ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ
(အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ် ၅ / ၂၀၂၆)
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်
(၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်)
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း (၁)
အမည်၊ စတင်အာဏာတည်ခြင်း၊ သက်ဆိုင်ခြင်းနှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်သည့်နေ့ရက်မှ စတင်၍ အာဏာတည်စေရမည်။
၃။ ဤဥပဒေသည် သစ်၊ ဝါးဖြင့် ဆောက်လုပ်သည့် အဆောက်အအုံများမှအပ မြန်မာနိုင်ငံ ဆောက်လုပ်မှုကဏ္ဍတွင် ပါဝင်သည့်လုပ်ငန်းများ၊ မြန်မာနိုင်ငံတစ်ဝန်းရှိ တည်ဆောက်ရေးနှင့် သက်ဆိုင်သော အခြေခံအဆောက်အဦများ ဆောက်လုပ်ခြင်း၊ တိုးချဲ့မွမ်းမံခြင်း၊ ထိန်းသိမ်းပြင်ဆင် ခြင်း၊ ဖျက်သိမ်းခြင်းများနှင့် သက်ဆိုင်စေရမည်။
၄။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည် -
(က) ဆောက်လုပ်မှုကဏ္ဍ ဆိုသည်မှာ တည်ဆောက်ရေးလုပ်ငန်းအားလုံးနှင့် သက်ဆိုင်သည့် ကဏ္ဍကို ဆိုသည်။ ယင်းစကားရပ်တွင် နည်းပညာ၊ စီမံခန့်ခွဲမှု၊ အကောင်အထည် ဖော်ရန်နည်းလမ်း၊ တည်ဆောက်မှုလုပ်ငန်း လိုအပ်ချက်များဖြည့်တင်းခြင်း၊ လုပ်ငန်း စီမံကိန်း မစတင်မီ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်၊ တည်ဆောက်မှုလုပ်ငန်းစဉ်၊ ပါဝင် ဆောင်ရွက်သူများ၊ တည်ဆောက်သည့် လုပ်ငန်းအမျိုးအစား၊ လုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ အသုံးပြုခြင်း၊ တည်ဆောက်ရေးနှင့် သက်ဆိုင်သော ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ ပါဝင်သည်။
(ခ) တည်ဆောက်ရေးနှင့်သက်ဆိုင်သော ဝန်ဆောင်မှုလုပ်ငန်း ဆိုသည်မှာ နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေ သို့မဟုတ် နိုင်ငံခြားချေးငွေ၊ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့် သို့မဟုတ် နိုင်ငံတော်ပိုင်ဆိုင်သည့်အရင်းအမြစ်များနှင့် ပုဂ္ဂလိကပိုင်ဆိုင်မှုတို့ဖြင့် အကျိုးတူပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အခြေခံအဆောက်အဦ သို့မဟုတ် အခြားလိုအပ်သည့် တည်ဆောက်မှုလုပ်ငန်းကိုဖြစ်စေ၊ ကိုယ်ပိုင်ငွေကြေးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် အများပြည်သူသုံးအဆောက်အအုံ သို့မဟုတ် လူနေအိမ်ကိုဖြစ်စေ ဆောက်လုပ်ခြင်း၊ တိုးချဲ့မွမ်းမံခြင်း၊ ထိန်းသိမ်းပြင်ဆင်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းနှင့် ဆောက်လုပ်မွမ်းမံပြင်ဆင်ရန် ဒီဇိုင်းပုံစံများထုတ်ခြင်း၊ ကုန်ကျစရိတ်တွက်ချက်ခြင်း၊ လုပ်ငန်းအရည်အသွေးစစ်ဆေးခြင်းနှင့် တည်ဆောက်ရေး လုပ်ငန်းစီမံခန့်ခွဲခြင်းလုပ်ငန်းများကို ဆိုသည်။
(ဂ) အခြေခံအဆောက်အဦ ဆိုသည်မှာ နိုင်ငံတော်အတွက် လိုအပ်သော အဆောက်အအုံ၊ လမ်း၊ တံတား၊ လေယာဉ်ကွင်း၊ ဆိပ်ကမ်း၊ ဆည်မြောင်းတာတမံ၊ လျှပ်စစ်ဓာတ်အား ခွဲရုံ၊ ဓာတ်အားလိုင်း၊ မီးရထား ဘူတာရုံ၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံ၊ မြို့တော်ခန်းမ၊ စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ နည်းပညာ၊ စွမ်းအင်နှင့် ဆက်သွယ်ရေးကွန်ရက် စသည့် အဆောက်အဦများကို ဆိုသည်။
(ဃ) ထိန်းသိမ်းပြင်ဆင်ခြင်း ဆိုသည်မှာ မူလအသုံးပြုမှုပုံစံအရည်အသွေးအတိုင်း ပျက်စီး ယိုယွင်းမှုမရှိစေရေး သို့မဟုတ် ပိုမိုကောင်းမွန်စေရေးအတွက် ပြင်ဆင်၍ ထိန်းသိမ်း ကာကွယ်ခြင်းကို ဆိုသည်။
(င) လုပ်ငန်းစီမံကိန်းမစတင်မီ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် ဆိုသည်မှာ စီမံချက်ရေးဆွဲခြင်း၊ ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်း၊ ဒီဇိုင်းပုံစံများထုတ်ခြင်း၊ ကုန်ကျစရိတ်နှင့် ရရှိမည့် လုပ်ဆောင်မှုရလဒ်စိစစ်ခြင်းတို့ကို ဆိုသည်။
(စ) တည်ဆောက်မှုလုပ်ငန်းစဉ် ဆိုသည်မှာ တည်ဆောက်ရေးစီမံကိန်းများ စတင်ရန်အတွက် လိုအပ်သည့် သတ်မှတ်အရည်အချင်းရှိသည့် ကျွမ်းကျင်ပညာရှင်များ၊ ဗိသုကာနှင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာဝန်ဆောင်မှုအဖွဲ့များအား ရွေးချယ်တာဝန်ပေးအပ်ခြင်း၊ လုပ်ငန်းလုပ်ဆောင်သည့် တည်ဆောက်သူများ၊ တည်ဆောက်ရေးပစ္စည်း၊ ယာဉ် ယန္တရားများနှင့် စက်ကိရိယာများကို သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ရွေးချယ်ဆောင်ရွက်ခြင်း၊ တည်ဆောက်ရေးနည်းလမ်းများ သတ်မှတ်ခြင်း၊ ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်း၊ အသုံးချမှုပြောင်းလဲခြင်း၊ ပြုပြင် မွမ်းမံခြင်း၊ အစားထိုးပြုပြင် အဆင့်မြှင့်ခြင်း၊ တစ်စိတ်တစ်ပိုင်းဖျက်သိမ်းခြင်း၊ အားလုံးဖျက်သိမ်းရှင်းလင်းခြင်း၊ တည်ဆောက်ရေးလုပ်ငန်းများ အပြီးသတ်ခြင်းနှင့် မှတ်တမ်းတင်၍ လိုအပ်ချက်များရှိပါက ပြင်ဆင်ဆောင်ရွက်ခြင်းတို့ကို ဆိုသည်။
(ဆ) အများပြည်သူသုံး အဆောက်အအုံ ဆိုသည်မှာ ရုံး၊ စာသင်ကျောင်း၊ တက္ကသိုလ်၊ စာကြည့်တိုက်၊ ဘာသာရေးဆိုင်ရာအဆောက်အအုံ၊ ကားရပ်နားရန်နေရာ၊ သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ အဆောက်အအုံ၊ ဆေးရုံ၊ ရုပ်ရှင်ရုံ၊ အားကစား ကွင်း၊ အားကစားရုံ၊ ခန်းမ၊ စျေး၊ ကုန်တိုက်၊ ဘဏ်နှင့် ဟိုတယ်စသည့် အများပြည်သူ နှင့် သက်ဆိုင်သည့် အဆောက်အအုံများကို ဆိုသည်။
(ဇ) ဗဟိုကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီကို ဆိုသည်။
(ဈ) ဦးစီးကော်မတီ ဆိုသည်မှာ ဤဥပဒေအရ လုပ်ငန်းကဏ္ဍအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဥက္ကဋ္ဌအဖြစ် ပါဝင်ဖွဲ့စည်းထားသည့်ကော်မတီကို ဆိုသည်။
(ည) ဒေသဆိုင်ရာကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ကို ဆိုသည်။
(ဋ) ဝန်ကြီးဌာန ဆိုသည်မှာ ဤဥပဒေပါကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက် သည့်ဝန်ကြီးဌာနကို ဆိုသည်။
(ဌ) သက်ဆိုင်ရာဝန်ကြီးဌာန ဆိုသည်မှာ ဝန်ကြီးဌာနမှတစ်ပါး ဆောက်လုပ်မှုကဏ္ဍနှင့် သက်ဆိုင်သော အခြားဝန်ကြီးဌာနကို ဆိုသည်။
(ဍ) ဦးစီးဌာန ဆိုသည်မှာ ဤဥပဒေပါကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဝန်ကြီးဌာနက တာဝန်ပေးအပ်ထားသည့် ဦးစီးဌာနကို ဆိုသည်။
(ဎ) သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်း ဆိုသည်မှာ ဆောက်လုပ်မှုကဏ္ဍနှင့် သက်ဆိုင်သော ဝန်ကြီးဌာနက တာဝန်ပေးအပ်ခြင်းခံရသည့် ဦးစီးဌာန၊ အစိုးရအဖွဲ့အစည်းကို ဆိုသည်။
(ဏ) လုပ်ငန်းပိုင်ရှင် ဆိုသည်မှာ ပြည်ထောင်စု၏ ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များက နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် တည်ဆောက်ရေးနှင့် သက်ဆိုင်သော စီမံကိန်းလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း၊ လုပ်ထုံးလုပ်နည်းအရ လုပ်ငန်းအပ်နှံဆောင်ရွက်ခြင်း၊ လုပ်ငန်းတန်ဖိုးပေးချေခြင်း၊ စစ်ဆေးလက်ခံခြင်း၊ ပိုင်ဆိုင်အသုံးပြုခြင်းတို့ ဆောင်ရွက်သည့်အဖွဲ့အစည်းများ သို့မဟုတ် နိုင်ငံခြားချေးငွေ၊ ထောက်ပံ့ငွေများဖြင့် ဆောင်ရွက်ရမည့် တည်ဆောက်ရေးလုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်သည့်ကိစ္စရပ်များအား တာဝန်ယူစီမံဆောင်ရွက်သည့် အဖွဲ့အစည်းများ သို့မဟုတ် စီမံကိန်းလုပ်ငန်းများကို နိုင်ငံတော်ပိုင်ဆိုင်သည့် အရင်းအမြစ်များနှင့် ပုဂ္ဂလိကပိုင်ဆိုင်မှုတို့ဖြင့် အကျိုးတူပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အစိုးရအဖွဲ့အစည်းနှင့် ပုဂ္ဂလိကကုမ္ပဏီ သို့မဟုတ် ကိုယ်ပိုင်ငွေကြေးဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ၏ ပုဂ္ဂလိကလုပ်ငန်းရှင် သို့မဟုတ် ကုမ္ပဏီကိုဖြစ်စေ၊ ပုဂ္ဂလိကနေအိမ်များ၏ အိမ်ရှင် ကိုဖြစ်စေ ဆိုသည်။
