ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများ၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်မှဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုဆုငွေများချီးမြှင့်
နေပြည်တော် ၊ ဖေဖော်ဝါရီ - ၇
၂၀၂၅ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် ကမ္ဘာ့ ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ၊ (၁၆)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အား ကစားပြိုင်ပွဲ၊ ထိုင်းနိုင်ငံ၌ကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အား ကစားပြိုင်ပွဲနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ သည့် အားကစားသမားမောင်မယ်များအား နိုင်ငံတော်မှဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားပြီး ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်သည်။
အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင် အတွင်းရေးမှူးဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ နှင့်ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာ နိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူများ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်း ဟူသည့် မင်္ဂလာတရားတော် နှင့် အညီကျင်းပသည့် မင်္ဂလာရှိသော အခမ်းအနား ဖြစ်ပါကြောင်း။
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ(၁)ရက်မှ (၈)ရက်အထိ ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် ကမ္ဘာ့နိုင်ငံ ပေါင်း (၂၄)နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အနက် မြန်မာနိုင်ငံက အုပ်ချုပ်နည်းပြ(၂)ဦး၊ အားကစားသမား အမျိုးသား(၃)ဦး၊ အမျိုးသမီး(၃)ဦး စုစုပေါင်း(၈)ဦး စေလွှတ်ပြီး Event(၁၆)မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ ပြိုင်ပွဲတွင် ရွှေတံဆိပ် (၂)ခု၊ ငွေတံဆိပ် (၅)ခု၊ ကြေးတံဆိပ်(၇)ခု စုစုပေါင်း ဆုတံဆိပ်(၁၄)ခု ဆွတ်ခူးရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အားကစားသမား (၆)ဦးလုံး အနေဖြင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးတွင် တစ်ဦးမကျန် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ မလွတ်တမ်း ဆွတ်ခူးနိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ်ရာ တွေ့ရှိရပါကြောင်း။
အလားတူ အင်ဒိုနီးရှားနိုင်ငံ၊ ဘန်တန်ကျွန်းတွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ (၁၁) ရက်မှ(၁၇)ရက်အထိကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ကကြီးမှူး ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံပေါင်း(၃၄)နိုင်ငံအနက် မြန်မာနိုင်ငံက အုပ်ချုပ်နည်းပြ (၃)ဦး၊ အားကစားသမား အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း (၇)ဦး စေလွှတ် ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ်(၂)ခု၊ စုစုပေါင်း ဆုတံဆိပ် (၅)ခု ဆွတ်ခူးရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၃၈)နည်း တွင် အုပ်ချုပ်နည်းပြ၊ အားကစားသမား (၆၉၈)ဦး၊ ပင်မအုပ်ချုပ်မှုအဖွဲ့(၉၁)ဦး စုစု ပေါင်း (၇၈၉)ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ ရွှေတံဆိပ်(၃)ခုအပါဝင် ဆုတံဆိပ် (၇၂)ခုနှင့် နိုင်ငံအလိုက် အဆင့်(၇)ရယူပေးနိုင်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၃ ခုနှစ်က ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း(၁၉)နည်းတွင် အားကစားသမား (၃၄၁)ဦး၊ အုပ်ချုပ်နည်းပြ(၁၀၄)ဦး၊ စုစု ပေါင်း(၄၄၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၂၁)ခု အပါဝင် စုစုပေါင်း ဆု တံဆိပ်(၁၁၄)ခု ရရှိခဲ့ကြပြီး နိုင်ငံအလိုက် အဆင့်(၈)သာရရှိခဲ့ ပါကြောင်း၊ ယခု (၃၃)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ အလိုက် အဆင့်(၇)ကို ရရှိခဲ့ခြင်းကြောင့် ဝမ်းမြောက်ကြောင်း ပြောကြားလိုပါကြောင်း၊ သို့သော် ဆုတံဆိပ်ရရှိမှုတွင် နည်းလာသည်ကို တွေ့ရသည့်အတွက် လာမည့်ပြိုင်ပွဲများ တွင် ယခုထက် အောင်မြင်မှုရအောင် ပိုမို ကြိုးစားကြရန် မှာကြားလိုပါကြောင်း။
ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားနည်း(၃၈)နည်းအနက် ခြင်း လုံး အားကစားနည်းနှင့် ဘိလိယက်နှင့်စနူကာ အားကစားနည်း (၂)ခုတွင် ရွှေတံဆိပ် (၃)ခု၊ ငွေတံဆိပ် (၄)ခုနှင့် ကြေးတံဆိပ် (၇)ခု ရရှိခဲ့ပါကြောင်း၊ ကျန်အားကစားနည်း (၃၆)ခုအနက် အားကစားနည်း(၁၆)ခုတွင် ငွေတံဆိပ် (၁၇)ခုနှင့် ကြေးတံဆိပ် (၄၁) ခု ရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ငွေတံဆိပ်ရရှိခဲ့ကြသည့် အားကစားနည်းများသည် ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး ရွှေတံဆိပ် မရရှိခဲ့ကြသော်လည်း နိုင်ငံ တော်အတွက်အမြင့်ဆုံးအဆင့်အထိ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားခဲ့ကြသည်ကို တွေ့ရှိခဲ့ရသည့်အတွက် အားရကျေနပ်စရာ ကောင်းပါကြောင်း၊ တစ်ချို့ပြိုင်ပွဲများတွင် တစ်ဘက်ပြိုင်ဘက်အသင်းနှင့် အစွမ်းအစသိပ်မကွာဘဲ တန်းတူယှဉ်ပြိုင်နိုင်သော် လည်း အနိုင်မရရှိခဲ့ခြင်းသည် မည်သည့်အတွက်ကြောင့်ဆိုသည့် အားနည်းချက်ကို ရှာဖွေပြီး ဆက်လက်ဆောင်ရွက်သွားကြမည်ဆိုပါက ယခုထက် အောင်မြင်မှုများ ပိုရ နိုင်လိမ့်မည်ဟု သုံးသပ်မိပါကြောင်း။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ၌ ကျင်းပပြီးစီးခဲ့သည့် (၁၃)ကြိမ် မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၁၁) ခု၊ အားကစားသမား (၉၇)ဦး၊ အုပ်ချုပ်နည်းပြ (၄၇)ဦး၊ ဒိုင်လူကြီး (၁)ဦးအပါ အဝင် စုစုပေါင်း (၁၄၅)ဦးတို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါကြောင်း၊ ပြိုင်ပွဲတွင် ရွှေ တံဆိပ် (၂၀)၊ ငွေတံဆိပ် (၁၉) ခု၊ ကြေးတံဆိပ် (၂၀) စုစုပေါင်းဆုတံဆိပ် (၅၉)ခု ရရှိပြီး ပြိုင်ပွဲဝင် (၁၁)နိုင်ငံအနက် အဆင့်(၆)ဖြင့် အောင်မြင်မှုရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း။
၂၀၂၃ ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေ(၁၅)ခု အပါဝင် စုစုပေါင်းဆုတံဆိပ် (၅၇)ခုရရှိပြီး နိုင်ငံအလိုက် အဆင့်(၆) ရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခု (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် ယခင်အကြိမ် ကထက် ရွှေတံဆိပ်(၅)ခု ပိုမိုဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ဆုတံဆိပ် အရေအတွက် (၂)ခု ပိုမိုဆွတ်ခူးရရှိခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ကြိုးစား ယှဉ်ပြိုင်မှုနှင့် အောင်မြင်မှုများကို ဂုဏ်ပြုသည့်အနေဖြင့် နိုင်ငံတော်က ပြိုင်ပွဲယှဉ်ပြိုင် နေစဉ်ကာလအတွင်း ရွှေတံဆိပ်တစ်ခု ရရှိပါက အမေရိကန်ဒေါ်လာ (၃၀၀)၊ ငွေတံဆိပ် တစ်ခုရရှိပါက အမေရိကန်ဒေါ်လာ (၂၀၀)၊ ကြေးတံဆိပ်တစ်ခု ရရှိပါက အမေရိကန် ဒေါ်လာ (၁၀၀) ချက်ချင်းချီးမြှင့်ခဲ့ပါကြောင်း။
