ တစ်ညလုံးအိပ်မပျော်ခဲ့ပါဘူး။ စဉ်းစားပြီး မနက်လင်းတော့ ကျွန်မ အုပ်ချုပ်ရေးမှုးနဲ့ ရာအိမ်မှုးတို့ကို တိုင်ပင်ပါတယ်။ တိုင်ပင်တော့ ဒါဆိုရင် ဒီကလေးတွေကို တို့သက်ဆိုင်ရာက်ပို့မယ်။ စိတ်ချကလေးတွေဘာမှမဖြစ်စေရပါဘူးလို့ အုပ်ချုပ်ရေးမှုးကိုကတိ ပေးပါတယ်။ အဲဒါနဲ့ ကျွန်မတို့အပ်လိုက်ပါတယ်။ အပ်လိုက်ပြီး ၄/၅ ရက်လောက်ကြာတော့ သူများတွေပြောသလိုပဲ ကျွန်မသားတွေခေါ်သွားပြီးတော့ ဒီအချုပ်ထဲမှာဘဲထားပြီး  ရိုက်မယ် နှက်မယ်မှတ်ပြီး ကျွန်မတို့စိုးရိမ်ပြီးတော့ အုပ်ချုပ်ရေးမှုးကို ဦးလေးကျွန်မတို့ ကလေးတွေနဲ့ တွေ့ချင်ပါတယ်လို့ပြောပါတယ်။ ပြောတော့ လိုက်ပို့ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ကလေး တွေဆီရောက်သွားတော့  သူတို့ပြောသလိုမဟုတ်ဘဲနဲ့ ကလေးတွေကို ဆရာတွေက ကိုယ့်အိမ် လို ့သဘောထားပြီး နွေးနွေးထွေးထွေးနဲ့ကြိုဆိုပါတယ်။ ဆရာစားသလို ကျွေးပါတယ်။ ကလေး တွေကိုမေးပါတယ်။ မေးတော့ သားက “သားကိုဆရာက ရိုက်လားမေးတော့ ကလေးတွေက မရိုက်ပါဘူးလို့”ဖြေပါတယ်။ အဲဒီအတွက် ကျွန်မဝမ်းသာပါတယ်။ သူတို့လေးတွေ လွတ်လွတ် လပ်လပ်နေတာမြင်တော့လည်း ကျွန်မပီတိဖြစ်ပါတယ်။ ဒီအခမ်းအနားပွဲပြီးရင် ကျွန်မသား လေးနဲ့တွေ့ရတော့မယ့်အတွက် ကျွန်မအတိုင်းအတာမသိဝမ်းသာပါတယ်။ ကျွန်မအရင်တုံးက ဆိုရင် ကျွန်မသားလေး သေသလား ရှင်သလားတောင် ကျွန်မ မသိပါဘူး။ အခုကျွန်မသား လေးကိုနွေးနွေးထွေးထွေးကြိုဆိုတယ်။ ကျွန်မတို့သားအမိတစ်တွေလည်း ပျော်ပျော်ရွှင်ရွှင်နေ ထိုင်ခွင့်ပေးတဲ့ ကျွန်မတို့ရွာက အုပ်ချုပ်ရေးမှုးကို ရော ဒီကအရာရှိ/အရာခံ/ဗိုလ်ကြီးတွေ ကိုလည်း ကျွန်မအထူးကျေးဇူးတင်ရှိပါတယ်။