မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသန ညီလာခံနှင့် သိပ္ပံပွဲတော်(၂၀၂၆)ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် တက္ကသိုလ်၊ သုတေသနနှင့်ဆန်းသစ်တီထွင်မှုစင်တာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား သည်။
အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၊ ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင် စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတကာ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခဆရာကြီး၊ ဆရာမ ကြီးများ၊ ပါမောက္ခများ၊ Doctor of Science ဘွဲ့ရရှိထားသည့် တပ်မတော် အရာရှိကြီးများ၊ ပြည်တွင်းပြည်ပ စာတမ်းရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ မှတ်တမ်းဗီဒီယိုအား ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ပညာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတု သုတေသနညီလာခံနှင့် သိပ္ပံပွဲတော် ဖွင့်ပွဲအခမ်းအနား ဖြစ်ကြောင်း။
မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့သည် စတင်ဖွဲ့စည်းခဲ့သည့် ၁၉၉၉ ခုနှစ်မှ စပြီး နိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်များမှ ဝိဇ္ဇာသိပ္ပံပညာရပ်များ ဖွံ့ဖြိုးတိုးတက်မှု အတွက် မီးရှူးတန်ဆောင်ဖြစ်သည့် သုတေသနညီလာခံကြီးများ ကျင်းပလာသည်မှာ ယခုအခါ (၂၅)ကြိမ်မြောက် ငွေရတုတိုင်ခဲ့ပြီ ဖြစ်ကြောင်း။
သုတေသနဆိုသည်မှာ အကြောင်းအရာတစ်ရပ်ကို ခြေခြေမြစ်မြစ် သိရှိနိုင်ရန် ပညာအမြော်အမြင်နှင့် လေ့လာရှာဖွေဖော်ထုတ်ခြင်းပင်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့်နိုင်ငံတိုင်း၊ လုပ်ငန်းတိုင်းသည် သုတေသနပြုမှုများကို အထူးဦးစားပေး အဖြစ် ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြသည်ကိုတွေ့ရကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မိမိတို့ မြန်မာနိုင်ငံအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရေးတို့အတွက် နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးတွင် သုတေသန လုပ်ငန်းများပြုလုပ်ကြရန် အထူးလိုအပ်ကြောင်း၊ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှု တိုင်းတွင် ပြန်လည်သုံးသပ်မှု၊ သုတေသနပြုလုပ်မှုနှင့် ဆန်းသစ်တီထွင်မှုများရှိမှသာ တိုးတက်အောင်မြင်မည်ဖြစ်ကြောင်း၊ သုတေသီများ၏ ပညာရပ်ဆိုင်ရာဖန်တီးမှု စွမ်းရည်များသည် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုနိုင်မည့် စစ်မှန်သော အင်အားတစ်ရပ်ပင် ဖြစ်ကြောင်း။
ပညာဆိုသည်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အသိပညာ အတတ်ပညာ မြင့်မားတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များထွန်းကားလာရေးသည်အရေးကြီးကြောင်း၊ နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်အတွက်လိုအပ်သည့်နည်းပညာအသစ်များ၊ တီထွင်ဆန်းသစ် မှု အသစ်များကို ဖော်ထုတ်ကြရမည် ဖြစ်ကြောင်း။