ယင်းပြိုင်ပွဲမှတ်တမ်းများအရ မြန်မာနိုင်ငံက မသန်စွမ်းအားကစားသမားများ သည် မသန်သော်လည်း စွမ်းဆောင်ရည်ရှိသူများဖြစ်ပြီး နိုင်ငံ့၏ဂုဏ်ကို မြှင့်တင်နိုင်ခဲ့ ကြသူများဖြစ်သည်ဟု မှတ်တမ်းတင်ဂုဏ်ပြုပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ် တစ်ခုတည်းကပဲ အားကစားနည်း(၁၁)နည်းကို ဝင် ရောက်ယှဉ်ပြိုင်ရန် စီမံဆောင်ရွက်ရာတွင် ပြိုင်ပွဲတိုင်း မျှော်မှန်းဆုတံဆိပ်များ ဆွတ်ခူး ရရှိပြီး နိုင်ငံအလိုက် အဆင့်(၆)ရရှိခြင်းသည် အားကစားတိုးတက်ရန် အဖွဲ့ချုပ်များ၏ အခန်းကဏ္ဍသည် ပိုမို အရေးပါသည်ဆိုသည်မှာ သိသာထင်ရှားပါကြောင်း။
မသန်စွမ်းအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အားကစားနည်း (၁၁)နည်းအနက် ပြေးခုန်ပစ်၊ ရေကူးနှင့် ဘော်လီဘောအားကစားနည်းတို့မှ ရွှေ တံဆိပ်(၂၀)၊ ပြေးခုန်ပစ်၊ ရေကူး၊ ဘောလုံးအားကစား နည်းတို့က ငွေတံဆိပ်(၁၉)ခု၊ ပြေးခုန်ပစ်၊ ရေကူး၊ စစ်တုရင်၊ စားပွဲတင် တင်းနစ်၊ အလေးမနှင့် ဂိုးလ်ဘော အားကစားနည်းတို့က ကြေးတံဆိပ် (၂၀)ရရှိခဲ့ပါကြောင်း၊ မသန်စွမ်းသူများ အားကစား အဖွဲ့ချုပ်ကရရှိခဲ့သည့် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များသည် အိုလံပစ်အားကစားနည်း များဖြစ်သည့် ပြေးခုန်ပစ်၊ ရေကူး၊ ဘော်လီဘော စသည့် အားကစားနည်းများဖြစ် သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် နောက်ထပ်အဆင့်တစ်ခု တိုးတက်ရန်အတွက် ရေကူး၊ ပြေးခုန်ပစ် ကဲ့သို့ အိုလံပစ် အားကစားနည်းများကို မဖြစ်မနေပြန်လည်ဦးမော့အောင် အလေးထားကြိုးစားဆောင်ရွက်ကြရန် သက်ဆိုင်သူ များအားလုံးကို တိုက်တွန်းမှာကြားလိုကြောင်း။
ယခုကဲ့သို့ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ဆုတံဆိပ် များ ရယူပေးနိုင်ခြင်းသည် နိုင်ငံ့ဂုဏ်ကိုအားကစားဖြင့်မြှင့်တင်ပေးရာ ရောက်သည့် အပြင် နိုင်ငံတကာအလယ်တွင် အမိမြန်မာနိုင်ငံတော်အလံကိုလွှင့်တင်ပြီး နိုင်ငံတော် သီချင်းသံလွင့်ပျံ့အောင် စွမ်းဆောင်ကြိုးပမ်းခဲ့သူများလည်းဖြစ်ကြပါကြောင်း၊ ထို့ကြောင့် အုပ်ချုပ်သူ နည်းပြများ အပါအဝင် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များကို ယခု ကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ရခြင်းပင် ဖြစ်ကြောင်း။
ထို့ကြောင့် လာမည့် ၂၀၂၇ ခုနှစ်၊ မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၄)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံအနေဖြင့် အဆင့်မီမီဖြင့် ဆုတံဆိပ် များရရှိရန် ယှဉ်ပြိုင်နိုင်ရေးကြိုတင်ပြင်ဆင်လေ့ကျင့်ထားကြရန် မှာကြားလိုပါကြောင်း၊ ထိုသို့ ပြင်ဆင်ရာတွင် ချက်ချင်းရွှေတံဆိပ်ရနိုင်သည့် အားကစားနည်းများနှင့် ရွှေ တံဆိပ်မရနိုင်သေးသော်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမည့် အားကစား နည်းများကို ခွဲခြားပြီး စနစ်တကျ စီမံချက်ရေးဆွဲဆောင်ရွက်ရန်နှင့် ၂ လတစ်ကြိမ်၊ ၃ လတစ်ကြိမ်ဆောင်ရွက်ထားရှိမှုများကို သုံးသပ်ပြင်ဆင်ဆောင်ရွက်သွားကြရန် လိုအပ် မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များက တာဝန်ယူ ဆောင်ရွက်ရမည့်အပိုင်းများကို သေချာစွာခွဲခြားသိမြင်ပြီး နိုင်ငံတော်က ဖြည့်ဆည်း တာဝန်ယူ ဆောင်ရွက်ပေးရမည့်အပိုင်းကိုလည်း အချိန်မီတင်ပြသွားကြရန် လိုအပ်ကြောင်း။
