ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration(D.P.A. honoris causa) ဘွဲ့အပ်နှင်း နေပြည်တော်၊ ဖေဖော်ဝါရီ - ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရန်ကုန် တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့အပ်နှင်းခြင်း၊ အထူးဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်း သဘင် ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော နှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့်ဇနီး၊ ကော်မရှင် အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ နှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်၊ အထူးဖိတ်ကြားထားတဲ့ နိုင်ငံတကာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင် ပါမောက္ခဆရာကြီး၊ ဆရာမကြီးများ၊ ပါမောက္ခများ၊ Doctor of Science ဘွဲ့ရရှိထားသည့် တပ်မတော်အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ က ဘွဲနှင်းသဘင်ခန်းမအတွင်းနေရာယူပြီး သဟာယအဖွဲ့ က ဘွဲ့နှင်း သဘင်အတွင်း ဝင်ရောက်နေရာယူကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက ဘွဲ့နှင်းသဘင်ခန်းမ စင်မြင့်ထက်၌ နေရာယူပြီး နိုင်ငံတော် အလံအား အလေးပြုကြသည်။
ယင်းနောက် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က အထူးဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပကြောင်းကြေညာပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန် က နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စွမ်းဆောင်ရည်များ အား ဖတ်ကြားတင်ပြသည်။
ထိုသို့ဖတ်ကြားတင်ပြရာ၌ ယနေ့ကျင်းပပြုလုပ်သည့် အထူးဘွဲ့နှင်းသဘင် အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲအား ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို အပ်နှင်း ရခြင်း မှာ မိမိတို့နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ် မှုအခက်အခဲများကို ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျစီမံခန့်ခွဲ ဖြေရှင်းနိုင်ခဲ့သည့် စွမ်းဆောင်ချက်များကြောင့် ဖြစ်ပါကြောင်း၊ နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စဉ်တိုင်း တွင်ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးဖိအားပေးမှုများ၊ စီးပွားရေးပိတ်ဆို့မှုများ၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းများ၊ နိုင်ငံတကာအသိုက်အဝန်း များနှင့် လိုက်လျောညီထွေရှိနိုင်မည့် ပြုပြင်ပြောင်းလဲမှုများ စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းခဲ့ရသကဲ့သို့ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ တော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုလည်း ကြိုးပမ်းဆောင် ရွက်ခဲ့ရကြောင်း၊ စိန်ခေါ်မှုများအကြား မှ ပြည်သူများ အထူးလိုလားတောင့်တမျှော် လင့်လျက်ရှိသည့် လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကိုလည်း အောင်မြင်စွာကျင်းပဆောင်ရွက်ခဲ့ခြင်းသည် မြန်မာ့နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် နိုင်ငံတော်အကြီးအကဲ၏ ဆောင်ရွက်ချက်သမိုင်းမှတ် တိုင်တစ်ခုပင်ဖြစ်ကြောင်း။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူ စာချုပ်(NCA) လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးတံခါးကို အစဉ်အမြဲဖွင့်လှစ်ပေးထား ပြီး အစိုးရ၊ တပ်မတော်နှင့် ပြည်သူပူးပေါင်းကာ အမျိုးသားရင်ကြားစေ့ရေးနှင့်ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ သံတမန်ရေးရာ ကိစ္စရပ်များတွင်လည်း ယနေ့ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သည့် ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးများ တည်ဆောက်နိုင်ခဲ့ကြောင်း၊ အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများအကြားမှ မိမိတို့နိုင်ငံ၏ အကျိုးစီးပွား ကို ကာကွယ်ပြီး သံတမန်ဆက်ဆံရေးနည်းလမ်းများကို ဖော်ဆောင်နိုင်ခဲ့ ကြောင်း။
