(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားများအား တိုင်းဒေသကြီး နှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်
နေပြည်တော်၊ ၂၀၂၆ ဖေဖော်ဝါရီ - ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့တွင် ကျရောက်သည့် (၇၉)နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ အသီးသီးတို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုခြင်းများ ဆောင်ရွက်ကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ပေးပို့သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များက အသီးသီး ဖတ်ကြားကြသည်။
ထို့နောက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဆိုင်းဘုတ် ဖွင့်ပွဲများ၊ အသေးစား၊ အငယ်စား၊ အလတ်စားစီပွားရေးလုပ်ငန်း(MSME) ထုတ်ကုန်ပြပွဲများ၊ ဈေးရောင်းပွဲတော်များ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေးကြပြီး တက်ရောက် လာကြသူများနှင့်အတူ ဌာနဆိုင်ရာ အသိပညာပေးပြခန်းများနှင့် ပုဂ္ဂလိကပြခန်း များအား လိုက်လံကြည့်ရှု အားပေးကြသည်။
ထို့ပြင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းမှူး များနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဆုများ သီးသီး ပေးအပ်ချီးမြှင့်ကြ ပြီး တက်ရောက်လာကြသူများအား တိုင်းရင်းသားရိုးရာ အစားအစာ စတုဒီသာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သိရှိရသည်။
ညပိုင်းတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဒေသတို့၌ ရောင်စုံမီးပန်းအလှများနှင့် ပျော်ပွဲရွှင်ပွဲများ အသီးသီးကျင်းပခဲ့ကြောင်း သတင်းရရှိသည်။