ထို့ပြင် ပြည်တွင်း၌ ကျင်းပသည့် အားကစားပြိုင်ပွဲများတွင် လူငယ် မျိုးဆက် သစ် အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်ရေး၊ နည်းပြများ၊ ဒိုင်၊ ဂျူရီများကို ခေတ်နှင့်အညီ Update ဖြစ်သည့် သင်တန်းများ တက်ရောက်နိုင်ရေး၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များကလည်း အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်အပါအဝင် နိုင်ငံတကာ အားကစားအဖွဲ့အစည်းများတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ဝင်ဆန့်နိုင် ရေးကိုလည်း စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားလိုကြောင်း။
ယနေ့ခေတ်သည် သိပ္ပံခေတ်၊ AI ခေတ် ဖြစ်သည်နှင့်အညီ Sport Scientist, Sport Nutritionist, Sport Psychologist စသည့် ပညာရှင်များအပါအဝင် အားကစား သုတေသီများ ပေါ်ထွက်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အားကစား အဖွဲ့ချုပ်များအနေဖြင့် ပြည်တွင်းနည်းပြများကို မိမိတို့၏ မိတ်ဖက်နိုင်ငံ များတွင် အားကစားသင်တန်းများ တက်ရောက်နိုင်ရေး၊ နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်း အမှတ် အားကစားပြိုင်ပွဲများ အပြန်အလှန် စေလွှတ်ယှဉ်ပြိုင်နိုင်ရေး ဆက်လက် ဆောင်ရွက် ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
နောင်ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဆင့်၊ အာရှအဆင့် အားကစားပြိုင်ပွဲများ၊ အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲများ၊ အာဆီယံဒေသတွင်း အားကစားပြိုင်ပွဲများနှင့် နိုင်ငံ တကာဖိတ်ခေါ်ပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များ ယခုထက်ပိုမိုရရှိပြီး နိုင်ငံ့ ဂုဏ်ကိုအားကစားဖြင့် မြှင့်တင်နိုင်ရေး၊ လူငယ်လူရွယ်တိုင်း အားကစားကို စိတ်ပါ ဝင်စားပြီး လေ့လာလိုက်စားရာမှတစ်ဆင့် ပြိုင်ပွဲဝင်နိုင်သည်အထိ လေ့ကျင့် ယှဉ် ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှအဆင့်မှသည် အာရှအဆင့်၊ ကမ္ဘာ့အဆင့်အထိ ထိုးဖောက်နိုင် အောင်ရည်မှန်းချက်ထားပြီး ဆက်လက် ကြိုးပမ်းအားထုတ်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက်(၈)ကြိမ်မြောက်ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ၊ (၁၆)ကြိမ်မြောက်ကမ္ဘာ့ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ ဂုဏ်ဆောင်ခဲ့သည့် အားကစားသမားမောင်မယ်များအား နိုင်ငံတော်မှဂုဏ်ပြု ချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက (၈)ကြိမ်မြောက်ကမ္ဘာ့ဗိုဗီနမ် ချန်ပီယံ ရှစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ဆုရရှိခဲ့ကြသည့် မမေဟန်နီအောင်လွင် နှင့် မနှင်းသက်ဝေ၊ (၁၆)ကြိမ်မြောက်ကမ္ဘာ့ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား ပြိုင်ပွဲ၊ Men Bodybuilding 75 kg ပြိုင်ပွဲ၌ ရွှေတံဆိပ် ၁ ဆုရရှိခဲ့သည့် မောင်ရဲထွန်းနောင်၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ခြင်းလုံး အားကစားနည်းတွင် အမျိုး သားအသင်းလိုက် Event-3 ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ဆုရရှိခဲ့သည့် အမျိုးသားအသင်း