ပြည်တွင်းရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် ရွှေတုံးရွှေခဲများအား သိုလှောင် ဖြန့်ဖြူးရောင်းချနေသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူမှုသတင်း နေပြည်တော်၊ ဖေဖော်ဝါရီလ ၅ ရက်

Thursday, February 5, 2026 - 18:15

            နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက်ဆောင်ရွက်လျက်ရှိရာတွင် ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်စေရေးအတွက် လိုအပ်သည့် အမိန့်ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ နေ့စဉ်ဓာတ်သတ္တု(ရွှေ)ရည်ညွှန်း ဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်ခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင်ထုတ်ပြန်ထားသည့် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းသတ်မှတ်ဈေးနှုန်းအတိုင်း ရောင်း/ဝယ်ခြင်းများပြုလုပ်ဆောင်ရွက်ကြရန်ကိုလည်း ရွှေလုပ်ငန်းရှင်များအား အသိပေးပြောကြားခဲ့ပြီးဖြစ်ပါသည်။

          သို့ရာတွင် အချို့သောရွှေလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အနှောင့်အယှက်ဖြစ်စေရန်အတွက် ဝိသမလောဘဖြင့် ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေ‌ဈေးနှုန်း မြင့်တက်စေရန်နှင့် ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်ချက်တို့ဖြင့် ဓာတ်သတ္တု(ရွှေ)ရည်ညွှန်း ဈေးသတ်မှတ်ရေးကော်မတီကနေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသောရွှေရည်ညွှန်းဈေးထက် ကျော်လွန် သည့်ဈေးနှုန်းများဖြင့် ရွှေတုံးရွှေခဲများအားဝယ်ယူ၍ တရားမဝင်သိုလှောင်ခြင်း၊ အရောင်းအဝယ်ပြုလုပ် ခြင်းများဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသဖြင့် စုံစမ်းဖော်ထုတ်ခဲ့ပါသည်။

            ထိုသို့ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအဖိုးတန် သတ္တု(ရွှေ)ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်(သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးမျိုးသူဝင်း(အကယ်ဒမီရွှေဆိုင်)နှင့် အတွင်းရေးမှူး ဦးနေမျိုးထက်(ရွှေစင်အကယ်ဒမီရွှေဆိုင်)တို့ ၃ ဦးသည် ရွှေဈေးနှုန်းတည်ငြိမ်စေရေး အတွက် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားရန်တာဝန်ရှိသူများဖြစ်လျှက်နှင့် ၎င်းတို့ကိုယ်တိုင်က ရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်၍ ပြင်ပရွှေပေါက်ဈေးနှုန်းဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူ/ သိုလှောင်ခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။

          ဦးမျိုးမြင့်အနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အလေးချိန်စုစုပေါင်း ၇၀ ကျပ်သားရှိ အခေါက်ရွှေတုံး ၈ တုံးကို ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူခဲ့ပြီး အမြတ်တင်ပြန်လည်ရောင်းချရန် သိုလှောင် ထားရှိခဲ့ကြောင်း၊ ထို့အတူ ဦးမျိုးသူဝင်းအနေဖြင့် ၎င်း၏ရွှေဆိုင်များ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၉၇၀ ကျပ်သားအား ပြင်ပပေါက်ဈေးနှုန်းဖြင့် ဝယ်ယူ၍ ရွှေ ၉၅၀ ကျပ်သားအား အမြတ်ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ကြောင်း၊ အလားတူ ဦးနေမျိုးထက်အနေဖြင့် ၎င်း၏ရွှေဆိုင်များ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အတွင်း အခေါက်ရွှေ ၃၁၉ ကျပ်သားအား ပြင်ပပေါက်ဈေးနှုန်းဖြင့် ဝယ်ယူ၍ ရွှေ ၂၆၈ ကျပ်သားအား အမြတ်ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။

            ဦးမျိုးမြင့်၊ ဦးမျိုးသူဝင်းနှင့် ဦးနေမျိုးထက်တို့ ၃ ဦးသည် ရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူ/သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ခြင်း များမှာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့် ကြော်ငြာစာပါ တားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်ရာရောက်သဖြင့် ၎င်းတို့ ၃ ဦးအပေါ် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

          ထို့အပြင် ရွှေလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းရွှေဈေးကွက်တည်ငြိမ်စေရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်မှထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များအား တိကျစွာ လိုက်နာဆောင်ရွက်သွားကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိသည့်ရွှေလုပ်ငန်းရှင်များကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။