နိုင်ငံ့စီးပွားပြန်လည်ဦးမော့လာစေရေးအတွက်လည်း နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှုများကို ကြံ့ကြံ့ခံပြီး သွင်းကုန်အစားထိုးပစ္စည်းများ ပိုမိုထုတ်လုပ်ရေး၊ ပြည်ပ ပို့ကုန်တိုးမြှင့်ခြင်းဖြင့် ဝင်ငွေပိုမိုတိုးတက်ရရှိရေး၊ နိုင်ငံတွင်းစားရေရိက္ခာဖူလုံစေရေး တို့အတွက် စီးပွားရေးမူဝါဒများ အစဉ်တစိုက်ချမှတ်လုပ်ဆောင်ရန် ဦးဆောင်လမ်းညွှန် မှုပြုပေးသူများသည် ပြည်သူများ၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ပေးလို သည့် နိုင်ငံတော်အကြီးအကဲ၏ မေတ္တာစေတနာပင်ဖြစ်ကြောင်း၊ ခေတ်မီနိုင်ငံတော် တည်ဆောက်ရာတွင် ပညာရေးသည် အဓိကကျသည့် ကဏ္ဍတစ်ခုဖြစ်သဖြင့် ကိုဗစ် - ၁၉ ရောဂါအလွန်ကာလတွင် အခြေခံပညာကျောင်းများနှင့် အဆင့်မြင့်ပညာ တက္ကသိုလ်များကို ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အလားတူ ပညာရည်မြှင့်တင်မှုလုပ်ငန်းများကိုလည်း အားသွန်ခွန်စိုက် ဆောင်ရွက် ပေးခဲ့ပြီး Napyitaw State Academy နှင့် Napyitaw Polytechnic University များ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း Polytechnic University များဆက်လက်တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဦးဆောင်လမ်းညွှန်မှု ပြုခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ ပေါများကြွယ်ဝလာစေရေး အတွက်လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများကို ဖွင့်လှစ် သင်ကြား ပေးလျက် ရှိကြောင်၊ ထူးချွန်အားကစားလူငယ်များမွေးထုတ်ပေးနိုင်ရန်အတွက်လည်း နိုင်ငံ ဂုဏ်ဆောင် အားကစားလူငယ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် အထူး အလေး ပေးဆောင်ရွက်လျက်ရှိပါကြောင်း။
ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍လည်း “ လူ့အသက်ထက်အရေးကြီးတာ ဘာမှ မရှိ” ဆိုသည့်မူဝါဒကိုချမှတ်ပြီး ပြည်သူများ၏ မျှော်မှန်းသက်တမ်းများ မြင့်မား လာ စေရန်နှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ခြင်း စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်လမ်းညွှန်ချမှတ်ပေးပြီး ခေတ်မီဆေးပညာရပ် များကို လေ့လာနိုင်စေရန် အတွက်လည်း ဘဏ္ဍငွေများကို ထောက်ပံ့ပေးခဲ့ပါကြောင်း၊ အလားတူ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ၊ မြန်မာ့မီးရထားပို့ဆောင်မှုကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး အတွက် လည်း လမ်းညွှန်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဘာသာ၊ သာသနာ နှင့်ပတ်သက်၍လည်း နိုင်ငံတော်အကြီးအကဲ၏ ထူးခြားသည့် သာသနာ့မှတ်တိုင်မှာ နေပြည်တော်ကောင်စီ နယ်မြေတွင် ကမ္ဘာပေါ်ရှိ ကျောက်ဆစ်ရုပ်ပွားတော်များအနက် အကြီးဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ခဲ့ ကြောင်း။
လုံခြုံရေးနှင့်ကာကွယ်ရေးအတွက် လည်း ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင် တန်းနိုင်ရေး အတွက်လည်း ခေတ်မီကာကွယ်ရေးနည်းပညာများကို စမ်းသပ်တီထွင် ထုတ်လုပ်နိုင်သည့် အခြေခံကောင်းများကို တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုများနှင့်ပတ်သက်၍လည်း မိုခါမုန်တိုင်းဒဏ်၊ ရာဂီ မုန်တိုင်းဒဏ် ခံခဲ့ရသည့်ဒေသမျာတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန် ဆုံးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အလားတူ မန္တလေးငလျင်ကြီး အလွန်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုလည်း အလျင်အမြန်ဆောင်ရွက်စေရေး တွန်းအားပေး စီမံညွှန်ကြားခဲ့ပါကြောင်း၊ ပညာရေးနှင့်ပတ်သက်သည့် ပျက်စီးခဲ့သည့် အခြေခံကျောင်း များနှင့် တက္ကသိုလ်များကိုလည်း ဦးစားပေးအနေဖြင့် ပြင်ဆင်ဆောင်ရွက်ပေးခဲ့ ကြောင်း၊ မန္တလေးတက္ကသိုလ်နှစ် ၁၀၀ ပြည့်အတွက် မန္တလေးတက္ကသိုလ် ပင်မဆောင် ကို ယခင်မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်တည်ဆောက်နိုင်ခဲ့ပါကြောင်း။
ထို့အပြင် ဒေသတွင်းနှင့် နိုင်ငံတကာလုံခြုံရေးကို အဓိကခြိမ်းခြောက်လျက်ရှိ သည့် အွန်လိုင်းငွေကြေးလိမ်လည်မျုများကိုလည်း အမြစ်ပြတ်ချေမှုန်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် ကဏ္ဍအသီးသီးတွင် ဘက်စုံ ကဏ္ဍစုံမှ ထူးခြားပြောင်မြောက်စွာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး စွမ်းဆောင်နိုင် ခဲ့ပါကြောင်း၊ ထို့သို့ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် စွမ်းစွမ်းတမံကြိုးပမ်းဆောင် ရွက်ခဲ့သည့် ထူးကဲ့သော ဂုဏ်ဒြပ်များကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အားရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A honoris causa) ကိုချီးမြှင့်အပ်နှင်းခွင့်ရခြင်းသည် ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တက္ကသိုလ်တို့အတွက် ဂုဏ်ယူဝမ်းမြောက်ပီတိဖြစ်ရပါကြောင်းဖြင့် ပြောကြား သည်။