(တ) တည်ဆောက်သူ(ကန်ထရိုက်တာ) ဆိုသည်မှာ ဆောက်လုပ်ခြင်း၊ တိုးချဲ့မွမ်းမံခြင်း၊ ထိန်းသိမ်းပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်းစသည့် တည်ဆောက်ရေးနှင့်သက်ဆိုင်သည့် လုပ်ငန်းများကို ဆောင်ရွက်ရန် သတ်မှတ်အရည်အချင်းများနှင့် ပြည့်မီ၍ ဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းက မှတ်ပုံတင်လက်မှတ် ထုတ်ပေးထား သော လူပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။
(ထ) အကြံပေးပညာရှင် သို့မဟုတ် အကြံပေးပညာရှင်အဖွဲ့ ဆိုသည်မှာ နည်းပညာဆိုင်ရာ အတိုင်ပင်ခံ၊ အကြံပေးလုပ်ငန်းများကိုဆောင်ရွက်ရန် သတ်မှတ်အရည်အချင်းများနှင့် ပြည့်မီ၍ ဦးစီးဌာနက မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသော လူပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။
(ဒ) လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့ ဆိုသည်မှာ တည်ဆောက်ရေးနှင့်သက်ဆိုင်သော ဝန်ဆောင်မှု လုပ်ငန်းတစ်မျိုးမျိုးကို တည်ဆောက်သူက အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံချက်ရေးဆွဲခြင်း၊ တည်ဆောက်နေစဉ်ကာလတွင် ကြီးကြပ်ခြင်း၊ တည်ဆောက်ပြီး နောက်ပိုင်း ဆန်းစစ်သုံးသပ်ခြင်းတို့အား ဆောင်ရွက်ရန် သတ်မှတ်အရည်အချင်းနှင့် ပြည့်မီ၍ ဦးစီးဌာနက မှတ်ပုံတင်လက်မှတ် ထုတ်ပေးထားသော ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။
(ဓ) လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့ ဆိုသည်မှာ တည်ဆောက်ရေးနှင့် သက်ဆိုင် သော ဝန်ဆောင်မှုလုပ်ငန်းတစ်မျိုးမျိုးကို ဒီဇိုင်းပုံစံများနှင့်အညီ တည်ဆောက်ခြင်း ရှိ မရှိ၊ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ၊ သက်ဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းနယ်ပယ်ဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့် တည်ဆောက်ရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ခြင်း ရှိ မရှိ တို့ကို စစ်ဆေးရန် သတ်မှတ်အရည်အချင်းများနှင့်ပြည့်မီ၍ ဦးစီးဌာနက မှတ်ပုံတင်လက်မှတ်ထုတ်ပေး ထားသော ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။
(န)ဗိသုကာနှင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာဝန်ဆောင်မှုအဖွဲ့ ဆိုသည်မှာ ဗိသုကာနှင့် ဖွဲ့စည်းတည်ဆောက်ပုံ ဒီဇိုင်းများထုတ်ခြင်း၊ တည်ဆောက်ရေး ခန့်မှန်းကုန်ကျစရိတ် များ တွက်ချက်ခြင်း၊ မြေစမ်းသပ်ခြင်း သို့မဟုတ် ဘူမိနည်းပညာဆိုင်ရာ အထူးပြု ဆောင်ရွက်ရသော အုတ်မြစ်လုပ်ငန်းကို ဆောင်ရွက်ရန် သတ်မှတ်အရည်အချင်းများ နှင့်ပြည့်မီ၍ မြန်မာနိုင်ငံဗိသုကာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသော လူပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့် ဝန်ဆောင် မှုကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။
(ပ) တတိယအဖွဲ့အစည်း ဆိုသည်မှာ လုပ်ငန်းပိုင်ရှင်၊ တည်ဆောက်သူ၊ အကြံပေးပညာရှင် သို့မဟုတ် အကြံပေးပညာရှင်အဖွဲ့၊ လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တို့နှင့် ပတ်သက်ဆက်နွှယ်မှုမရှိသည့် တည်ဆောက်ရေးဘာသာရပ် ဆိုင်ရာနှင့် တည်ဆောက်ရေးနှင့် နှီးနွှယ်ဘာသာရပ်ဆိုင်ရာပညာရှင်များနှင့် ဖွဲ့စည်းပြီး အထပ်မြင့်နှင့်အများပြည်သူသုံးအဆောက်အအုံ၊ အခြေခံအဆောက်အဦများကို ဒီဇိုင်း ပုံစံစစ်ဆေးခြင်း၊ တည်ဆောက်ရေးကာလအတွင်း လိုအပ်သလို စစ်ဆေးခြင်းပြုရန် အရည်အချင်းများပြည့်မီ၍ ဦးစီးဌာနက မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသော ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။
(ဖ) လုပ်ငန်းခွင်ကြီးကြပ်သူ ဆိုသည်မှာ သက်ဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်တွင် လုပ်ငန်းပိုင်ရှင်က တာဝန်ပေးအပ်ထားသော မှတ်ပုံတင်အင်ဂျင်နီယာ သို့မဟုတ် ကြီးကြပ်သူကို ဆိုသည်။
(ဗ) အရည်အသွေးထောက်ခံချက်လက်မှတ် ဆိုသည်မှာ တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများ၏ စံချိန်စံညွှန်းများကိုက်ညီမှုအား အသိအမှတ်ပြုဓာတ်ခွဲခန်းတွင် စစ်ဆေး၍ သတ်မှတ်စံချိန်စံညွှန်းများပြည့်မီကြောင်း အရည်အသွေးထောက်ခံချက်အတွက် စံချိန် စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေအရ ထုတ်ပေးထားသည့်လက်မှတ်ကို ဆိုသည်။
(ဘ) အသိအမှတ်ပြုဓာတ်ခွဲခန်း ဆိုသည်မှာ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ၏ စံချိန်စံညွှန်းကိုက်ညီမှုအား စမ်းသပ်စစ်ဆေး၍ အရည်အသွေးထောက်ခံချက် ထုတ်ပေးခွင့်ရှိသည့် စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာဥပဒေအရ အသိအမှတ်ပြုလွှာ ရရှိထားသော ဓာတ်ခွဲခန်းကို ဆိုသည်။
အခန်း (၂)
ရည်ရွယ်ချက်
၅။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) နိုင်ငံတော်၏ ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒနှင့် စံချိန်စံညွှန်း များကို ချမှတ်၍ တစ်ပြေးညီ ကျင့်သုံးအကောင်အထည်ဖော်နိုင်ရန်နှင့် ကြီးကြပ်စီမံ ဆောင်ရွက်နိုင်ရန်၊
(ခ) ဆောက်လုပ်မှုကဏ္ဍကို စနစ်ကျန၍ ခေတ်မီစွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ် နှင့်အညီ တိုးတက်လာသည့် တည်ဆောက်ရေးဆိုင်ရာနည်းပညာများအား မိမိနိုင်ငံ ရေမြေသဘာဝနှင့် ကိုက်ညီဆီလျော်အောင် စဉ်ဆက်မပြတ်လေ့လာ သုတေသနပြု အသုံးပြုနိုင်ရန်၊
(ဂ) အများပြည်သူများနှင့် အသုံးပြုသူများအတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည် အသွေး ပြည့်မီကောင်းမွန်၍ ဘေးအန္တရာယ်ကင်းရှင်း လုံခြုံစိတ်ချရသော သဘာဝ ဘေးဒဏ်ခံ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသည့် အခြေခံအဆောက်အဦများ ထွက်ပေါ်လာရန်၊
(ဃ) အခြေခံအဆောက်အဦများ ဆောက်လုပ်ရာတွင် သက်ဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းများ၊ စံချိန်စံညွှန်းများနှင့်အညီ ဒီဇိုင်းပုံစံထုတ်ခြင်း၊ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းနှင့် စစ်ဆေးခြင်းများ စနစ်တကျဆောင်ရွက်နိုင်ရန်နှင့် တည်ဆောက်ရေးပစ္စည်းများ သတ်မှတ်စံချိန်စံညွှန်းနှင့် ညီညွတ်စေရန်၊
(င) တည်ဆောက်ပြီး အခြေခံအဆောက်အဦများ သက်တမ်းအလိုက် စဉ်ဆက်မပြတ် ကြံ့ခိုင်ရေးအတွက် ပုံမှန်ထိန်းသိမ်းရေး၊ အရေးပေါ်ထိန်းသိမ်းရေးနှင့် လုပ်ငန်း လည်ပတ်ဆောင်ရွက်ရေးတို့ကို စနစ်တကျဆောင်ရွက်နိုင်ရန်။
အခန်း (၃)
ဗဟိုကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ
၆။ ပြည်ထောင်စုအစိုးရအဖွဲ့သည် -
(က) ဤဥပဒေပါ ရည်ရွယ်ချက်များ အကောင်အထည်ဖော်ရန်အလို့ငှာ ဒုတိယသမ္မတ တစ်ဦး ကို ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးကို ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ဆောက်လုပ်မှုကဏ္ဍနှင့် သက်ဆိုင်သော ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဆောက်လုပ်မှုကဏ္ဍနှင့် သက်ဆိုင်သောဥပဒေနှင့် အညီ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် ဆောက်လုပ်မှုကဏ္ဍနှင့် သက်ဆိုင်သော ဝါရင့်ကျွမ်းကျင်ပညာရှင်များကို အဖွဲ့ဝင်များအဖြစ်လည်းကောင်း၊ ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးကို အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ကို တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း ပါဝင်စေလျက် ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ကို ဖွဲ့စည်းရမည်။
(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းထားသော ဗဟိုကော်မတီကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်း နိုင်သည်။