နှင့် အမျိုးသမီးအသင်းလိုက် Event-3 ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ဆုရရှိခဲ့သည့် အမျိုး သမီးအသင်း၊ ဘိလိယက်နှင့် စနူကာ အားကစားနည်းတွင် ဘိလိယက်အမျိုးသားအသင်း လိုက်ပြိုင်ပွဲ၌ ရွှေတံဆိပ် ၁ ဆုရရှိခဲ့ သည့် ဘိလိယက်အမျိုးသားအသင်း၊ (၁၃) ကြိမ် မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ရေကူးအားကစားနည်းတွင် မီတာ ၂၀၀ အလွတ်ကူး၊ မီတာ ၅၀ ရင်ဘောင်တန်းကူး၊ မီတာ ၅၀ အလွတ်ကူး၊ မီတာ ၁၀၀ အလွတ်ကူး ပြိုင်ပွဲ ၄ မျိုးလုံး၌ ရွှေတံဆိပ် ၄ ဆုရရှိသည့် မောင်ညီညီလင်းထက်၊ မီတာ ၁၀၀ ရင်ဘောင်တန်း ကူးပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ဆုနှင့် မီတာ ၅၀ ရင်ဘောင်တန်း ကူးပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ဆုရရှိခဲ့သည့် မောင်နန္ဒစိုးမင်း၊ အလွတ်ကူးပြိုင်ပွဲများတွင် ရွှေတံဆိပ် ၁ ဆုနှင့် ငွေတံဆိပ် ၁ ဆုရရှိခဲ့သည့် ဒုတိယတပ်ကြပ်စိုးဝင်း၊ ရင်ဘောင် တန်းကူးပြိုင်ပွဲများတွင် ရွှေတံဆိပ် ၁ ဆုနှင့် ငွေတံဆိပ် ၁ ဆု ရရှိခဲ့သည့် မောင်မင်းထူး၊ မီတာ ၁၀၀ ပက်လက်ကူး ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ဆုနှင့် မီတာ ၂၀၀ အလွတ်ကူး ပြိုင်ပွဲတွင် ကြေးတံဆိပ် ၂ ဆုရရှိခဲ့သည့် မောင်အောင်မြင့်မြတ်၊ ပြေးခုန်ပစ် အားကစား နည်းတွင် သံလုံး ပစ်နှင့် လှံတံပစ်ပြိုင်ပွဲတို့၌ ရွှေတံဆိပ် ၂ ဆုရရှိခဲ့သည့် ဒုတိယ အရာခံဗိုလ် တင်ညို၊ မီတာ ၄၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ဆု၊ မီတာ ၂၀၀ ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ဆု၊ မီတာ ၁၀၀ ပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ဆုရရှိခဲ့သည့် မောင်အောင်မြင့်ဌေး၊ မီတာ ၂၀၀ ပြိုင်ပွဲ တွင် ရွှေတံဆိပ် ၁ ဆု၊ ငွေတံဆိပ် ၁ ဆု ရရှိသည့် တပ်ကြပ်ကြီး စိုးပေ၊ သံပြားပစ်နှင့် သံလုံးပစ်ပြိုင်ပွဲတို့တွင် ရွှေတံဆိပ် ၂ ခု ရရှိခဲ့သည့် မထက်ထက်အေး၊ သံပြားပစ် ပြိုင်ပွဲ တွင် ရွှေတံဆိပ် ၁ ခု၊ သံလုံးပစ် ပြိုင်ပွဲတွင်ငွေတံဆိပ် ၁ ခု ရရှိခဲ့သည့် တပ်ကြပ် ရဲမင်းစိုး၊ လှံတံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခုရရှိသည့် ဒုတပ်ကြပ်(ငြိမ်း)စိုးသန်း၊ အလျားခုန် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု၊ မီတာ ၁၀၀ ပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခုရရှိခဲ့သည့် မနန်းစန်းရတနာထွန်း၊ သံလုံးပစ် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု၊ လှံတံပစ် ပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခုရရှိခဲ့သည့် မစိန်ဖော့၊ လှံတံပစ် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခု၊ သံလုံးပစ် ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု ရရှိခဲ့သည့် မောင်စည်သူထက်၊ ထိုင်လျက်ဘောလီဘော ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သည့် မြန်မာ အားကစားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော က (၈)ကြိမ် မြောက်ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၅ ဆုရရှိခဲ့သည့် မြန်မာအားက စားအဖွဲ့၊ (၁၆)ကြိမ်မြောက်ကမ္ဘာ့ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၁ ခုရရှိခဲ့သည့် မဇူးဇူးသန့်၊ ငွေတံဆိပ် ၁ ခုရရှိခဲ့သည့် မောင်ချမ်းမြေ့ထွန်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဘိလိ ယက်နှင့် စနူကာအားကစားနည်းတွင် ငွေတံဆိပ် ၁ ခုရရှိခဲ့သည့် ဦးပေါက်စ၊ ကနူး/ ကယက်လှေအားကစားနည်းတွင် အသင်းလိုက်ငွေတံဆိပ် ၂ ဆုရရှိခဲ့သည့် မြန်မာ အားကစားအဖွဲ့၊ ငွေတံဆိပ် ၁ ဆုရရှိခဲ့သည့် မောင်မျိုးလှိုင်ဝင်းနှင့် ကြေးတံဆိပ် ၁ ဆု ရရှိခဲ့သည့် မပိုပိုအောင်၊ ပိုက်ကျော်ခြင်းအားကစားနည်းတွင် အသင်းလိုက်ငွေတံဆိပ် ၂ ဆုရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့၊ ငွေတံဆိပ် ၁ ဆုရရှိခဲ့သည့် ၄ ယောက်တွဲ (အမျိုး သားအသင်း)၊ အပြည်ပြည်ဆိုင်ရာလှေအားကစားနည်းတွင် ငွေတံဆိပ် ၁ ခုရရှိခဲ့သည့် မောင်ဝေယံမိုး၊ ကြေးတံဆိပ် ၁ ဆုရရှိခဲ့သည့် မနီလာဝင်း တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော် အရာရှိကြီးများက နိုင်ငံ့ဂုဏ်ဆောင်ဆုရ အားကစားသမားများ၊ အုပ်ချုပ်မှုအဖွဲ့နှင့် နည်းပြများကို ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်ရအားကစားသမားများ ကိုယ်စား (၁၆) ကြိမ်မြောက်ကမ္ဘာ့ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခုရရှိခဲ့သည့် မောင်ရဲထွန်းနောင် က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် နည်းပြ များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
နိုင်ငံတော်အနေဖြင့် ပြိုင်ပွဲအသီးသီးတွင် အားကြိုးမာန်တက်ယှဉ်ပြိုင်ပြီး တစ်ဦး ချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း (၃၀၀)၊ ငွေတံဆိပ်ရရှိခဲ့သူများ ကို ကျပ်သိန်း(၂၀၀)၊ ကြေးတံဆိပ်ရရှိခဲ့သူများကို ကျပ်သိန်း (၁၀၀)၊ အသင်းလိုက် ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့ကြသည့် အသင်းသားတစ်ဦးကို ကျပ်သိန်း (၁၀၀)၊ ငွေတံဆိပ် ရရှိခဲ့ကြသည့်အသင်းသားတစ်ဦးကို ကျပ်သိန်း (၇၀)၊ ကြေးတံဆိပ်ရရှိခဲ့ ကြသည့် အသင်းသားတစ်ဦးကိုကျပ်(၃၅)သိန်း၊ အားကစားနည်းအလိုက် တာဝန်ယူ ဆောင်ရွက်ခဲ့ကြသည့် နည်းပြများကို မိမိတို့အားကစားနည်းအလိုက် ရွှေတံဆိပ် ရရှိခဲ့ပါက နည်းပြ တစ်ဦးကို ကျပ်သိန်း(၁၀၀)၊ငွေတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း (၅၀)၊ ကြေးတံဆိပ်ရရှိခဲ့ ပါက ကျပ်သိန်း(၃၀)စီနှင့် အားကစားနည်းအလိုက် အုပ်ချုပ်မှုအဖွဲ့ များကိုလည်း ရွှေတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း(၁၀၀)၊ ငွေတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း (၅၀)၊ ကြေးတံဆိပ်ရရှိခဲ့ပါက ကျပ်သိန်း (၃၀)စီ ချီးမြှင့်ပေးလျက်ရှိပြီး ယနေ့ကျင်းပ ပြုလုပ်သည့် (၈)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ၊ (၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ၊ (၃၃)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ တို့တွင် မြန်မာအားကစားအဖွဲ့များအနေဖြင့် ရွှေ တံဆိပ် ၂၆ ဆု၊ ငွေတံဆိပ် ၄၇ ဆု၊ ကြေးတံဆိပ် ၇၇ ဆု၊ စုစုပေါင်း ဆုတံဆိပ် ၁၅၀ ဆု ရရှိခဲ့သည့်အတွက် နိုင်ငံ့ ဂုဏ်ဆောင်အားကစားသမားများနှင့် ပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် အုပ်ချုပ်/နည်းပြအဖွဲ့ ၂၈ ဖွဲ့တို့အတွက် နိုင်ငံတော်မှ ဂုဏ်ပြု ချီးမြှင့်ငွေမှာ စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၃၆၆၉၀ ဖြစ်ကြောင်း သတင်း ရရှိသည်။