၎င်းနောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian Presidential Academy of National Economy and Public Administration,St. Petersburg မှ Director/ Principal ဖြစ်သူ Prof. Andrey Dragomirovich KHLUTKOV နှင့် Altai State Pedagogical University ၏ First Vice-Rector ဖြစ်သူ Prof. Kaigorodov Evgeny Vikorovich ၊ ထိုင်းနိုင်ငံ Mahido University မှ Vice-President ဖြစ်သူ Dr. Thatchaveeleelawat နှင့် ဗီယက်နမ် နိုင်ငံ Ho Chi Minh City University of technology မှ Vice-President ဖြစ်သူ Dr. Ly Thein Trang တို့က ဂုဏ်ပြုစကားများ အသီးသီးပြောကြားကြသည်။
ထိုသို့ပြောကြားရာတွင် ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့ ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊ ယနေ့ခေတ် ကမ္ဘာ့အခြေအနေတွင် ခိုင်မာသော အုပ်ချုပ်ရေးပညာရပ်၏ အထူးအရေးပါမှုကို သိသာထင်ရှားစေသည့် အဓိပ္ပါယ်သက်ရောက်မှုကြီးမားသော အခမ်းအနားဖြစ်ပါကြောင်း၊ မိမိနိုင်ငံနှင့် ပြည်သူအပေါ် သစ္စာရှိစွာဖြင့် အမှုထမ်းရွက် ခဲသည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ဂုဏ်ပြုသည့် အခမ်းအနားပင်ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံ တို့အကြား ချစ်ကြည်ရင်းနှီးမှုများ၊ အပြန်အလှန်နားလည်မှုများ အားကောင်းခိုင်မာလာ စေရန်ဆောင်ရွက်ပေးနေသူ နိုင်ငံတော်အကြီးအကဲကိုလူကိုယ်တိုင် တွေ့ဆုံဂါရဝပြုခွင့် ရရှိသည့်အတွက် မိမိတို့အနေဖြင့် များစွာဂုဏ်ယူမိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ ၏ ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်များအပေါ်တွင် နက်နက်ရှိုင်းရှိုင်း သိမြင်နားလည်မှုများ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ကိုယ်ရည်ကိုယ်သွေးမြင့်မားမှုများ၊ ပညာရှင်ပီသမှုများ သည် စံနမူနာယူစရာပင်ဖြစ်ကြောင်း၊ ယခုကဲ့သို့ လူ့အဖွဲ့အစည်းအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်ကို အသိအမှတ်ပြုသည့်အနေဖြင့် ယခုဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ချီးမြှင့်အပ်နှင်းခြင်းပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ အတွေ့အကြုံနှင့် အသိပညာသည် အနာဂတ်ကို ပုံဖော်ပေးည့် လူငယ်ခေါင်းဆောင်များ၊ လူငယ်သိပ္ပံ ပညာရှင်များ၏ ပညာရေးအတွက် အခြေခံကောင်း ချမှတ်ပေးနိုင်မည်ဟုမိမိတို့ အနေဖြင့် ယုံကြည်ပါကြောင်း၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ (D.P.A.) အပ်နှင်း ခြင်းကိုဂုဏ်ပြုရန် စုဝေးရောက်ရှိနေကြခြင်းဖြစ်ပြီး၊ ဒီဂုဏ်ထူးဆောင်ဘွဲ့ဟာ အကြီးအကဲရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့ ခေါင်းဆောင်မှု သမိုင်းမှတ်တိုင်ကို ထင်ဟပ် ဖော်ပြနေခြင်းပင် ဖြစ်ကြောင်း၊ အကြီးမားဆုံးအောင်မြင်မှုတစ်ခုမှာ မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာဖြင့် စနစ်တကျ ကျင်းပနိုင်ခဲ့ခြင်းပင် ဖြစ်ပါကြောင်း၊ အဆိုပါမှတ်တိုင်သည် တည်ငြိမ် အေးချမ်းမှုအတွက် ခိုင်မာသည့်အုတ်မြစ်ကို ချမှတ်ပေးခဲ့ပြီး နိုင်ငံတော်၏ အနာဂတ် အတွက်ချောမွေ့သည့် ကူးပြောင်းမှုဖြစ်စဉ်ကို အာမခံချက်ပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအောက်တွင် မြန်မာနိုင်ငံသည် ထွန်းကားစည်ပင် နေပြီဖြစ်သည်ကို နိုင်ငံတကာအသိုက်အဝန်းအတွက် အထင်အရှား သက်သေပြသ နိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ယခု ၂၀၂၆ ခုနှစ်မှစ၍ နောင်လာနောက်သားမျိုးဆက်များတိုင်အောင် အင်အားတောင့်တင်းခိုင်မာပြီး သာယာ ဝပြောမှုများ တိုးပွားပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်းဖြင့် အသီးသီး ပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် က ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့ Honorary Doctor of Public Administration(D.P.A. honoris causa) ဘွဲ့အား အပ်နှင်းသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာ ရေးကော်မရှင်ဥက္ကဋ္ဌ က အမှတ်တရ မိန့်ခွန်းပြောကြားသည်။
ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration(D.P.A. honoris causa) ဘွဲ့အပ်နှင်းခြင်း အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် အမှတ်တရမိန့်ခွန်း
ယနေ့ကျင်းပပြုလုပ်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်းခြင်းအခမ်းအနားကို တက်ရောက်လာကြတဲ့ ရန်ကုန်တက္ကသိုလ်မှ သဟာယအဖွဲ့ဝင်များ၊ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ အထူးဖိတ်ကြားထားတဲ့ နိုင်ငံတကာတက္ကသိုလ် များမှ ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင် ပါမောက္ခဆရာကြီး၊ ဆရာမကြီးများ၊ ပါမောက္ခ များ၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်များ အားလုံးကိုမင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ ပါတယ်။
ရန်ကုန်တက္ကသိုလ်ရဲ့ အစဉ်အလာနဲ့အညီ ဒီဘွဲ့နှင်းသဘင်ခန်းမ ကြီးမှာ မိမိအား ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ အပ်နှင်းတဲ့အတွက် ဝမ်းသာဂုဏ်ယူ မဆုံးဖြစ်ရပါတယ်။ မိမိအတွက်သာမက၊ နိုင်ငံတော်ရဲ့ အနာဂတ်ပညာရေးကဏ္ဍ မြှင့်တင်မှုမှာ အလွန်ပဲအရေးပါတဲ့ မှတ်တိုင်တစ်ခုအဖြစ် လေးနက်စွာခံယူမိပါတယ်။ ဒါ့အပြင် မိမိအနေနဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့နဲ့အတူ အနာဂတ်နိုင်ငံတော် တည်ဆောက် ရေးမှာ ပိုမိုတာဝန်ရှိလာတယ်လို့ ခံယူမိပါတယ်။ အနာဂတ်ခရီးလမ်းအတွက် ခွန်အား တစ်ခုလည်းဖြစ်ပါတယ်။
၁၉၂၁ ခုနှစ် ကနေ ၂၀၂၀ ပြည့်နှစ်အထိ ဒီဘွဲ့နှင်းသဘင်ခန်းမထဲမှာ ရဟန်းတော် များ၊ နိုင်ငံရပ်ခြားမှ ခေါင်းဆောင်များ၊ လူပုဂ္ဂိုလ်များ အပါအဝင် စုစုပေါင်း ၇၂ ဦးအား ဂုဏ်ထူးဆောင်ဘွဲ့အမျိုးမျိုးချီးမြှင့်ခဲ့ပြီး ချီးမြှင့်ခဲ့တဲ့ဘွဲ့တွေဟာ ဂုဏ်ထူးဆောင် စာပေ ပါရဂူဘွဲ့၊ ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့တွေ ဖြစ်တယ်ဆိုတာ သိရပါတယ်။ ရဟန်း သံဃာများဖြစ်တဲ့ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာ နန္ဒာဘိဝံသ၊ ဘဒ္ဒန္တမာရာ ဘိဝံသနှင့် ဘဒ္ဒန္တဉာဏိဿရတို့အား ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ကို ချီးမြှင့်ခဲ့ပြီး နိုင်ငံတကာ ခေါင်းဆောင်များဖြစ်တဲ့ ယူဂိုဆလားဗီးယားသမ္မတ မာရှယ် တီးတိုးနဲ့ ဗီယက်နမ်သမ္မတ ဟိုချီမင်းတို့အား ဂုဏ်ထူးဆောင် ဥပဒေ ပါရဂူဘွဲ့တွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ယခု ၂၀၂၆ ခုနှစ်မှာ ၁၀၆ နှစ်ပြည့်မြောက်ပြီဖြစ်တဲ့ ရန်ကုန် တက္ကသိုလ်ကြီးက ကျွန်တော့်ကို ပထမဆုံးသော ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ အပ်နှင်း ခြင်းခံရတဲ့အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ မိမိအနေနဲ့ ဒီတက္ကသိုလ်ကြီး မှာ ၁၉၇၂-၇၃ ခုနှစ် ကာလက ဥပဒေပညာဘာသာအဓိက သင်ယူခဲ့တာ ကို အမှတ်ရ နေပါတယ်။
၁၉၇၂ ခုနှစ်၊ ပထမနှစ်သင်တန်းတက်စဉ်က ရာမညဆောင်မှာ ဖြစ်ပြီး ဒုတိယနှစ် မှာတော့ ဝိဇ္ဇာ(ဌာန)ဘက်မှာ တက်ရပြီး ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလမှ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းကို ပြောင်းရွှေ့တက်ခဲ့တာဖြစ်ပါတယ်။ စိမ်းလန်း စိုပြေသာယာ လှပတဲ့ ကံ့ကော်ပင်များ၊ စေတနာအပြည့် ခွန်အားစိုက်ထုတ်ပြီး သင်ကြား ပေးတဲ့ ဆရာ၊ ဆရာမများ၊ ကျောင်းတက်ဖော်များနဲ့ တက္ကသိုလ်စာကြည့် တိုက်ကြီး ကိုလည်း သတိတရ ရှိပါတယ်။ အလားတူပဲ အမှတ်(၁)တက္ကသိုလ်လေ့ကျင့်ရေး အရံတပ် (No.1 U.T.C) မှာ သင်တန်းသား တပ်ဖွဲ့ဝင်အနေနဲ့ ၁၉၇၂-၇၃ ကာလများအတွင်း တပ်မတော်သားဘဝ အစပျိုးခဲ့ရတာလည်း သတိရ မိပါတယ်။
၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ ရာပြည့် ကျော်လာတဲ့ ရန်ကုန်တက္ကသိုလ်ကြီးဟာ နိုင်ငံတော်ရဲ့သမိုင်း အစဉ်အလာကောင်းတဲ့၊ အဖိုးမဖြတ်နိုင်တဲ့ ပညာရေးအမွေအနှစ်တစ်ခု ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက်မှာ ရန်ကုန်တက္ကသိုလ်ဟာ အရှေ့တောင်အာရှရဲ့ အဆင့်မြင့်ဆုံးနဲ့ ဂုဏ်အရှိဆုံးတက္ကသိုလ် တစ်ခုအဖြစ် ထင်ရှားကျော်ကြားခဲ့တာဖြစ်ပါတယ်။ ပညာရပ်ဆိုင်ရာသာမကဘဲ မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းရဲ့ သန္ဓေတည်ရာနဲ့ မျိုးချစ်စိတ်ဓာတ်တွေ ရှင်သန်ထက် မြက်ရာ နေရာတစ်ခုလည်းဖြစ်ခဲ့သလို နိုင်ငံ့ခေါင်းဆောင် များစွာကို မွေးထုတ်ပေးခဲ့တဲ့ တက္ကသိုလ်ကြီးလည်း ဖြစ်ပါတယ်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတစ်လျှောက်ထင်ရှားခဲ့တဲ့ ခေါင်းဆောင်ကြီးများနှင့် ပညာရှင်ကြီး တွေဟာ ရန်ကုန်တက္ကသိုလ်ကြီးက မွေးထုတ်ပေးလိုက်တဲ့ ပညာရတနာတွေပဲဖြစ်ပါ တယ်။ ထို့အတူ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးကဏ္ဍ အသီးသီး မှ အသိပညာ၊ အတတ်ပညာရှင်တွေကလည်း မိခင်တက္ကသိုလ်ရဲ့ လေ့ကျင့်သင်ကြား ပေးမှုတွေနဲ့အတူ နိုင်ငံတော်ရဲ့တာဝန်တွေကို ကျရာကဏ္ဍကနေ ကျေပွန်စွာ ထမ်းဆောင် နေကြတာ ဖြစ်ပါတယ်။