၇။ ဗဟိုကော်မတီသည် တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ မရှိ စိစစ်ကြပ်မတ်ရေး၊ ပြည်ပမှတင်သွင်းသော တည်ဆောက်ရေးပစ္စည်းများနှင့် ပြည်တွင်းမှထုတ်လုပ်သော တည်ဆောက်ရေးပစ္စည်းများ အရည်အသွေးပြည့်မီခြင်း ရှိ မရှိ စိစစ် ကြပ်မတ်ရေးအတွက် လိုအပ်ပါက သက်ဆိုင်ရာလုပ်ငန်းတာဝန်အလိုက် ဦးစီးကော်မတီများ၊ ဆပ်ကော်မတီနှင့် အဖွဲ့အစည်းများကို ဖွဲ့စည်းတာဝန်ပေးအပ်နိုင်သည်။
၈။ ဗဟိုကော်မတီသည် တည်ဆောက်ရေးလုပ်ငန်း၊ ဆောက်လုပ်မှုလုပ်ငန်းစဉ်၊ စံချိန်စံညွှန်းများ နှင့် အရည်အသွေးစသည့် ဆောက်လုပ်မှုကဏ္ဍနှင့်သက်ဆိုင်သော အငြင်းပွားမှုများအားဖြေရှင်းရန် လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးက တာဝန်ပေးအပ်သည့် တည်ဆောက်ရေးဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်၍ အတွေ့အကြုံရှိသူတစ်ဦးက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၏ ဦးစီးဌာနမှ အရာထမ်းတစ်ဦးက အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ အခြားသင့်လျော်သည့် ပုဂ္ဂိုလ်များက အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်သော အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိအဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့တို့ကို အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ လုပ်ငန်းတာဝန်သတ်မှတ် ဖွဲ့စည်းနိုင်သည်။
၉။ ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) ဆောက်လုပ်မှုကဏ္ဍကို စနစ်ကျန၍ တစ်ပြေးညီကျင့်သုံးအကောင်အထည်ဖော်နိုင်ရန် မူဝါဒနှင့် စံချိန်စံညွှန်းများ ချမှတ်ခြင်း၊
(ခ) ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်နှင့်အညီ တိုးတက်လာသည့် တည်ဆောက်ရေးဆိုင်ရာနည်းပညာများအား လေ့လာသုတေသနပြု၍ မိမိနိုင်ငံနှင့် ကိုက်ညီသည့် နည်းပညာများပြန့်ပွားရန် ဆောင်ရွက်စေခြင်း၊
(ဂ) ပြည်ထောင်စုအစိုးရက ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ နိုင်ငံခြားချေးငွေ သို့မဟုတ် ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောက်လုပ်ရန် သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းက တင်ပြလျှင်ဖြစ်စေ၊ ပုဂ္ဂလိကအစီအစဉ်ဖြင့် ဆောင်ရွက်မည့် ၁၂ ထပ် အထက် သို့မဟုတ် အမြင့် ၁၄၀ ပေ အထက် အဆောက်အအုံ များ သို့မဟုတ် အမြင့် ၆၈ ပေ အထက် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ၁၂ ထပ် တွင် မြေအောက်ခန်း (Basement) ပါဝင်သော အဆောက်အအုံများ၊ ၁၂ ထပ် အောက် ဖြစ်သော်လည်း လူ ၅၀၀ နှင့်အထက် အသုံးပြုမည့် ဧရိယာ ၁၂၀၀၀ စတုရန်းပေအထက် အများပြည်သူသုံးအဆောက်အအုံများ၊ အများပြည်သူအန္တရာယ် ဖြစ်စေနိုင်သော အဆောက်အအုံများ၊ အဆိပ်အတောက်နှင့် ပေါက်ကွဲစေတတ်သော အရာဝတ္ထုသိုလှောင်ရုံများ ဆောက်လုပ်ရန်အတွက် သက်ဆိုင်ရာဦးစီးကော်မတီက တင်ပြလာလျှင်ဖြစ်စေ အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
(ဃ) နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ၊ နိုင်ငံခြားချေးငွေ၊ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်းများအား စံချိန်စံညွှန်းများနှင့် ညီညွတ်ခြင်း ရှိ မရှိ သက်ဆိုင် ရာ ဦးစီးဌာန၊ အဖွဲ့အစည်း သို့မဟုတ် တတိယအဖွဲ့အစည်းအား အခါအားလျော်စွာ တာဝန် ပေးအပ်စစ်ဆေးစေ၍ တင်ပြလာသော အရည်အသွေးပြည့်မီမှုမရှိသည့် လုပ်ငန်း များအား ပြင်ဆင်စေခြင်း သို့မဟုတ် ဖျက်သိမ်း၍ ပြန်လည်တည်ဆောက်စေခြင်း၊
(င) ပုဂ္ဂလိကအစီအစဉ်ဖြင့် ဆောင်ရွက်သော ၁၂ ထပ်အထက် သို့မဟုတ် အမြင့် ၁၄၀ ပေ အထက် အဆောက်အအုံများ သို့မဟုတ် အမြင့် ၆၈ ပေ အထက် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ၁၂ ထပ်တွင် မြေအောက်ခန်း (Basement) ပါဝင်သော အဆောက်အအုံများ၊ ၁၂ ထပ်အောက်ဖြစ်သော်လည်း လူ ၅၀၀ နှင့်အထက် အသုံးပြု မည့် ဧရိယာ ၁၂၀၀၀ စတုရန်းပေအထက် အများပြည်သူသုံးအဆောက်အအုံများ၊ အများပြည်သူအန္တရာယ်ဖြစ်စေနိုင်သော အဆောက်အအုံများ၊ အဆိပ်အတောက်နှင့် ပေါက်ကွဲစေတတ်သော အရာဝတ္ထုသိုလှောင်ရုံများကို အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ပညာရှင်များဖြင့် ကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ် စစ်ဆေး
စေ၍ တင်ပြလာသော အရည်အသွေးပြည့်မီမှုမရှိသည့် လုပ်ငန်းများအား ပြင်ဆင်စေ ခြင်း သို့မဟုတ် ဖျက်သိမ်းစေခြင်း၊
(စ) ပုဒ်မခွဲ (ဃ) နှင့် (င) တို့နှင့်အညီ ပြင်ဆင်ခြင်း သို့မဟုတ် ဖျက်သိမ်း၍ ပြန်လည် တည်ဆောက်ခြင်းပြုလုပ်စဉ်ကာလတွင် သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်း သို့မဟုတ် တတိယအဖွဲ့အစည်းအား ကြီးကြပ်စေပြီး တည်ဆောက်ပြီးနောက် အရည်အသွေး ပြည့်မီကြောင်း သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းက တင်ပြပါက အတည်ပြုခြင်း၊
(ဆ) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ရန် လမ်းညွှန်မှုပေးခြင်းနှင့် စိစစ် ကြပ်မတ်ဆောင်ရွက်ရန် လမ်းညွှန်မှုပေးခြင်း၊
(ဇ) တည်ဆောက်ရေးနယ်ပယ်အလိုက် ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရပြီး စံချိန်စံညွှန်းများနှင့် အရည်အသွေးပြည့်မီသည့် အခြေခံအဆောက်အဦများရရှိရေး အတွက် စိစစ်ကြပ်မတ်နိုင်ရန် နိုင်ငံတော်၏ ဆောက်လုပ်မှုကဏ္ဍကို တာဝန်ယူ ဆောင်ရွက်လျက်ရှိသော သက်ဆိုင်ရာဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းအသီးသီးသို့ တာဝန်ပေးအပ်ခြင်း၊
(ဈ) ဆောက်လုပ်မှုကဏ္ဍနှင့် သက်ဆိုင်သော ဗိသုကာနှင့်အင်ဂျင်နီယာပညာရပ်များ ဖွံ့ဖြိုး တိုးတက်ရေး၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေး၊ နည်းပညာများသင်ကြားရေး၊ လုပ်ငန်းကျွမ်းကျင်မှုလေ့ကျင့်ရေး၊ အတတ်ပညာများ၊ နည်းပညာများ နှီးနှောဖလှယ် ရေး၊ ဗိသုကာနှင့်အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အတွေ့အကြုံများပြန့်ပွားရေးတို့တွင် ဒေသဆိုင်ရာအပါအဝင် နိုင်ငံတကာပညာရှင်အဖွဲ့အစည်းများ၊ ပညာရပ်ဆိုင်ရာ၊ သုတေသနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့တွင် စနစ်တကျ ဦးဆောင်မှုပေးခြင်း၊
(ည) ဦးစီးကော်မတီများ၊ ဒေသဆိုင်ရာကော်မတီများနှင့် ဆောက်လုပ်မှုကဏ္ဍ ကြီးကြပ် စစ်ဆေးရေးအတွက် တာဝန်ယူဆောင်ရွက်လျက်ရှိသော သက်ဆိုင်ရာအဖွဲ့အစည်းများ သို့ ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးပြည့်မီရေး၊ စံချိန်စံညွှန်းများ နှင့် ကိုက်ညီအောင် ကြပ်မတ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော လမ်းညွှန်မှု များပေးခြင်း၊ ကြပ်မတ်စစ်ဆေးနိုင်ခွင့် တိုးမြင့်အပ်နှင်းခြင်း သို့မဟုတ် လျှော့ချခြင်း၊
(ဋ) ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောက်လုပ်မှုကဏ္ဍနှင့် သက်ဆိုင် သည့် အဖွဲ့အစည်းအားလုံးအချင်းချင်း အပြန်အလှန်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင် ရေး၊ လိုအပ်သည့်အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေး ကူညီပံ့ပိုးပေးခြင်း၊
(ဌ) အကြံပေးပညာရှင် သို့မဟုတ် အကြံပေးပညာရှင်အဖွဲ့၊ လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့၊ လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့၊ ဗိသုကာနှင့်အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့၊ တတိယအဖွဲ့အစည်းများ သို့မဟုတ် တည်ဆောက်သူများကို မှတ်ပုံတင်လက်မှတ်ထုတ်ပေးရေးအတွက် အရည်အချင်းသတ်မှတ်နိုင်ရန် လမ်းညွှန်မှု ပေးခြင်း၊