ပညာရေး၊ သိပ္ပံနှင့် နည်းပညာဆိုသည့် ကဏ္ဍ (၃) ရပ်သည်တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး သုတေသနနှင့် တီထွင်ဆန်းသစ်မှုများကို ပေါင်းစပ်လိုက်သည့်အခါ လူ့ဘောင်အဖွဲ့အစည်း ကြီးပွားတိုးတက်ရေးအတွက် ထိရောက်အားကောင်းသည့် စွမ်းအားတစ်ရပ် ပေါ်ထွက်လာမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် သမိုင်းအစဉ်အလာကြီးမားပြီး ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည့်အတွက် မြန်မာမှု၊ မြန်မာ့ဟန်များ မပျောက်ပျက် အောင် တန်ဖိုးထားထိန်းသိမ်းပြီး မြန်မာ့ဂုဏ်ကို မြှင့်တင်ကြရမည်ဖြစ်သကဲ့သို့ ၂၁ ရာစု၏ ခေတ်မီနည်းပညာ တိုးတက်ပြောင်းလဲမှုများကို မျက်ခြည်မပြတ် အမီလိုက်ပြီး ခေတ်မီနိုင်ငံတော်ကြီးဖြစ်အောင် တည်ဆောက်ကြရန်လည်း အရေးကြီးကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက်ဝိဇ္ဇာနှင့်သိပ္ပံပညာရပ် နယ်ပယ်အားလုံး ဟန်ချက်ညီညီ အားကောင်းလာရန် လိုအပ်ကြောင်း၊ ထို့ကြောင့် ဝိဇ္ဇာနှင့်သိပ္ပံ အသိပညာရှင် အတတ် ပညာရှင်များအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံ့အကျိုး စီးပွားကို အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်အောင် ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မည် ဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့် အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝ ပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီ နည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ သုတေသန လုပ်ငန်းများမှတစ်ဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အတွက် နည်းပညာသစ်များဖော်ထုတ်ပြီး အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ် နိုင်ရန်နှင့် ဈေးကွက်သစ်များချဲ့ထွင်နိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးအတွက် အရည်အသွေးပြည့်ဝ သည့် သုတေသနအခြေပြု ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးသွားကြရမည် ဖြစ်ကြောင်း။
သုတေသနသည် တက္ကသိုလ်များ၏ အသက်သွေးကြောဖြစ်ကြောင်း၊ သုတေသန ဆောင်ရွက်မှုများမှတစ်ဆင့် မိမိတို့ သင်ယူလေ့လာနေသည့် ပညာရပ်နယ်ပယ်တွင် ပိုမိုတတ်ကျွမ်းထူးချွန်လာမည် ဖြစ်ကြောင်း၊ သုတေသနများမှ ရရှိလာသည့် နည်းပညာ အသစ်များကို စက်မှုလက်မှုကဏ္ဍများတွင် လက်တွေ့အသုံးချပြီး နိုင်ငံတော်က အားကိုးအားထားပြုရသော အရည်အသွေးမြင့်တက္ကသိုလ်များ ဖြစ်အောင် ကြိုးစားကြ ရန် တိုက်တွန်းလိုကြောင်း။
သုတေသနလုပ်ငန်းများသည် ရလဒ်ဖော်ထုတ်ပြီး တစ်ကြိမ်တည်းဖြင့် ရပ်တန့် သွားမည်မဟုတ်ဘဲ ရှေးဦးရလဒ်ကို အခြေပြုပြီး တစ်ဆင့်ပြီးတစ်ဆင့် စဉ်ဆက်မပြတ် သုတေသန ဆောင်ရွက်သွားမှသာ တိကျမှန်ကန်သည့် တွေ့ရှိချက်အသစ်များ ရရှိနိုင် မည် ဖြစ်ကြောင်း၊ သုတေသနရလဒ်များမှတစ်ဆင့် ပိုမိုကောင်းမွန်ပြည့်စုံသည့် လူမှု အသိုက်အဝန်းကို ပုံဖော်ဖန်တီးနိုင်မည် ဖြစ်ကြောင်း၊ သုတေသန လုပ်ငန်းများအတွက် ထိထိရောက်ရောက် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံများသည် ရေရှည်အကျိုးရလဒ်များ အများဆုံးဖြစ်ထွန်းပြီး နိုင်ငံကြီးပွားတိုးတက်နေကြသည်ကို အထင်အရှားတွေ့မြင်ရ သည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် တက္ကသိုလ်များ အတွက် သုတေသနအသုံးစရိတ်များ၊ သုတေသနဓာတ်ခွဲခန်းသုံး ပစ္စည်းများ၊ သုတေ သန စင်တာများ ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိကြောင်း။