တက်ရောက်လာကြသော ဧည့်သည်တော်များခင်ဗျာ
နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍမှာ ခိုင်မာတဲ့ အခြေခံအဆောက် အအုံတွေ တည်ဆောက်ခြင်းဟာ အရေးကြီးသလို၊ ပိုမိုခိုင်မာတဲ့ 'အသိပညာ အဆောက်အအုံ' တွေကို တည်ဆောက်ရေးက ပိုမိုအရေးကြီးတယ်လို့ ခံယူတာဖြစ်လို့ မိမိတာဝန်ယူတဲ့ ကာလမှာ ပညာရေးကို အထူးအလေးထားလျက် မျိုးဆက်သစ်လူ့စွမ်းအား အရင်းအမြစ် ကောင်းတွေ မွေးထုတ်နိုင်ဖို့ ထိရောက်တဲ့ သင်ကြား သင်ယူမှုရရှိစေရေး လိုအပ်တဲ့ ဆရာအင်အားကို မွေးထုတ်ပေးနိုင်ဖို့ မူဝါဒတွေလမ်းညွှန်ခဲ့ပါတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့ နိုင်ငံတော်ရဲ့ တာဝန်ကို စတင်တာဝန်ယူခဲ့ရတဲ့အချိန်ဟာ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်(၁၉) ကပ်ရောဂါဘေးနဲ့အတူ ပြည်တွင်းမှာလည်း နိုင်ငံရေးအရ မတည်ငြိမ် မှုတွေ၊ နှောင့်ယှက်ဖျက်ဆီးမှုတွေ ပြင်းထန်နေတဲ့ကာလဖြစ်ပါတယ်။ ဒီလို ခက်ခဲတဲ့စိန်ခေါ်မှု တွေကြားကနေ မိမိတို့အနေနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ ပညာရေးဟာ မဆိုင်းမတွ လုပ်ဆောင်ရမယ့် လုပ်ငန်းလို့ ခိုင်ခိုင်မာမာခံယူပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာ သင်ယူခွင့် အခွင့်အလမ်းတွေ မဆုံးရှုံးစေဖို့ အခြေခံပညာကျောင်းတွေက စလို့ တက္ကသိုလ်၊ ကောလိပ်တွေအထိ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်အောင် အစွမ်းကုန် ကြိုးပမ်းဆောင် ရွက်ခဲ့တာ ဖြစ်ပါတယ်။
အချို့အဖျက်အမှောင့် လုပ်ဆောင်သူတွေဟာမျိုးဆက်သစ်လူငယ်တွေရဲ့ အနာဂတ် ကိုဖျက်ဆီးဖို့ ပညာရေးကဏ္ဍကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြတာ အားလုံးအသိပဲဖြစ် ပါတယ်။ ကျောင်းတွေကို ပိတ်ခိုင်းတာ၊ ဆရာ၊ ဆရာမတွေကို DCS ပြုလုပ်ဖို့ ဖိအား ပေးတာနဲ့ ကျောင်းသားတွေကို ခြိမ်းခြောက်တာတွေရှိခဲ့ပေမဲ့ နိုင်ငံတော်အစိုးရ အနေနဲ့ ပညာရေးယန္တရား ရပ်တန့်မသွားစေဖို့ လုံခြုံရေးနဲ့ စီမံခန့်ခွဲမှု တွေကို အထူး ဦးစားပေး ဆောင်ရွက်ခဲ့ပါတယ်။ ပညာသင်ကြားရေးဟာ နိုင်ငံရေးရဲ့ ဓားစာခံဘယ်တော့မှ မဖြစ်စေရဘူးဆိုတဲ့ ခိုင်မာတဲ့ ရပ်တည်ချက်နဲ့ မိမိတို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သစ္စာရှိ ပညာရေးဝန်ထမ်းအသီးသီးကလည်း မိမိတို့ရဲ့တပည့်များ ပညာ အဆက်မပြတ် စေဖို့ စွန့်လွှတ်စွန့်စားစွာနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့လို့သာ လက်ရှိအခြေအနေကို ရောက်ရှိ လာခြင်းဖြစ်ပါတယ်။ ဒီအတွက်လည်းကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူရပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုအနိမ့်အမြင့်ဟာ အဲဒီနိုင်ငံမှာရှိတဲ့ နိုင်ငံသားတွေရဲ့ ပညာ အရည်အသွေးပေါ်မှာပဲ တိုက်ရိုက်မူတည်နေတာ ဖြစ်ပါတယ်။ ပညာရေးဟာ မိမိတို့ တိုင်းရင်းသားပြည်သူတွေရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုမြှင့်တင်ပေးပြီး၊ မတူကွဲပြားမှု တွေကြားကနေ စည်းလုံးညီညွတ်မှုကိုဖော်ဆောင်ပေးနိုင်တဲ့ တစ်ခုတည်းသော စွမ်းအား စုလည်း ဖြစ်ပါတယ်။
စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံ တဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာဖို့ဆိုတာ နိုင်ငံတစ်ဝှမ်းမှာ အသိပညာ၊ အတတ်ပညာ နဲ့ပြည့်စုံတဲ့ နိုင်ငံသားတွေရှိဖို့က အဓိကလိုအပ်ချက်ပဲ ဖြစ်ပါတယ်။ ပညာရေးကို အားပေးမြှင့်တင်တာဟာ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် 'အမြတ်စွန်းဆုံးသော ရင်းနှီး မြှုပ်နှံမှု' ဖြစ်ပါတယ်။ ယနေ့အပ်နှင်းတဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို အသိအမှတ်ပြုခြင်း အားဖြင့် နောင်လာမယ့် အနာဂတ်ကာလတွေမှာလည်း မြန်မာ့ပညာရေး ကဏ္ဍ ပိုမိုမြင့်မားတိုးတက်စေဖို့နဲ့ ပညာတတ်တွေပေါကြွယ်ဝတဲ့ နိုင်ငံတော်ကြီး ဖြစ်လာစေဖို့ ကျွန်တော်အနေနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ကမ္ဘာ့မြေပေါ်မှာ သယံဇာတအလွန်ရှားပါးပေမယ့် ပညာရေးကို အရင်းတည်ပြီး ကမ္ဘာ့ထိပ်တန်းစီးပွားရေးအင်အားကြီးနိုင်ငံတွေ ဖြစ်လာ ခဲ့တဲ့ သာဓကတွေကို အလေးအနက်သတိပြု ကြရမှာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ပြာပုံဘဝကနေ ပြန်လည်ရုန်းထခဲ့ရတဲ့ ဂျပန်နိုင်ငံနဲ့ ပြည်တွင်းစစ်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရတဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် သဘာဝ သယံဇာတထက် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကိုသာ အမျိုးသားရေး မဟာဗျူဟာအဖြစ် အလေးထားချမှတ်ခဲ့ကြတာကို တွေ့ရပါမယ်။ ဒါဟာ နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုဆိုတာ မြေပေါ် မြေအောက်သယံဇာတတွေထက် နိုင်ငံသားတွေရဲ့ အသိပညာ၊ အတတ် ပညာ အရည်အသွေးပေါ်မှာပဲ တိုက်ရိုက်အချိုးကျ တည်မှီနေတယ် ဆိုတာကို အထင်အရှား သက်သေပြနေတာပဲ ဖြစ်ပါတယ်။
နိုင်ငံတော်က ပညာရေးကဏ္ဍအတွက် ဘဏ္ဍာငွေတိုးမြှင့်ချထား ပေးတာ၊ ကျောင်းတွေအဆင့်မြှင့်တာနဲ့ ဆရာ၊ ဆရာမတွေရဲ့အရည်အသွေးကို မြှင့်တင်ပေးနေတာ တွေဟာ နောင်လာမယ့် ဆယ်စုနှစ် တွေမှာ ရရှိလာမယ့် နိုင်ငံ့အင်အားအတွက် အခြေခံအုတ်မြစ် ချပေးနေခြင်းပဲ ဖြစ်ပါတယ်။ မိမိတို့အားလုံးဟာ ပညာရေးကိုအခြေခံပြီး နိုင်ငံတော်ကိုခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ဝင့်ထည်စွာရပ်တည် နိုင်အောင် မဆုတ်မနစ်တဲ့ဇွဲ၊ လုံ့လတွေနဲ့ ဆက်လက် ကြိုးပမ်းသွားကြရမှာ ဖြစ်ပါတယ်။
မိမိတို့အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ပညာရေးကွာဟမှု မရှိစေဖို့ ဝေးလံ ခေါင်ဖျားတဲ့ ဒေသတွေအထိ ကျောင်းတွေ ပြန်ဖွင့်တာနဲ့ ဆရာ၊ ဆရာမတွေ ဖြည့်ဆည်း ပေးတာကို ဦးစားပေးလုပ်ဆောင် ခဲ့ပါတယ်။ ဒါဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ဖို့အတွက် ပညာရေးနဲ့ ရင်းနှီးမြှုပ်နှံခြင်းပဲ ဖြစ်ပါတယ်။ ဝေးလံခေါင်ဖျားတဲ့ဒေသအချို့နဲ့ လုံခြုံရေးအရ ထိရှလွယ်တဲ့ နေရာတွေမှာ ကလေး ငယ်များ ပညာသင်ကြားခွင့် အနှောင့်အယှက်ဖြစ်နေရတာကို မိမိတို့ အထူးဂရုပြု လျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ်မှာ စတင်ကြုံတွေ့ခဲ့ရတဲ့ ကြီးမားတဲ့ ဆရာ၊ ဆရာမလျော့ နည်းမှု အခက်အခဲများကြားက နိုင်ငံတော်အနေနဲ့ ကျောင်းသားရှိလျှင် ဆရာရှိရမည်၊ ကျောင်းရှိလျှင် ဆရာရှိရမည် ဆိုတဲ့မူဝါဒကို ခိုင်ခိုင်မာမာကိုင်စွဲပြီး လုံခြုံရေးနဲ့ သင်ကြားရေး ယန္တရားများကို အစွမ်းကုန်ဖြည့်ဆည်းပေးလျက်ရှိပါတယ်။ ဆရာ၊ ဆရာမ လိုအပ်ချက်ရှိတဲ့ ဒေသတွေမှာလည်း ဒေသခံလူငယ်တွေကို ဆရာအတတ်ပညာသင်တန်း များပေးပြီး ပြန်လည်ခန့်အပ်ခြင်းဖြင့် ပညာရည်ကွာဟမှုကို လျှော့ချနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။
မိမိတို့အနေနဲ့ အနာဂတ်မှာ လျှောက်လှမ်းမဲ့ ပညာရေးရည်မှန်းချက် ကတော့ “အရည်အသွေးရှိသော ပညာရေးမှသည် နိုင်ငံတော်၏ အင်အားသို့” ဆိုတဲ့ ဦးတည်ချက်နဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ယနေ့ ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံအများစုကို လေ့လာကြည့်ရင် ဒေသအလိုက် အရင်းအမြစ်တွေအပေါ် အခြေခံတဲ့ သက်မွေးပညာရပ်တွေကို အားပေးတာဟာ အလုပ်လက်မဲ့ နှုန်းကို လျှော့ချပေးနိုင်ရုံသာမကဘဲ၊ ဒေသတွင်းကုန်ထုတ်လုပ်မှုနဲ့ စီးပွားရေးကိုပါ ဟန်ချက် ညီညီ မြှင့်တင်ပေးနိုင်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးအခြေခံတဲ့ နိုင်ငံဖြစ်တဲ့ မိမိတို့အနေနဲ့လည်း အဲဒီလိုအောင်မြင်တဲ့ စံနမူနာတွေကိုလေ့လာပြီး နိုင်ငံတော်က ချမှတ်ထားတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုနည်းပညာဆိုင်ရာ မူဝါဒဟာ ဒေသအလိုက် ကုန်ထုတ်လုပ်မှုအားကောင်းစေပြီး ပြည်တွင်း စီးပွားရေးကို အခြေခံကစတင်ပြီး မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