(ဍ) လုံခြုံစိတ်ချရပြီး စံချိန်စံညွှန်းများနှင့် အရည်အသွေးပြည့်မီသည့် အဆောက်အအုံများ ဖြစ်ပေါ်လာစေရန် သက်ဆိုင်ရာ မှတ်ပုံတင်လက်မှတ်ထုတ်ပေးရာတွင် သတ်မှတ် အရည်အချင်းများနှင့် ညီညွတ်ခြင်း ရှိ မရှိ ဦးစီးဌာန၏ တင်ပြချက်အပေါ် အတည်ပြုနိုင် ရန် မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းတာဝန်ပေးခြင်း၊
(ဎ) ဦးစီးဌာနက တည်ဆောက်သူ၊ အကြံပေးပညာရှင် သို့မဟုတ် အကြံပေးပညာရှင်အဖွဲ့၊ လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့၊ လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့၊ တတိယအဖွဲ့ အစည်းတို့နှင့်စပ်လျဉ်း၍ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းကို လိုအပ်သလို ကြီးကြပ်ကွပ်ကဲခြင်း၊ စိစစ်ခြင်းနှင့် လမ်းညွှန်မှုပေးခြင်း၊
(ဏ) ဦးစီးဌာနနှင့် သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းက အရည်အသွေးထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်းများအပေါ် လိုအပ်သလို ကြီးကြပ်ကွပ်ကဲခြင်းနှင့် လမ်းညွှန် မှုပေးခြင်း၊
(တ) ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စံချိန်စံညွှန်းများနှင့် အရည်အသွေး ပြည့်မီသော အခြေခံအဆောက်အဦများရရှိစေရေး အခြားလိုအပ်သော စီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်ခြင်း။
၁၀။ ဦးစီးဌာနသည် ဗဟိုကော်မတီ၏ ရုံးလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်။
အခန်း (၄)
ဒေသဆိုင်ရာကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ
၁၁။ ဗဟိုကော်မတီသည် ဒေသဆိုင်ရာကော်မတီကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ကို ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆောက်လုပ်မှု ကဏ္ဍနှင့်သက်ဆိုင်သည့် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်တာဝန်ခံများ၊ ဆောက်လုပ်မှုကဏ္ဍနှင့်သက်ဆိုင်သော ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ၊ ပြည်ထောင်စုနယ်မြေ သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ဆောက်လုပ်မှုကဏ္ဍနှင့်သက်ဆိုင်သော ဝါရင့်ကျွမ်းကျင်ပညာရှင်များကို အဖွဲ့ဝင်များအဖြစ် လည်းကောင်း၊ နေပြည်တော်ကောင်စီဝင်တစ်ဦး သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာ ဝန်ကြီးတစ်ဦးကို အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ဝန်ကြီးဌာနမှ ပြည်ထောင်စုနယ်မြေ သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်တစ်ဦးကို တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း ပါဝင်စေ လျက် ဖွဲ့စည်းရမည်။
၁၂။ ဒေသဆိုင်ရာကော်မတီသည် လုပ်ငန်းတာဝန်များအရ လိုအပ်ပါက တည်ဆောက်ရေး လုပ်ငန်းများ၊ ဆောက်လုပ်မှုလုပ်ငန်းစဉ်၊ စံချိန်စံညွှန်းများနှင့် အရည်အသွေးစသည့် ဆောက်လုပ်မှု ကဏ္ဍနှင့် သက်ဆိုင်သော အငြင်းပွားမှုများကို ဖြေရှင်းရန်သော်လည်းကောင်း၊ သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းကဖြစ်စေ အရည်အသွေးပြည့်မီခြင်း ရှိ မရှိ စစ်ဆေးပေးရန် အကြောင်းကြားလျှင်သော် လည်းကောင်း၊ တိုင်ကြားစာလက်ခံရရှိလျှင်သော်လည်းကောင်း အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၊ စုံစမ်းစစ်ဆေးရေးအဖွဲ့တို့ကို ဖွဲ့စည်းတာဝန်ပေးအပ်နိုင်သည်။
၁၃။ ဒေသဆိုင်ရာကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ၊ နိုင်ငံခြားချေးငွေ သို့မဟုတ် ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများ သို့မဟုတ် ပုဂ္ဂလိက
အစီအစဉ်ဖြင့် ဆောင်ရွက်မည့် ၉ ထပ် မှ ၁၂ ထပ် သို့မဟုတ် အမြင့် ၁၀၀ ပေ မှ ၁၄၀ ပေ အထိ အဆောက်အအုံများ သို့မဟုတ် အမြင့် ၄၀ ပေ မှ ၆၈ ပေ အထိ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဧရိယာ ၁၀၀၀၀ မှ ၁၂၀၀၀ စတုရန်းပေအထိ အများပြည်သူသုံး အဆောက်အအုံများ ဆောက်လုပ်ရန်အတွက် သက်ဆိုင်ရာ ဦးစီးဌာန၊ အဖွဲ့အစည်းက တင်ပြလျှင် အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများအား ဘေးအန္တရာယ်ကင်းရှင်း၍ စံချိန်စံညွှန်းများနှင့် ညီညွတ်ခြင်း ရှိ မရှိ သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်း သို့မဟုတ် တတိယ အဖွဲ့အစည်းအား အခါအားလျော်စွာ တာဝန်ပေးအပ်စစ်ဆေးစေ၍ အရည်အသွေး ပြည့်မီမှုမရှိသော လုပ်ငန်းများအား ပြင်ဆင်စေခြင်း သို့မဟုတ် ဖျက်သိမ်း၍ ပြန်လည် တည်ဆောက်စေခြင်း၊
(ဂ) ပုဂ္ဂလိကအစီအစဉ်ဖြင့် ဆောင်ရွက်သော ၉ ထပ်မှ ၁၂ ထပ် သို့မဟုတ် အမြင့် ၁၀၀ ပေ မှ ၁၄၀ ပေ အထိ အဆောက်အအုံများ သို့မဟုတ် အမြင့် ၄၀ ပေမှ ၆၈ ပေအထိ ဘာသာရေး ဆိုင်ရာအဆောက်အအုံများ၊ ဧရိယာ ၁၀၀၀၀ မှ ၁၂၀၀၀ စတုရန်းပေအထိ အများပြည်သူသုံး အဆောက်အအုံများနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းပြီး စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ မရှိ ကြီးကြပ်စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စိစစ် ဆောင်ရွက်စေခြင်း၊ တင်ပြလာသော အရည်အသွေးပြည့်မီမှုမရှိသည့် လုပ်ငန်းများအား ပြင်ဆင်စေခြင်း သို့မဟုတ် ဖျက်သိမ်းစေခြင်း၊
(ဃ) ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့နှင့်အညီ ပြင်ဆင်ခြင်း သို့မဟုတ် ဖျက်သိမ်း၍ ပြန်လည် တည်ဆောက်ခြင်းပြုလုပ်စဉ်ကာလတွင် သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်း သို့မဟုတ် တတိယအဖွဲ့အစည်းအား ကြီးကြပ်စေပြီး တည်ဆောက်ပြီးနောက် အရည်အသွေး ပြည့်မီကြောင်း သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းက တင်ပြပါက အတည်ပြုခြင်း၊
(င) ၉ ထပ်အောက် အဆောက်အအုံများနှင့် ဧရိယာ ၁၀၀၀၀ စတုရန်းပေအောက် အများပြည်သူသုံးအဆောက်အအုံများ၊ အမြင့် ၄၀ ပေအောက် ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို တည်ဆောက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်း၍ အတည်ပြု ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ကိုက်ညီမှု ရှိ မရှိ စိစစ်ဆောင်ရွက်စေရန် သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့ များသို့ လမ်းညွှန်မှုပေးခြင်းနှင့် ကြပ်မတ်စစ်ဆေးခြင်း၊
(စ) ဗဟိုကော်မတီမှ ချမှတ်သော လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရန် သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းအား လမ်းညွှန်ခြင်း နှင့် ကြီးကြပ်ကွပ်ကဲခြင်း၊
(ဆ) ဒီဇိုင်းပုံစံနှင့် နည်းပညာဆိုင်ရာ လိုအပ်ပါက ဗဟိုကော်မတီသို့ စစ်ဆေးမှုနှင့်ပတ်သက် သည့် အကူအညီတောင်းခံခြင်း၊ ဗဟိုကော်မတီအစည်းအဝေးသို့ တင်ပြ၍ မှတ်တမ်း တင်ခြင်း၊
(ဇ) ပြည်ထောင်စုနယ်မြေ၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ က ကြပ်မတ်ဆောင်ရွက်သည့် စီမံကိန်းများကို မှတ်ပုံတင်စာရင်းထားရှိ၍ ထိန်းသိမ်း ခြင်း၊
(ဈ) တည်ဆောက်သူများ၊ လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့များအတွက် အလေ့ အကျင့်ကောင်းများရရှိစေရန် ပညာပေးခြင်း၊ ကြီးကြပ်ခြင်းနှင့် အကဲဖြတ်မှတ်တမ်း များကို ဦးစီးဌာနသို့ ပေးပို့ခြင်း၊
(ည) ဘဏ္ဍာနှစ်အလိုက် ဒေသတွင်းရှိ တည်ဆောက်ရေးပစ္စည်းဈေးနှုန်းများ၊ လုပ်အားခ နှုန်းထားများနှင့် သယ်ယူပို့ဆောင်ခနှုန်းထားများကို အတည်ပြုထုတ်ပြန်ပေးခြင်း၊
(ဋ) ဒေသတွင်းတည်ဆောက်ရေးပစ္စည်း ထုတ်လုပ်သူများ၊ ပေးသွင်းသူများအား စနစ်တကျ မှတ်ပုံတင်ထားရှိခြင်း၊ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ထုတ်ကုန်များကို သာ ထုတ်လုပ်ရန်နှင့် အသုံးပြုရန် ကြပ်မတ်ခြင်း၊
(ဌ) ကျွမ်းကျင်လုပ်သားနှင့် လုပ်ငန်းခွင်ကြီးကြပ်သူများအား သင်တန်းပေးခြင်း၊ စိစစ် အကဲဖြတ်ခြင်းတို့ ဆောင်ရွက်ခြင်း၊
(ဍ) ဒေသတွင်းကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေရေးအတွက် ကျွမ်းကျင်လုပ်သား များ လေ့ကျင့်အကဲဖြတ်မှတ်ပုံတင်ထားရှိရေးအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊
(ဎ) ဆောက်လုပ်မှုကဏ္ဍနှင့် သက်ဆိုင်သော ဗိသုကာနှင့်အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ပြည်တွင်းပြည်ပဆွေးနွေးပွဲများ၊ အစည်းအဝေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ စာတမ်းဖတ်ပွဲများ၊ ကျင်းပရေး၊ တက်ရောက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဗဟိုကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ လိုအပ်သလို စီမံဆောင်ရွက်ခြင်း၊
(ဏ) ဆောက်လုပ်မှုကဏ္ဍနှင့် သက်ဆိုင်သည့်လုပ်ငန်းများကို တည်ဆဲစည်းမျဉ်းများ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း၊ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာစံချိန်စံညွှန်း လမ်းညွှန်ချက်များ၊ သက်ဆိုင်ရာကဏ္ဍအလိုက် နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများနှင့် ညီညွတ်မှုရှိစေရန် တည်ဆောက်ရေးလုပ်ငန်းများကို စိစစ်ရန် စိစစ်ကြပ်မတ်ရေးအဖွဲ့ အား တာဝန်ပေးအပ်ခြင်း၊
(တ) စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ဖြင့် အရေးယူခြင်းခံရသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ အမည်စာရင်းအား မှတ်တမ်းပြုစု၍ ဗဟိုကော်မတီသို့ ပေးပို့ခြင်း။
၁၄။ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ညွှန်ကြားရေးမှူးရုံးသည် ဒေသဆိုင်ရာ ကော်မတီ၏ ရုံးလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်။
အခန်း (၅)
ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
၁၅။ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာအောက်ပါအတိုင်းဖြစ်သည် -
(က) လိုအပ်ပါက တည်ဆောက်ရေးလုပ်ငန်းများစီမံခန့်ခွဲရေး ပညာရှင်အဖွဲ့၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ရေးပညာရှင် အဖွဲ့၊ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာစံချိန်စံညွှန်းလမ်းညွှန်ချက်များ စိစစ်သုံးသပ် ရေးပညာရှင်အဖွဲ့၊ အထပ်မြင့်နှင့်အများပြည်သူသုံးအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့နှင့် အခြားဆောက်လုပ်မှုကဏ္ဍနှင့် သက်ဆိုင်သည့်အဖွဲ့များကို ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းတာဝန်ပေးခြင်း၊
(ခ) မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များအား နိုင်ငံတကာ၏ တိုးတက်ပြောင်းလဲလာသည့် နည်းပညာစံနှုန်းများ၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲ နေသော အခြေအနေများနှင့်အညီ ပြင်ဆင်ရေးဆွဲခြင်း၊
(ဂ) ခေတ်မီနည်းပညာပြန့်ပွားရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ဆောက်လုပ်မှု ကဏ္ဍအလိုက် တာဝန်ပေးအပ်ဆောင်ရွက်စေခြင်း၊ ခေတ်မီနည်းပညာများ ပြုစုလေ့လာ ၍ တင်ပြခြင်း၊ နည်းပညာများကို ဖြန့်ဝေပေးခြင်း၊
(ဃ) ဆောက်လုပ်မှုကဏ္ဍနှင့် သက်ဆိုင်သော ဗိသုကာနှင့်အင်ဂျင်နီယာပညာရပ်များ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဗိသုကာနှင့်အင်ဂျင်နီယာပညာရပ်များ သင်ကြားမှုအဆင့်အတန်း မြင့်မားစေရေးတို့အတွက် တိုးတက်ပြောင်းလဲနေသော နိုင်ငံတကာ၏ တည်ဆောက်ရေး ဆိုင်ရာနည်းပညာများကို လေ့လာသုတေသနပြု၍ မိမိနိုင်ငံနှင့်ကိုက်ညီသည့် နည်းပညာ ပြန့်ပွားစေရေး သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဝန်ကြီးဌာနမှတစ်ဆင့် ဗဟိုကော်မတီသို့ အကြံပြု တင်ပြခြင်း၊
(င) လုပ်ငန်းခွင်ကြီးကြပ်သူများ၏ အရည်အသွေးမြှင့်တင်နိုင်ရန်နှင့် ကျွမ်းကျင်လုပ်သား များ မွေးထုတ်ပေးနိုင်ရန်အတွက် သင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေးနိုင်ရေး သင်ရိုး ညွှန်းတမ်းများ၊ မူဝါဒများ ရေးဆွဲပြုစု၍ ဝန်ကြီးဌာနနှင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဒေသဆိုင်ရာကော်မတီအသီးသီးသို့ ပေးပို့ ခြင်း၊
(စ) တည်ဆောက်သူ၏ ကျင့်ဝတ်နှင့်စည်းကမ်းများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စည်းကမ်းများ၊ လုပ်ငန်းအရည်အသွေး စစ်ဆေးရေးအဖွဲ့များ၏ ကျင့်ဝတ်နှင့်စည်းကမ်းများ၊ ဆောက်လုပ်မှုကဏ္ဍနှင့် သက်ဆိုင် သည့်အဖွဲ့များ၏ ကျင့်ဝတ်နှင့်စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန်ချက် များ၊ ပညာရပ်အလိုက် လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များကို ရေးဆွဲ၍ ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ခြင်း၊
(ဆ) အကြံပေးပညာရှင် သို့မဟုတ် အကြံပေးပညာရှင်အဖွဲ့၊ လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့၊ တတိယအဖွဲ့အစည်းများ၊ လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့် တည်ဆောက်သူ များကို မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းဆိုင်ရာ သတ်မှတ်ချက်များထုတ်ပြန်ခြင်း၊ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊
(ဇ) လုပ်ငန်းနယ်ပယ်အလိုက် မှတ်ပုံတင်လက်မှတ် ထုတ်ပေးပြီးသည့် စာရင်းများအား မှတ်ပုံတင်အမျိုးအစားအလိုက် စုစည်း၍ မှတ်တမ်းထားရှိခြင်း၊
(ဈ) တည်ဆောက်ရေးထုတ်ကုန်၊ တည်ဆောက်ရေးပစ္စည်းများ၏ စံချိန်စံညွှန်းများ သတ်မှတ် ပြဋ္ဌာန်းပေးနိုင်ရန် အမျိုးသားစံချိန်စံညွှန်းကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ည) ဆောက်လုပ်မှုကဏ္ဍရှိ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများကို အမျိုးသား စံချိန်စံညွှန်းကောင်စီ၏ ဥပဒေအရ အသိအမှတ်ပြုလွှာရရှိထားသည့် ဦးစီးဌာန၏ ဓာတ်ခွဲခန်း၌ စစ်ဆေး၍ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီကြောင်း အရည်အသွေး ထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်း သို့မဟုတ် ထုတ်ပေးရန် ငြင်းပယ်ခြင်း၊
(ဋ) အရည်အသွေးထောက်ခံချက်လက်မှတ် ရရှိထားသည့် တည်ဆောက်ရေးပစ္စည်းများ၏ မှတ်တမ်းနှင့် အသေးစိတ်အချက်အလက်များကို မှတ်ပုံတင်စာရင်းထားရှိ၍ ထိန်းသိမ်း ခြင်း၊
(ဌ) ဗဟိုကော်မတီက ပေးအပ်သည့် လုပ်ငန်းတာဝန်များကိုဆောင်ရွက်ခြင်း။
၁၆။ ဦးစီးဌာနသည် မိမိ၏ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အောက်ပါလုပ်ငန်းအမျိုးအစားများ အတွက် လိုအပ်ပါက ပြင်ပကျွမ်းကျင်ပညာရှင်များကို ငှားရမ်းဆောင်ရွက်ခွင့်ရှိသည် -
(က) မြို့ပြစီမံကိန်းများ၊ ဗိသုကာ၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ ရေသန့်၊ လျှပ်စစ်၊ အခြေခံ အဆောက်အဦဒီဇိုင်းပုံစံများအား သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးခြင်း၊
(ခ) ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် တည်ဆောက်ရေးလုပ်ငန်းလမ်းညွှန်များရေးဆွဲပြုစုခြင်း၊
(ဂ) ဆောက်လုပ်မှုနည်းပညာ၊ ဆောက်လုပ်မှုလုပ်ငန်းစီမံခန့်ခွဲခြင်း၊ တည်ဆောက်မှုလုပ်ငန်း လိုအပ်ချက်များ ဖြည့်တင်းခြင်းတို့အတွက် ပညာရပ်ဆိုင်ရာလမ်းညွှန်၊ လက်စွဲစာစောင် များ ပြုစုခြင်း၊
(ဃ) သုတေသနနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် ခြင်း။
အခန်း (၆)
တည်ဆောက်သူ
၁၇။ ဤဥပဒေပါ လုပ်ငန်းများကို တည်ဆောက်သူအဖြစ် ဆောင်ရွက်လိုသည့် အောက်ပါ အရည်အချင်းများနှင့် ကိုက်ညီသည့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းသည် မှတ်ပုံတင်လက်မှတ် ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားရမည် -
(က) သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် တည်ဆောက်ရေးဆိုင်ရာ မှတ်ပုံတင်အင်ဂျင် နီယာပညာရှင်လက်မှတ် သို့မဟုတ် မှတ်ပုံတင်အကြီးတန်းအင်ဂျင်နီယာလက်မှတ် ရရှိသူတစ်ဦး အနည်းဆုံးပါဝင်ရမည်။
