နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၉)သင်တန်း ဆင်းပွဲများ ကျင်းပပြုလုပ် နေပြည်တော်၊ ၂၀၂၆ ဖေဖော်ဝါရီ ၆

Friday, February 6, 2026 - 15:45

  နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၉)သင်တန်း ဆင်းပွဲများ ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၂၆ ဖေဖော်ဝါရီ ၆

                နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး သုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့ စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၉)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ် များအလိုက် နယ်မြေခံသင်တန်းကျောင်း အသီးသီး၌ ကျင်းပပြုလုပ်ကြသည်။

                အဆိုပါ သင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူ ကြသည်။ ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆု ရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

                သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်း ခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၉)မှသင်တန်းဆင်း နိုင်ငံ့သား ကောင်းစစ်သည်များအား တွေ့ဆုံအမှာစကား ပြောကြားပြီး ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးကြသည်။

                အဆိုပါ  ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၉)မှ သင်တန်းသားများကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် စသည့် ဘာသာရပ်များနှင့် အထွေထွေဘာသာရပ်များကို  အဆင့်ဆင့် လေ့ကျင့်သင်ကြားပေး ခဲ့ကြကြောင်း  သိရှိရသည်။

                နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့် အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့ တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်း ဆောင်ရန်ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေ ကြပြီဖြစ်သည်။

                ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၉)တွင် တက်‌ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက် တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ သင်တန်း ဆင်း နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ကြားသိရပါသည်။

                ထို့နောက် ညပိုင်းတွင် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၉)မှ နိုင်ငံ့ သားကောင်းစစ်သည်များကို သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲများကို သင်တန်း ကျောင်းအသီးသီး၌ ပြုလုပ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများ ( ၆-၂-၂၀၂၆)

၁။      ကျွန်တော်ဒီသင်တန်းကို လာရောက်တတ်ရောက်ရတဲ့ ရည်ရွယ်ချက်ကတော့ အရွယ် ကောင်းတုန်း တိုင်းပြည်နဲ့ လူမျိုးအတွက်ကို ကာကွယ်ဖို့အတွက် ဒီသင်တန်းကို တတ်ရောက် ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့သင်တန်းဆင်းပြီဆိုတော့ တာဝန်ကျရာတပ်မှာ ဆရာ တွေသင်ပေးလိုက်တဲ့ စနစ်တကျဖွဲ့စည်းပုံတွေနဲ့ လက်တွေ့ရော ၊ စာတွေ့ရော အကုန်လုံးကို ကျွန်တော်မှတ်သားထားပါတယ်။ အဲဒါတွေနဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်၊ ပြည်သူအပေါ်ကို ကျွန်တော်တို့ ယုံကြည်လေးနက်စွာနဲ့ ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပါတယ်။

၂။       ကျွန်တော်လာရောက်တတ်ရတဲ့ ရည်ရွယ်ချက်ကတော့ တိုင်းပြည်ကိုချစ်တဲ့ ပြည်သူ တစ်ယောက်အနေနဲ့ရော၊ ပြီးတော့ ကျွန်တော်ကိုယ်တိုင်ကလည်း စစ်သားတစ်ယောက်ကို အားကျရတဲ့ စစ်သားဖြစ်ချင်တဲ့သဘောမျိုးပေါ့ ။ ဒါကြောင့်လာရောက်တတ်ရောက်ရခြင်းဖြစ် ပါတယ်။ ဒီနေ့ကျွန်တော်တို့ သင်တန်းဆင်းပြီဆိုတော့ ကျွန်တော်တို့ပျာ်ပါတယ်။ ဘာကြောင့် လည်းဆိုတော့ ကျွန်တော်တို့ပြောင်းရွေ့မယ့် တပ်တွေကို ရောက်ပြီဆိုရင်လည်း ဒီကသင် ကြားပေးလိုက်တဲ့ အတတ်ပညာတွေကို အကောင်းဆုံးအသုံးချပြီးတော့ နှစ် နှစ်တာဝန်ကို လည်း ပြီးဆုံးအောင် တာဝန်ထမ်းဆောင်ဖို့လည်း ရည်မှန်းချက်ရှိပါတယ်။ နောက်လာမယ့် ညီငယ်တွေကိုလည်း အရပ်သားဘဝကနေ စစ်သားဘဝကို ပြောင်းတာဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ လာရောက်သင်တန်းတတ်ဖို့အတွက် တိုက်တွန်းလိုပါတယ်။ သာမန်အရပ်သား ဘဝ မှာဆိုရင်တော့ နှစ် နှစ် အချိန်ကာလဆိုတာ ကြာရင်ကြာသွားအုံးမယ် ။ စစ်သားဘဝမှာတော့ ကိုယ့်တာဝန်နဲ့ကို ကျေပွန်အောင် ထမ်းဆောင်ပါ ။ နှစ် နှစ် ဆိုတဲ့ အချိန်ကာလလေးက ခန လေးပါပဲ။

၃။      ဒီသင်တန်းမှာ သင်ကြားပေးတဲ့ ပညာတွေအားလုံးကို ကိုယ်တတ်စွမ်းသ၍ နိုင်ငံတော် အတွက်အကျိုးပြုမယ်လို့ ရည်မှန်းထားပါတယ်။ သင်တန်းနဲ့ ပတ်သက်ပြီး အရာအားလုံး ကောင်းပါတယ်ဗျ။ ဒီသင်တန်းကို တတ်ရောက်ရတဲ့အတွက် အများကြီး ဝမ်းသာပါတယ်။ ပြီး တော့ ဒီက စစ်ပညာရပ်ဆိုင်ရာ ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ၊ ပြီးရင် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အရာ အားလုံးကို နည်းပြတွေက အစ ဂရုတစိုက်သင်ပေးပါတယ်။ နောင်တက်မယ့် လူငယ် လေးတွေကိုလည်း လာတက်ပါလို့ ပြောကြားချင်ပါတယ်ခင်ဗျ။