အကျိုးဆက်အနေနဲ့ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာမှာဖြစ် တယ်။ စက်မှု၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဆိုင်ရာ သိပ္ပံကျောင်းများကို တိုးချဲ့ဖွင့်လှစ် ပေးခြင်းဟာ အခြေခံပညာပြီးဆုံး ပြီးတဲ့အခါ တက္ကသိုလ်ဆက်မတက်နိုင်သူတွေအတွက် ဘဝရပ်တည်နိုင်မဲ့ အတတ်ပညာတစ်ခု ပိုင်ဆိုင်စေဖို့နဲ့ နိုင်ငံတော်ရဲ့ ကုန်ထုတ် လုပ်မှု ကဏ္ဍအတွက် ကျွမ်းကျင်လုပ်သားတွေ ဖြည့်ဆည်းပေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ဧည့်သည်တော်များခင်ဗျာ
သိပ္ပံနဲ့နည်းပညာကဏ္ဍကို နိုင်ငံတော်ရဲ့ အနာဂတ်အင်အားအဖြစ် ရှုမြင်ပြီး နည်းပညာနဲ့ ကွန်ပျူတာတက္ကသိုလ်တွေရဲ့ အရည်အသွေးကို အရှိန်အဟုန်မြှင့်တင် ပေးခဲ့ ပါတယ်။ အထူးသဖြင့် နေပြည်တော်မှာ ကမ္ဘာ့အဆင့်မီ Naypyitaw State Academy နှင့် Naypyitaw Polytechnic University တို့ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီမှာလည်း Polytechnic University တွေကို တည်ထောင်ခဲ့တာဟာ နိုင်ငံတော်အတွက် လိုအပ်နေတဲ့ အဆင့်မြင့် အင်ဂျင်နီယာတွေနဲ့ သုတေသန ပညာရှင်တွေ မွေးထုတ်ပေးဖို့ ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ပညာရေးအရည်အသွေးမြင့်မားစေဖို့ ဆရာ၊ ဆရာမ တွေရဲ့ အရည်အချင်း ဟာ အဓိကကျတဲ့အတွက် ပညာရေးတက္ကသိုလ်နဲ့ ပညာရေး ဒီဂရီကောလိပ်တွေကို အဆင့်မြှင့်တင် ပေးလျက်ရှိပါတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့ ခေတ်မီနည်းစနစ်တွေကို တတ်မြောက်ရုံ သာမက နိုင်ငံချစ်စိတ်နဲ့ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ မျိုးဆက်သစ် တွေကို ပျိုးထောင်ပေးနိုင်ဖို့ နိုင်ငံတော်မှာတာဝန်ရှိတဲ့အတွက် လိုအပ်တဲ့ မူဝါဒပိုင်းနဲ့ လူမှုစီးပွားဆိုင်ရာပံ့ပိုးမှုတွေကို အစဉ်တစိုက် ဖြည့်ဆည်းပေး သွားမှာ ဖြစ်ပါတယ်။
ပညာရေးကဏ္ဍမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပညာရှင်တွေ၊ ဆရာ၊ ဆရာမ တွေနဲ့ စီမံခန့်ခွဲသူတွေအားလုံးကို တိုက်တွန်းလိုတာ တစ်ခု ကတော့ ပညာရေးဆိုတာ ဟာ စာသင်ခန်းထဲတွင်သာ ရှိတာမဟုတ်ဘဲ နိုင်ငံတော်၏ အနာဂတ်ကံကြမ္မာကို ဆောက်တည်ပေးနေတဲ့ အခြေခံ အုတ်မြစ် ဖြစ်တယ်ဆိုတာကို အမြဲနှလုံးသွင်းထားကြဖို့ ဖြစ်ပါတယ်။ မိမိတို့ချမှတ်ထားတဲ့ မူဝါဒများနဲ့ ရှေ့လုပ်ငန်းစဉ်တွေဟာ စာရွက်ပေါ် မှာသာရှိမနေဘဲ မြေပြင်မှာ လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်ဖို့ လိုအပ်ပါ တယ်။ အထူးသဖြင့် သင်ကြားရေးစနစ်တွေကို ခေတ်နဲ့အညီ ပြောင်းလဲရာမှာ ဆရာ၊ ဆရာမများရဲ့ ဦးဆောင်မှုကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ တက္ကသိုလ်တွေဟာ နိုင်ငံတော်အတွက် ဆန်းသစ်တီထွင်မှု တွေကို ဖန်တီးပေးရာနေရာတွေ ဖြစ်လာရမှာဖြစ် ပါတယ်။ ဒါကြောင့် တက္ကသိုလ်တွေရဲ့ပညာရေးမူဝါဒမှာ သုတေသန အခြေပြု တက္ကသိုလ် များ ဖြစ်လာစေရေးကို အလေးထားဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ တက္ကသိုလ်များနဲ့ ကောလိပ်များအနေနဲ့ မိမိတို့ရဲ့ ဘာသာရပ်ဆိုင်ရာ သုတေသနများကို နိုင်ငံတော်ရဲ့ ပကတိလိုအပ်ချက် များနှင့် ချိတ်ဆက်ရန် တိုက်တွန်းလိုပါတယ်။
ဆရာ၊ ဆရာမတွေအနေနဲ့လည်း တပည့်တွေကို အသိပညာ၊ အတတ်ပညာ သင်ကြားပေးရုံသာမက မျိုးချစ်စိတ်နဲ့ စည်းကမ်းကောင်းမွန်တဲ့ စိတ်ဓာတ်များ ကိန်းအောင်းလာစေဖို့ စံနမူနာပြ လုပ်ဆောင်ပျိုးထောင်ပေးကြရမှာ ဖြစ်ပါတယ်။ ဆရာ၊ တပည့် တက်ညီ လက်ညီ ကြိုးပမ်းဆောင်ရွက်ကြမယ်ဆိုရင် ဗလငါးတန်နဲ့ ပြည့်စုံတဲ့ လူငယ်တွေပေါ်ထွန်းလာမှာဖြစ်ပြီး လူသားအရင်းအမြစ် ကောင်းများအဖြစ် နိုင်ငံတော်ကို အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။
မိမိတို့ ဆောင်ရွက်ခဲ့တဲ့ဒီပြုပြင်ပြောင်းလဲမှုတွေဟာ နောင်လာမဲ့ နှစ်ပေါင်းများစွာ တိုင်အောင် နိုင်ငံတော်ရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံအုတ်မြစ် ကောင်းတွေဖြစ်လာမှာပါ။ မိမိကိုအပ်နှင်းတဲ့ ဂုဏ်ထူးဆောင်ဘွဲ့နဲ့အညီ နိုင်ငံတော်အနေ နဲ့ပညာရေးကိုခေတ်မီဖွံ့ဖြိုး တိုးတက်စေဖို့ အမျိုးသားရေးဦးတည်ချက်အဖြစ် ဆက်လက်ပြီး အရှိန် အဟုန်မပျက် အားပေးကူညီသွားမယ်လို့ ပြောကြားလိုပါတယ်။