(ခ) သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် လုပ်ငန်းခွင်ကြီးကြပ်သူတစ်ဦး အနည်းဆုံး ပါဝင်ရမည်။
(ဂ) ဝန်ကြီးဌာနက အခါအားလျော်စွာသတ်မှတ်သည့် အရည်အချင်းသတ်မှတ်ချက်များ ရှိရမည်။
၁၈။ ဦးစီးဌာနသည် ပုဒ်မ ၁၇ အရ လျှောက်ထားချက်ကို ရရှိပါက -
(က) သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားခြင်း ဟုတ် မဟုတ် စိစစ်ပြီး ပြည့်စုံပါက မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် သင့် မသင့်၊ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှု ရှိ မရှိ စိစစ်ပြီး မိမိ၏သဘောထားမှတ်ချက်ဖြင့် မှတ်ပုံတင်လက်မှတ် စိစစ် ထုတ်ပေးရေးလုပ်ငန်းကော်မတီသို့ တင်ပြရမည်။
(ခ) သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်းမရှိပါက ပြင်ဆင်လျှောက်ထားရန် လျှောက်ထားသူ အား လျှောက်ထားလွှာနှင့်အတူ အကြောင်းကြားစာပေးပို့ရမည်။
၁၉။ (က) မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးရေးလုပ်ငန်းကော်မတီသည် ပုဒ်မ ၁၈ ပုဒ်မခွဲ (က) အရ တင်ပြချက်ကို လက်ခံရရှိပြီးနောက် မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် အရည်အချင်းနှင့် ကိုက်ညီကြောင်း ထောက်ခံတင်ပြလာပါက ဝန်ကြီးဌာနသို့ တင်ပြ ခွင့်ပြုချက်ရယူ၍ အတည်ပြုထုတ်ပေးရမည်။ အရည်အချင်းနှင့် ကိုက်ညီခြင်းမရှိ ကြောင်း တင်ပြလာပါက ငြင်းပယ်ခြင်းပြုပြီး မိမိ၏ဆုံးဖြတ်ချက်နှင့်အတူ လျှောက်လွှာ ကို ဦးစီးဌာနသို့ ပြန်လည်ပေးပို့ရမည်။
(ခ) ဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ အတည်ပြုကြောင်း လက်ခံရရှိပါက လျှောက်ထားသူ အား မှတ်ပုံတင်ကြေးပေးသွင်းစေပြီး မှတ်ပုံတင်လက်မှတ်ထုတ်ပေးရမည်။
(ဂ) ဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ ငြင်းပယ်ကြောင်း လက်ခံရရှိပါက လျှောက်ထားသူ အား ငြင်းပယ်ကြောင်း အကြောင်းကြားရမည်။
(ဃ) ဦးစီးဌာနသည် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုသည့် လျှောက်လွှာအားလုံးကို စနစ်တကျ မှတ်တမ်းတင်ထားရမည်။
၂၀။ တည်ဆောက်သူသည် အောက်ပါ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည် -
(က) ဤဥပဒေအရထုတ်ပြန်ထားသော နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။
(ခ) သက်ဆိုင်ရာဘာသာရပ်အလိုက် ကျင့်ဝတ်သိက္ခာနှင့်အညီ ပြုမူဆောင်ရွက်ရမည်။
(ဂ) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရမည်။
(ဃ) မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ၊ သက်ဆိုင်ရာလုပ်ငန်း နယ်ပယ်အလိုက် စံချိန်စံညွှန်းလမ်းညွှန်ချက်များနှင့် လက်စွဲများကို လိုက်နာရမည်။
(င)အတည်ပြုဒီဇိုင်းပုံစံနှင့် စံချိန်စံညွှန်းများအတိုင်း ဆောင်ရွက်ရမည်။
၂၁။ တည်ဆောက်သူသည် လုပ်ငန်းပိုင်ရှင်ထံမှ အခကြေးငွေ သတ်မှတ်ရယူပြီး လုပ်ငန်းအပ်နှံ စာချုပ်ချုပ်ဆို၍ တည်ဆောက်ရေးလုပ်ငန်းကို ဆောင်ရွက်ခွင့်ရှိသည်။
၂၂။ (က) မှတ်ပုံတင်လက်မှတ် သက်တမ်းကုန်ဆုံးပြီးနောက် တည်ဆောက်သူအဖြစ် ဆက်လက် ဆောင်ရွက်လိုသူသည် သက်တမ်းစေ့ရောက်သည့်နေ့မတိုင်မီ ရက်ပေါင်း ၆၀ ကြိုတင်၍ ဦးစီးဌာနသို့ သက်တမ်းတိုးလျှောက်ထားရမည်။
(ခ) ပုဒ်မခွဲ (က) ပါ သတ်မှတ်ရက်တွင် သက်တမ်းတိုးလျှောက်ထားခြင်းမရှိပါက သက်တမ်း စေ့ရောက်သည့်နေ့တွင် အဆိုပါ မှတ်ပုံတင်လက်မှတ်သည် ပျက်ပြယ်သည်ဟု မှတ်ယူ ရမည်။
(ဂ) ဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ သက်တမ်းတိုးလျှောက်ထားခြင်းအပေါ် မှတ်ပုံတင် လက်မှတ်စိစစ်ထုတ်ပေးရေးလုပ်ငန်းကော်မတီ၏ အတည်ပြုချက်ဖြင့် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။
အခန်း (၇)
အကြံပေးပညာရှင် သို့မဟုတ် အကြံပေးပညာရှင်အဖွဲ့
၂၃။ အကြံပေးပညာရှင်အဖြစ် ဆောင်ရွက်လိုသည့် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသည့် လူပုဂ္ဂိုလ် သို့မဟုတ် အကြံပေးပညာရှင်အဖွဲ့အဖြစ် ဆောင်ရွက်လိုသည့် အောက်ပါအရည်အချင်း များနှင့် ကိုက်ညီသည့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းသည် မှတ်ပုံတင်လက်မှတ်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားရမည် -
(က) အကြံပေးပညာရှင်အဖြစ် ဆောင်ရွက်လိုသူသည် တည်ဆောက်ရေးဆိုင်ရာ သို့မဟုတ် ဖွဲ့စည်းတည်ဆောက်ပုံဒီဇိုင်းဆိုင်ရာ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်လက်မှတ်ရရှိသူ ဖြစ်ရမည်။
(ခ) အကြံပေးပညာရှင်အဖွဲ့အဖြစ် ဆောင်ရွက်လိုပါက သက်ဆိုင်ရာလုပ်ငန်းနယ်ပယ် အလိုက် တည်ဆောက်ရေးဆိုင်ရာ သို့မဟုတ် ဖွဲ့စည်းတည်ဆောက်ပုံဒီဇိုင်းဆိုင်ရာ မှတ်ပုံတင် အင်ဂျင်နီယာပညာရှင်လက်မှတ်ရရှိသူတစ်ဦး အနည်းဆုံးပါဝင်ရမည့်အပြင် ဆောင်ရွက်မည့် သက်ဆိုင်ရာဆက်စပ်လုပ်ငန်းနယ်ပယ်အလိုက် မှတ်ပုံတင် အင်ဂျင်နီယာပညာရှင်လက်မှတ် သို့မဟုတ် မှတ်ပုံတင်အကြီးတန်းအင်ဂျင်နီယာ လက်မှတ်ရရှိသူ တစ်ဦးစီ အနည်းဆုံး ပါဝင်ရမည်။
(ဂ) မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်သည် မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်အဖြစ် လုပ်ငန်းအတွေ့အကြုံအနည်းဆုံး ငါးနှစ်ရှိသူ ဖြစ်ရမည့်အပြင် မှတ်ပုံတင်အကြီးတန်း အင်ဂျင်နီယာသည် မှတ်ပုံတင်အကြီးတန်းအင်ဂျင်နီယာအဖြစ် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ငါးနှစ်ရှိသူ ဖြစ်ရမည်။
(ဃ) ဝန်ကြီးဌာနက အခါအားလျော်စွာသတ်မှတ်သည့် အရည်အချင်းသတ်မှတ်ချက်များ ရှိရမည်။
၂၄။ ဦးစီးဌာနသည် ပုဒ်မ ၂၃ အရ လျှောက်ထားချက်ကို ရရှိပါက -
(က) သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားခြင်း ဟုတ် မဟုတ် စိစစ်ပြီး ပြည့်စုံပါက မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် သင့် မသင့်၊ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှု ရှိ မရှိ စိစစ်ပြီး မိမိ၏သဘောထားမှတ်ချက်ဖြင့် မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရေးလုပ်ငန်းကော်မတီသို့ တင်ပြရမည်။
(ခ) သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်းမရှိပါက ပြင်ဆင်လျှောက်ထားရန် လျှောက်ထားသူ အား လျှောက်ထားလွှာနှင့်အတူ အကြောင်းကြားစာပေးပို့ရမည်။
၂၅။ (က) မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးရေးလုပ်ငန်းကော်မတီသည် ပုဒ်မ ၂၄ ပုဒ်မခွဲ (က) အရ တင်ပြချက်ကို လက်ခံရရှိပြီးနောက် မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် အရည်အချင်းနှင့် ကိုက်ညီကြောင်း ထောက်ခံတင်ပြလာပါက ဝန်ကြီးဌာနသို့ တင်ပြ ခွင့်ပြုချက်ရယူ၍ အတည်ပြုထုတ်ပေးရမည်။ အရည်အချင်းနှင့် ကိုက်ညီခြင်းမရှိ ကြောင်း တင်ပြလာပါက ငြင်းပယ်ခြင်းပြုပြီး မိမိ၏ဆုံးဖြတ်ချက်နှင့်အတူ လျှောက်လွှာ ကို ဦးစီးဌာနသို့ ပြန်လည်ပေးပို့ရမည်။
(ခ) ဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ အတည်ပြုကြောင်း လက်ခံရရှိပါက လျှောက်ထားသူ အား မှတ်ပုံတင်ကြေးပေးသွင်းစေပြီး မှတ်ပုံတင်လက်မှတ် ထုတ်ပေးရမည်။
(ဂ) ဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ ငြင်းပယ်ကြောင်း လက်ခံရရှိပါက လျှောက်ထားသူအား ငြင်းပယ်ကြောင်း အကြောင်းကြားရမည်။
(ဃ) ဦးစီးဌာနသည် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုသည့် လျှောက်လွှာအားလုံးကို စနစ်တကျ မှတ်တမ်းတင်ထားရမည်။
၂၆။ အကြံပေးပညာရှင် သို့မဟုတ် အကြံပေးပညာရှင်အဖွဲ့သည် အောက်ပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည် -
(က) ဤဥပဒေအရထုတ်ပြန်ထားသော နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။
(ခ) သက်ဆိုင်ရာဘာသာရပ်အလိုက် ကျင့်ဝတ်သိက္ခာနှင့်အညီ ပြုမူဆောင်ရွက်ရမည်။