ထို့အပြင် တက္ကသိုလ်များတွင် သုတေသနအခြေပြု ခေတ်မီသင်ကြားနည်းများ ကို အသုံးပြုသင်ကြားနေသည့်အပြင် မြန်မာ့ရိုးရာအမွေအနှစ်များကို ဖော်ထုတ်ပြသ သည့် ယဉ်ကျေးမှုပွဲတော်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အသင်းအဖွဲ့အလိုက် လှုပ်ရှားမှုများ၊ လူငယ်စကားဝိုင်းများ၊ အလုပ်အကိုင် အခွင့် အလမ်းဆိုင်ရာ ဆွေးနွေးပွဲများ စသည့်ကဏ္ဍစုံ လှုပ်ရှားမှုများကတစ်ဆင့် ကျောင်းသား များကို အသိပညာဗဟုသုတ ပြည့်စုံအောင်၊ စဉ်းစားတွေးခေါ်နိုင်စွမ်း မြင့်မားအောင်၊ အရည်အသွေးပြည့်ဝအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန် တိုက်တွန်းမှာကြားလို ကြောင်း။
ယနေ့ညီလာခံတွင် လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍကြီးများ ရေရှည်ဖွံ့ဖြိုးရေးဆိုသည့် ဦးတည်ချက်နှင့်အညီ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်အသီးသီးမှ ဘာသာရပ်(၃၃)မျိုးအတွက် သုတေသနစာတမ်းပေါင်း (၃၁၂)စောင် ဖတ်ကြားသွား မည်ဖြစ်ပြီး အကောင်းဆုံးသုတေသနဆုများ၊ အကောင်းဆုံးစာတမ်းဆုများ ချီးမြှင့် သွားမည်ဟုသိရှိရကြောင်း၊ ယခုညီလာခံတွင် ဖတ်ကြားခဲ့သည့်စာတမ်းများအနက် ဘာသာရပ်အလိုက်အဆင့်မီသည့် သုတေသနစာတမ်းများကို စုစည်းပြီး သုတေသန ဂျာနယ်များ ထုတ်ဝေသွားမည်ဟုလည်း သိရကြောင်း။
ယခုညီလာခံတွင် ပြည်တွင်းက စာတမ်းရှင်များသာမက ပြည်ပကစာတမ်းရှင် များလည်း လာရောက်ပြီး စာတမ်းဖတ်ကြားခြင်း၊ အကဲဖြတ်ခြင်းတို့ကို ဆောင်ရွက် ကြမည်ဖြစ်သည့်အတွက် ပြည်တွင်းပြည်ပ သုတေသနစာတမ်းရှင်များအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း၊ ညီလာခံတက်ရောက်လာကြ သူများကလည်း အပြုသဘောဆောင်သည့် အတွေးအမြင် အယူအဆများ၊ အသိအမြင် များ၊ အကြံပြုချက်များကို ထိထိရောက်ရောက် ဝိုင်းဝန်းဆွေးနွေးပေးကြရန် တိုက်တွန်း လိုကြောင်း။
ဂုဏ်ယူဖွယ်ရာအချက်တစ်ခုအနေဖြင့် ငွေရတုညီလာခံနှင့်အတူ သိပ္ပံပွဲတော်ကို ပါ စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားသည်ကိုတွေ့ရကြောင်း၊ ဘာသာရပ် ဆိုင်ရာပြခန်းများ၊ သိပ္ပံပြကွက်များ၊ ပြိုင်ပွဲများအပြင် AI ပြခန်းများ ပါဝင်ပြသထား သည်ကိုတွေ့ရကြောင်း၊ ဘာသာရပ်ဌာနအလိုက် ဈေးရောင်းပွဲတော်၊ တိုင်းရင်းသား အားကစား ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကိုလည်း ကျင်းပနေသည်ကို တွေ့ရကြောင်း။
ယခုကဲ့သို့သိပ္ပံပွဲတော်များမှတစ်ဆင့် ကျောင်းသားလူငယ်များ သိပ္ပံပညာရပ်ကို ပိုမိုစိတ်ဝင်စားပြီး နည်းပညာဆိုင်ရာ အသစ်အဆန်းများကို လေ့လာစူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ AI နည်းပညာများ၊ နျူကလီးယားနည်းပညာများနှင့် စွန့်ဦးတီထွင်နည်း ပညာများအပါအဝင် သိပ္ပံဆိုင်ရာအသိအမြင် ဗဟုသုတများ တိုးပွား လာမည်ကို ပြောကြားလိုကြောင်း။
ယခု (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော်မှ ပေါ်ထွက် လာမည့် အထောက်အထားအခြေပြုသုတေသနရလဒ်များကို အခြေခံပြီး နိုင်ငံတော် အနေဖြင့် သက်ဆိုင်ရာနယ်ပယ်အလိုက်၊ ဒေသအလိုက် အကျိုးဖြစ်ထွန်းစေမည့် မူဝါဒများရေးဆွဲ အကောင်အထည်ဖော်နိုင်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း။
စီးပွားရေးရှုထောင့်ဘက်မှ ကြည့်ပါကလည်း သိပ္ပံနှင့်တီထွင်ဆန်းသစ်မှုများ အနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍကို အကျိုးဖြစ်ထွန်းစေပြီး အလုပ်အကိုင်အခွင့်အလမ်း များဖန်တီးပေးနိုင်ခြင်းနှင့် နိုင်ငံ့စီးပွားစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခြင်းကို အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း။