ကျွန်တော့်အနေနဲ့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ကျောင်းသားဟောင်း တစ်ယောက် ဖြစ်တယ်လို့ အမြဲခံယူပြီး တက္ကသိုလ်ကြီးရဲ့ အတိတ်ဂုဏ် ရည်ကို ပြန်လည်ဖော်ဆောင်ပြီး ကမ္ဘာ့အဆင့်မီ တက္ကသိုလ်တစ်ခု ဖြစ်လာစေဖို့ ဘက်ပေါင်းစုံကနေ အဆင့်မြှင့်တင်မှုတွေ ဆက်လက်ပံ့ပိုး ကူညီပေးသွားမှာဖြစ်ပါတယ်။ တက္ကသိုလ်ကြီးရဲ့ သမိုင်းဝင်အဆောက် အအုံတွေကို ထိန်းသိမ်းရုံတင်မကဘဲ သင်ကြားရေးနဲ့ သုတေသန ကဏ္ဍတွေမှာလည်း နိုင်ငံတကာစံနှုန်းတွေနဲ့ အညီဖြစ်စေဖို့ ကြိုးပမ်း နေတာဟာ နောင်လာမယ့် မျိုးဆက် သစ်တွေအတွက် ဂုဏ်ယူဖွယ်ရာ ပညာရေး ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေး လိုခြင်းပဲဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးဟာ နောင်နှစ်ပေါင်းများစွာ တိုင်အောင် နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်တဲ့ လူသား အရင်းအမြစ်တွေကို ဆက်လက် မွေးထုတ်ပေးနေမယ့် အသိပညာရဲ့ အလင်းတိုင်ကြီးအဖြစ် ဆက်လက် တည်ရှိ နေရမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ယနေ့မိမိအားအပ်နှင်းလိုက်တဲ့ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ဟာ မိမိတစ်ဦးတည်း အတွက်မဟုတ်ဘဲ နိုင်ငံတော်ရဲ့ ပညာရေး ကဏ္ဍမြှင့်တင်ဖို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြတဲ့ ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်း အားလုံး အတွက်လို့ ထင်မြင်မိပါတယ်။ ဤဂုဏ်ထူးဆောင်ဘွဲ့ကို ကိုယ်ပိုင်အောင်မြင်မှုတစ်ခု အဖြစ် မခံယူဘဲ နိုင်ငံအတွက် ပိုမိုတာဝန်ယူရမဲ့ အခန်းကဏ္ဍအသစ်တစ်ရပ် အဖြစ်ခံယူ ပါတယ်။ နိုင်ငံတော်နဲ့ပြည်သူ့အတွက် ပညာရေးတာဝန် တွေကို ယခုထက် ပိုမိုထမ်း ဆောင်ဖို့ ခွန်အားသစ်တွေကို ပေးစွမ်းစေ ပါတယ်။ မိမိတို့အားလုံး စည်းစည်းလုံးလုံးနဲ့ ပညာရေးကိုအခြေခံပြီး နိုင်ငံတော်ကို တည်ဆောက်ကြမယ်ဆိုရင် မဝေးတော့တဲ့ အနာဂတ်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ တင့်တယ်ဝင့်ထည်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာမှာ အမှန်ပဲဖြစ်ပါတယ်။ မိမိအနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့အနာဂတ်ကို ပိုမိုတောက်ပခိုင်မာပြီး ပြည်သူတွေရဲ့ မျှော်လင့်ချက် ပြည့်ဝစေဖို့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောကြားလိုပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ အဓိပတိဖြစ်တဲ့ ပါမောက္ခချုပ်နဲ့ သဟာယ လူကြီးများအားလုံးကို ဤဂုဏ်ပြုမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
၎င်းနောက် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားပြီး ဘွဲ့နှင်းသဘင်မိန့်ခွန်းကို မော်ကွန်းတိုက်တွင် ထိန်းသိမ်းရန် ရန်ကုန် တက္ကသိုလ် မော်ကွန်းထိန်းက ကြေညာသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာ ရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဘွဲ့နှင်း သဘင်ရှေ့တွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ရန်ကုန်တက္ကသိုလ်မှ ၁၉၂၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိရဟန်းတော်များ၊ နိုင်ငံရပ်ခြားမှ ခေါင်းဆောင်များ၊ လူပုဂ္ဂိုလ်များအပါအဝင် စုစုပေါင်း ၇၂ ဦးအား ဂုဏ်ထူးဆောင်ဘွဲ့အမျိုးမျိုးချီးမြှင့်ခဲ့ပြီး ချီးမြှင့်ခဲ့သည့်ဘွဲ့များသည် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့၊ ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့များဖြစ်ကြောင်း၊ ရဟန်းသံဃာများ ဖြစ်သည့် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာ နန္ဒာဘိဝံသ၊ ဘဒ္ဒန္တမာရာဘိဝံသနှင့် ဘဒ္ဒန္တဉာဏိဿရတို့အား ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ကို ချီးမြှင့်ခဲ့ကြောင်း၊ နိုင်ငံတကာ ခေါင်းဆောင်များဖြစ်သည့် ယူဂိုဆလားဗီးယားသမ္မတ မာရှယ်တီးတိုးနှင့် ဗီယက်နမ် သမ္မတ ဟိုချီမင်းတို့အား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့များ ချီးမြှင့်ခဲ့ပြီး ဖြစ်ကြောင်းသိရှိရသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်များ ဗဟိုစာကြည်တိုက်သို့သွား ရောက်၍စာကြည့်တိုက်အတွင်း ရှေးဟောင်းစာအုပ်စာစောင်များအား စနစ်တကျထိန်း သိမ်းထားရှိမှုနှင့်ပျက်စီးပျောက်ဆုံးမှုများမရှိစေရေး ဆောင်ရွက်ထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနိုင်ရေး ဆောင်ရွက်ထားရှိမှုများ ကို တာဝန်ရှိသူများကရှင်းလင်းတင်ပြရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင် ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌသည် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ကြောင်းသတင်းရရှိသည်။