(ဂ) မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ၊ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် စံချိန်စံညွှန်းလမ်းညွှန်ချက်များနှင့် လက်စွဲများကို လိုက်နာရ မည်။
၂၇။ အကြံပေးပညာရှင် သို့မဟုတ် အကြံပေးပညာရှင်အဖွဲ့သည် အောက်ပါတို့ကို ဆောင်ရွက်ခွင့် ရှိသည် -
(က) လုပ်ငန်းပိုင်ရှင်ထံမှ အခကြေးငွေ သတ်မှတ်ရယူပြီး လုပ်ငန်းအပ်နှံစာချုပ် ချုပ်ဆို၍ တည်ဆောက်မှုလုပ်ငန်းစဉ် စီမံခန့်ခွဲခြင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးအကြံပြုခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းခြင်းဆိုင်ရာ အကြံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ခ) တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် အရည်အသွေးမပြည့်မီခြင်း၊ လုပ်ငန်းစဉ် မမှန်ခြင်း၊ စံချိန်စံညွှန်းမပြည့်မီခြင်းများ တွေ့ရှိရပါက လုပ်ငန်းရပ်ဆိုင်းစေခြင်း၊ ပြန်လည်ပြင်ဆင်စေခြင်း။
၂၈။ (က) မှတ်ပုံတင်လက်မှတ် သက်တမ်းကုန်ဆုံးပြီးနောက် အကြံပေးပညာရှင် သို့မဟုတ် အကြံပေးပညာရှင်အဖွဲ့အဖြစ် ဆက်လက်ဆောင်ရွက်လိုသူသည် သက်တမ်းစေ့ရောက် သည့်နေ့မတိုင်မီ ရက်ပေါင်း ၆၀ ကြိုတင်၍ ဦးစီးဌာနသို့ သက်တမ်းတိုးလျှောက်ထား ရမည်။
(ခ) ပုဒ်မခွဲ (က) ပါသတ်မှတ်ရက်တွင် သက်တမ်းတိုးလျှောက်ထားခြင်း မရှိပါက သက်တမ်း စေ့ရောက်သည့်နေ့တွင် အဆိုပါ မှတ်ပုံတင်လက်မှတ်သည် ပျက်ပြယ်သည်ဟု မှတ်ယူ ရမည်။
(ဂ) ဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ သက်တမ်းတိုး လျှောက်ထားခြင်းအပေါ် မှတ်ပုံတင် လက်မှတ်စိစစ်ထုတ်ပေးရေးလုပ်ငန်းကော်မတီ၏ အတည်ပြုချက်ဖြင့် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
အခန်း (၈)
လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့
၂၉။ လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့အဖြစ် ဆောင်ရွက်လိုသည့် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသည့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းသည် မှတ်ပုံတင်လက်မှတ်ရရှိရန် သတ်မှတ်ချက်များ နှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားရမည် -
(က) တည်ဆောက်ရေးဆိုင်ရာ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်လက်မှတ်ရရှိသူ တစ်ဦး၊ ဆောင်ရွက်မည့် ဆက်စပ်လုပ်ငန်းနယ်ပယ်အလိုက် မှတ်ပုံတင်အကြီးတန်း အင်ဂျင်နီယာလက်မှတ်ရရှိသူ တစ်ဦးစီ အနည်းဆုံးပါဝင်ရမည်။
(ခ) ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သည့် အရည်အချင်းသတ်မှတ်ချက်များရှိ ရမည်။
၃၀။ ဦးစီးဌာနသည် ပုဒ်မ ၂၉ အရလျှောက်ထားချက်ကို ရရှိပါက -
(က) သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားခြင်း ဟုတ် မဟုတ် စိစစ်ပြီး ပြည့်စုံပါက မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် သင့် မသင့်၊ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှု ရှိ မရှိ စိစစ်ပြီး မိမိ၏သဘောထားမှတ်ချက်ဖြင့် မှတ်ပုံတင်လက်မှတ်စိစစ် ထုတ်ပေးရေးလုပ်ငန်းကော်မတီသို့ တင်ပြရမည်။
(ခ) သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်းမရှိပါက ပြင်ဆင်လျှောက်ထားရန် လျှောက်ထားသူ အား လျှောက်ထားလွှာနှင့်အတူ အကြောင်းကြားစာပေးပို့ရမည်။
၃၁။ (က) မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးရေးလုပ်ငန်းကော်မတီသည် ပုဒ်မ ၃၀ ပုဒ်မခွဲ (က) အရ တင်ပြချက်ကို လက်ခံရရှိပြီးနောက် မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် အရည်အချင်းနှင့် ကိုက်ညီကြောင်း ထောက်ခံတင်ပြလာပါက ဝန်ကြီးဌာနသို့ တင်ပြ ခွင့်ပြုချက်ရယူ၍ အတည်ပြုထုတ်ပေးရမည်။ အရည်အချင်းနှင့် ကိုက်ညီခြင်းမရှိ ကြောင်း တင်ပြလာပါက ငြင်းပယ်ခြင်းပြုပြီး မိမိ၏ဆုံးဖြတ်ချက်နှင့်အတူ လျှောက်လွှာ ကို ဦးစီးဌာနသို့ ပြန်လည်ပေးပို့ရမည်။
(ခ) ဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ အတည်ပြုကြောင်း လက်ခံရရှိပါက လျှောက်ထားသူ အား မှတ်ပုံတင်ကြေးပေးသွင်းစေပြီး မှတ်ပုံတင်လက်မှတ် ထုတ်ပေးရမည်။
(ဂ) ဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ ငြင်းပယ်ကြောင်း လက်ခံရရှိပါက လျှောက်ထားသူအား ငြင်းပယ်ကြောင်း အကြောင်းကြားရမည်။
(ဃ) ဦးစီးဌာနသည် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုသည့် လျှောက်လွှာအားလုံးကို စနစ်တကျ မှတ်တမ်းတင်ထားရမည်။
၃၂။ လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့သည် အောက်ပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည် -
(က) ဤဥပဒေအရထုတ်ပြန်ထားသော နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။
(ခ) သက်ဆိုင်ရာဘာသာရပ်အလိုက် ကျင့်ဝတ်သိက္ခာနှင့်အညီ ပြုမူဆောင်ရွက်ရမည်။
(ဂ) မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ၊ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် စံချိန်စံညွှန်းလမ်းညွှန်ချက်များနှင့် လက်စွဲများကို လိုက်နာရ မည်။
၃၃။ လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့သည် အောက်ပါတို့ကို ဆောင်ရွက်ခွင့်ရှိသည် -
(က) လုပ်ငန်းပိုင်ရှင်ထံမှ အခကြေးငွေ သတ်မှတ်ရယူပြီး လုပ်ငန်းအပ်နှံစာချုပ် ချုပ်ဆို၍ ဆောင်ရွက်ခြင်း၊
(ခ) တည်ဆောက်ရေးလုပ်ငန်းနှင့်စပ်လျဉ်းသည့် သတ်မှတ်ပြဋ္ဌာန်းထားသော စံချိန်စံညွှန်း များနှင့် ကိုက်ညီစေရန် တည်ဆောက်ရေးစီမံချက်ရေးဆွဲခြင်း၊ တည်ဆောက်နေစဉ် ကာလတွင် ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီစေရန် ကြီးကြပ်ခြင်း၊ တည်ဆောက်ပြီး နောက်ပိုင်းဆန်းစစ်သုံးသပ်ခြင်းတို့အား ဆောင်ရွက်ခြင်း။
၃၄။ (က) မှတ်ပုံတင်လက်မှတ် သက်တမ်းကုန်ဆုံးပြီးနောက် လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့အဖြစ် ဆက်လက်ဆောင်ရွက်လိုသူသည် သက်တမ်းစေ့ရောက်သည့်နေ့မတိုင်မီ ရက်ပေါင်း ၆၀ ကြိုတင်၍ ဦးစီးဌာနသို့ သက်တမ်းတိုးလျှောက်ထားရမည်။
(ခ) ပုဒ်မခွဲ (က) ပါ သတ်မှတ်ရက်တွင် သက်တမ်းတိုးလျှောက်ထားခြင်း မရှိပါက သက်တမ်း စေ့ရောက်သည့်နေ့တွင် အဆိုပါ မှတ်ပုံတင်လက်မှတ်သည် ပျက်ပြယ်သည်ဟု မှတ်ယူ ရမည်။
(ဂ) ဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ သက်တမ်းတိုး လျှောက်ထားခြင်းအပေါ် မှတ်ပုံတင် လက်မှတ်စိစစ်ထုတ်ပေးရေးလုပ်ငန်းကော်မတီ၏ အတည်ပြုချက်ဖြင့် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
အခန်း(၉)
လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့
၃၅။ လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့အဖြစ် ဆောင်ရွက်လိုသည့် အောက်ပါအရည်အချင်း များနှင့် ကိုက်ညီသည့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းသည် မှတ်ပုံတင်လက်မှတ်ရရှိရန် သတ်မှတ်ချက် များနှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားရမည် -
(က) သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် တည်ဆောက်ရေးဆိုင်ရာ မှတ်ပုံတင် အင်ဂျင်နီယာပညာရှင်လက်မှတ် သို့မဟုတ် ဖွဲ့စည်းတည်ဆောက်ပုံဒီဇိုင်းဆိုင်ရာ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်လက်မှတ်ရရှိသူတစ်ဦး အနည်းဆုံးပါဝင်ရမည်။
(ခ) ဆောင်ရွက်မည့် သက်ဆိုင်ရာဆက်စပ်လုပ်ငန်းနယ်ပယ်အလိုက် မှတ်ပုံတင် အင်ဂျင်နီယာပညာရှင်လက်မှတ်နှင့် မှတ်ပုံတင်အကြီးတန်းအင်ဂျင်နီယာလက်မှတ် ရရှိသူ တစ်ဦးစီ အနည်းဆုံးပါဝင်ရမည်။
(ဂ) လုပ်ငန်းခွင်တွင် အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အရည်အသွေး စစ်ဆေးခြင်းလုပ်ငန်းအတွေ့အကြုံရှိသူ မှတ်ပုံတင်အင်ဂျင်နီယာ အနည်းဆုံး သုံးဦး ပါဝင်ရမည်။