နယ်ပယ်ကဏ္ဍအသီးသီးက ပြုလုပ်သည့် သုတေသနတွေ့ရှိချက်များသည် တိုင်းပြည်၏ စားရေရိက္ခာလုံခြုံမှု၊ ဆိုက်ဘာလုံခြုံမှု၊ သဘာဝဘေးတုံ့ပြန်မှု အစရှိသည့် နိုင်ငံသားများ၏ လုံခြုံရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း။
သုတေသနကျင့်ဝတ်များနှင့်အညီ သုတေသနပြုဖော်ထုတ်ထားသည့် ရလဒ်များ အပေါ်တွင်အခြေခံပြီး ပြုစုရေးဆွဲထားသည့် တက္ကသိုလ်ဆိုင်ရာ၊ ဌာနဆိုင်ရာ မူဝါဒ များသည် လိုက်နာဆောင်ရွက်ကြရမည့်သူများ၏ ယုံကြည်မှုကို ရရှိစေနိုင်မည်ဖြစ် သဖြင့် စီမံအုပ်ချုပ်ရေးတွင်လည်း များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း၊ ထို့ကြောင့်သိပ္ပံနှင့်သုတေသန တီထွင်ဆန်းသစ်မှုတို့ဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီးကို တည်ဆောက်သွားနိုင်မည်ကို ပြောကြားလိုကြောင်း။
ဉာဏပဲ့ကိုင်ရှင်များဖြစ်သည့် သုတေသီများအနေဖြင့် နိုင်ငံတကာတွင် မိမိတို့ နိုင်ငံ၏ ပုံရိပ်ကောင်းကို ထင်ဟပ်အောင် စွမ်းဆောင်ကြရန်၊ မိမိတို့တတ်ကျွမ်းသည့် အသိပညာ၊ အတတ်ပညာဖြင့် နိုင်ငံတော်၏ ကဏ္ဍအသီးသီးတွင် တစ်တပ်တစ်အား ပါဝင်ကြရန်၊ သိပ္ပံနှင့် နည်းပညာစွမ်းပကားဖြင့် ငြိမ်းချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ကြီးကို တည်ဆောက်ရာတွင် တက်ညီလက်ညီ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် ပြောကြားလိုကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော်(၂၀၂၆)ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ် ဂုဏ်ပြုတေးသီးချင်းဖြင့် ဖျော်ဖြေ တင်ဆက်မှုအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌ ထံ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်က မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတု သုတေသနညီလာခံနှင့် သိပ္ပံပွဲတော်(၂၀၂၆)ဖွင့်ပွဲအခမ်းအနားအထိမ်းအမှတ် လက်ဆောင် အား ပေးအပ်သည်။
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မှတ်တမ်း တင်စုပေါင်းဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် အခမ်းအနားတက်ရောက်လာကြသူများ သည် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသန ညီလာခံနှင့် သိပ္ပံပွဲတော်(၂၀၂၆)ဖွင့်ပွဲ အထိမ်းအမှတ် တက္ကသိုလ်များအလိုက် ပြသ ထားသည့် ပြခန်းများအား ပြခန်းတစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လှည့်လည် ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာ ကြားသည်။
အဆိုပါ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသု တေသနညီလာခံနှင့် သိပ္ပံပွဲတော်(၂၀၂၆)အား ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်း လမ်းညွှန်မှု၊ အားပေးမှုတို့ဖြင့် နိုင်ငံတော်၏ ပညာရည်မြင့်မားတိုးတက်စေရန်၊ အဆင့် မြင့် ပညာကဏ္ဍတွင် သုတေသနလုပ်ငန်း အဆင့်မြင့်မားမှု၊ အရည်အသွေးပြည့်မီမှု တို့ကိုရှေးရှုလျက် နိုင်ငံတကာအဆင့်မီသော သုတေသနလုပ်ငန်းများဆောင်ရွက်ရန် တွန်းအားပေးသည့်အနေဖြင့် စာတမ်းများ တင်ပြဆွေးနွေးစေ၍ အကောင်းဆုံး သုတေ သနစာတမ်းဆုများချီးမြှင့်ရန်နှင့် သုတေသနညီလာခံမှ ဘာသာရပ်အလိုက်အဆင့်မီ သော သုတေသနစာတမ်းများကို စုစည်းတည်းဖြတ်၍ ဂျာနယ်များ ထုတ်ဝေဖြန့်ချိခြင်း ပြုလုပ်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ဖေဖော်ဝါရီ ၇ ရက်အထိ ကျင်းပပြုလုပ် သွားမည် ဖြစ်ပြီး ညီလာခံတွင် ပြည်တွင်းပြည်ပမှ စာတမ်းရှင်များဖြင့် ဆွေးနွေးပွဲများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။