(ဃ) ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သည့် အရည်အချင်းသတ်မှတ်ချက်များ ရှိရမည်။
၃၆။ ဦးစီးဌာနသည် ပုဒ်မ ၃၅ အရ လျှောက်ထားချက်ကို ရရှိပါက -
(က) သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားခြင်း ဟုတ် မဟုတ် စိစစ်ပြီး ပြည့်စုံပါက မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် သင့် မသင့်၊ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှု ရှိ မရှိ စိစစ်ပြီး မိမိ၏သဘောထားမှတ်ချက်ဖြင့် မှတ်ပုံတင်လက်မှတ်စိစစ် ထုတ်ပေးရေးလုပ်ငန်းကော်မတီသို့ တင်ပြရမည်။
(ခ) သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်းမရှိပါက ပြင်ဆင်လျှောက်ထားရန် လျှောက်ထားသူ အား လျှောက်ထားလွှာနှင့်အတူ အကြောင်းကြားစာပေးပို့ရမည်။
၃၇။ (က) မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးရေးလုပ်ငန်းကော်မတီသည် ပုဒ်မ ၃၆ ပုဒ်မခွဲ (က) အရ တင်ပြချက်ကို လက်ခံရရှိပြီးနောက် မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် အရည်အချင်းနှင့် ကိုက်ညီကြောင်း ထောက်ခံတင်ပြလာပါက ဝန်ကြီးဌာနသို့ တင်ပြ ခွင့်ပြုချက်ရယူ၍ အတည်ပြုထုတ်ပေးရမည်။ အရည်အချင်းနှင့် ကိုက်ညီခြင်းမရှိ ကြောင်း တင်ပြလာပါက ငြင်းပယ်ခြင်းပြုပြီး မိမိ၏ဆုံးဖြတ်ချက်နှင့်အတူ လျှောက်လွှာ ကို ဦးစီးဌာနသို့ ပြန်လည် ပေးပို့ရမည်။
(ခ) ဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ အတည်ပြုကြောင်း လက်ခံရရှိပါက လျှောက်ထားသူ အား မှတ်ပုံတင်ကြေးပေးသွင်းစေပြီး မှတ်ပုံတင်လက်မှတ် ထုတ်ပေးရမည်။
(ဂ) ဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ ငြင်းပယ်ကြောင်း လက်ခံရရှိပါက လျှောက်ထားသူအား ငြင်းပယ်ကြောင်း အကြောင်းကြားရမည်။
(ဃ) ဦးစီးဌာနသည် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုသည့် လျှောက်လွှာအားလုံးကို စနစ်တကျ မှတ်တမ်းတင်ထားရမည်။
၃၈။ လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့သည် အောက်ပါစည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်ရမည် -
(က) ဤဥပဒေအရထုတ်ပြန်ထားသော နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။
(ခ) သက်ဆိုင်ရာဘာသာရပ်အလိုက် ကျင့်ဝတ်သိက္ခာနှင့်အညီ ပြုမူဆောင်ရွက်ရမည်။
(ဂ) မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ၊ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် အတည်ပြုထုတ်ပြန်ထားသည့် စံချိန်စံညွှန်းလမ်းညွှန်ချက် များနှင့် စစ်ဆေးသူလက်စွဲများကို လိုက်နာရမည်။
၃၉။ လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့သည် အောက်ပါတို့ကို ဆောင်ရွက်ခွင့်ရှိသည် -
(က) လုပ်ငန်းပိုင်ရှင် သို့မဟုတ် စစ်ဆေးရန် တာဝန်ပေးအပ်သည့် အဖွဲ့အစည်းထံမှ အခကြေး ငွေ သတ်မှတ်ရယူပြီး လုပ်ငန်းအပ်နှံစာချုပ်ချုပ်ဆို၍ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ်နှင့် ဆောင်ရွက်ပြီးကာလတွင် အရည်အသွေးစစ်ဆေးခြင်း၊
(ခ) တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် အရည်အသွေးမပြည့်မီခြင်း၊ လုပ်ငန်း စဉ်မမှန်ခြင်း၊ စံချိန်စံညွှန်းမပြည့်မီခြင်းများ တွေ့ရှိရပါက လုပ်ငန်းရပ်ဆိုင်းစေခြင်း၊ ပြန်လည်ပြင်ဆင်စေခြင်း။
၄၀။ (က) မှတ်ပုံတင်လက်မှတ် သက်တမ်းကုန်ဆုံးပြီးနောက် လုပ်ငန်းအရည်အသွေးစစ်ဆေးရေး အဖွဲ့အဖြစ် ဆက်လက်ဆောင်ရွက်လိုသူသည် သက်တမ်းစေ့ရောက်သည့်နေ့ မတိုင်မီ ရက်ပေါင်း ၆၀ ကြိုတင်၍ ဦးစီးဌာနသို့ သက်တမ်းတိုးလျှောက်ထားရမည်။
(ခ) ပုဒ်မခွဲ (က) ပါ သတ်မှတ်ရက်တွင် သက်တမ်းတိုးလျှောက်ထားခြင်း မရှိပါက သက်တမ်း စေ့ရောက်သည့်နေ့တွင် အဆိုပါ မှတ်ပုံတင်လက်မှတ်သည် ပျက်ပြယ်သည်ဟု မှတ်ယူ ရမည်။
(ဂ) ဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ သက်တမ်းတိုး လျှောက်ထားခြင်းအပေါ် မှတ်ပုံတင် လက်မှတ်စိစစ်ထုတ်ပေးရေးလုပ်ငန်းကော်မတီ၏ အတည်ပြုချက်ဖြင့် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
အခန်း(၁၀)
တတိယအဖွဲ့အစည်း
၄၁။ တတိယအဖွဲ့အစည်းအဖြစ် ဆောင်ရွက်လိုသည့် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီ သည့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းသည် မှတ်ပုံတင်လက်မှတ်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားရမည် -
(က) သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် တည်ဆောက်ရေးဆိုင်ရာနှင့် ဖွဲ့စည်းတည် ဆောက်ပုံ ဒီဇိုင်းဆိုင်ရာ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်လက်မှတ်ရရှိသူ တစ်ဦးစီ အနည်းဆုံး ပါဝင်ရမည်။
(ခ) ဆောင်ရွက်မည့် သက်ဆိုင်ရာဆက်စပ်လုပ်ငန်းနယ်ပယ်အလိုက် မှတ်ပုံတင် အင်ဂျင်နီယာပညာရှင်လက်မှတ် သို့မဟုတ် မှတ်ပုံတင်အကြီးတန်းအင်ဂျင်နီယာ လက်မှတ်နှင့် အကြီးတန်းဗိသုကာလိုင်စင် သို့မဟုတ် ဗိသုကာလိုင်စင်ရရှိသူများ ပါဝင် ရမည်။
(ဂ) ဝန်ကြီးဌာနက အခါအားလျော်စွာသတ်မှတ်သည့် အရည်အချင်းသတ်မှတ်ချက်များ ရှိရ မည်။
၄၂။ ဦးစီးဌာနသည် ပုဒ်မ ၄၁ အရလျှောက်ထားချက်ကို ရရှိပါက -
(က) သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားခြင်း ဟုတ် မဟုတ် စိစစ်ပြီး ပြည့်စုံပါက မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် သင့် မသင့်၊ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီ မှု ရှိ မရှိ စိစစ်ပြီး မိမိ၏သဘောထားမှတ်ချက်ဖြင့် မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေး ရေးလုပ်ငန်းကော်မတီသို့ တင်ပြရမည်။
(ခ) သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်းမရှိပါက ပြင်ဆင်လျှောက်ထားရန် လျှောက်ထားသူ အား လျှောက်ထားလွှာနှင့်အတူ အကြောင်းကြားစာပေးပို့ရမည်။
၄၃။ (က) မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးရေးလုပ်ငန်းကော်မတီသည် ပုဒ်မ ၄၂ ပုဒ်မခွဲ (က) အရ တင်ပြချက်ကို လက်ခံရရှိပြီးနောက် မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန်
အရည်အချင်းနှင့် ကိုက်ညီကြောင်း ထောက်ခံတင်ပြလာပါက ဝန်ကြီးဌာနသို့ တင်ပြ ခွင့်ပြုချက်ရယူ၍ အတည်ပြုထုတ်ပေးရမည်။ အရည်အချင်းနှင့် ကိုက်ညီခြင်းမရှိ ကြောင်း တင်ပြလာပါက ငြင်းပယ်ခြင်းပြုပြီး မိမိ၏ဆုံးဖြတ်ချက်နှင့်အတူ လျှောက်လွှာ ကို ဦးစီးဌာနသို့ ပြန်လည် ပေးပို့ရမည်။
(ခ) ဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ အတည်ပြုကြောင်း လက်ခံရရှိပါက လျှောက်ထားသူ အား မှတ်ပုံတင်ကြေးပေးသွင်းစေပြီး မှတ်ပုံတင်လက်မှတ် ထုတ်ပေးရမည်။
(ဂ) ဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ ငြင်းပယ်ကြောင်း လက်ခံရရှိပါက လျှောက်ထားသူအား ငြင်းပယ်ကြောင်း အကြောင်းကြားရမည်။
(ဃ) ဦးစီးဌာနသည် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုသည့် လျှောက်လွှာအားလုံးကို စနစ်တကျ မှတ်တမ်းတင်ထားရမည်။
၄၄။ တတိယအဖွဲ့အစည်းသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည် -
(က) ဤဥပဒေအရထုတ်ပြန်ထားသော နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။
(ခ) သက်ဆိုင်ရာဘာသာရပ်အလိုက် ကျင့်ဝတ်သိက္ခာနှင့်အညီ ပြုမူဆောင်ရွက်ရမည်။
(ဂ) မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ၊ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် စံချိန်စံညွှန်းလမ်းညွှန်ချက်များနှင့် လက်စွဲများကို လိုက်နာရ မည်။
၄၅။ တတိယအဖွဲ့အစည်းသည် အောက်ပါတို့ကို ဆောင်ရွက်ခွင့်ရှိသည် -
(က) လုပ်ငန်းပိုင်ရှင် သို့မဟုတ် စစ်ဆေးရန်တာဝန်ပေးအပ်သည့် အဖွဲ့အစည်းထံမှ အခကြေး ငွေ သတ်မှတ်ရယူပြီး လုပ်ငန်းအပ်နှံစာချုပ် ချုပ်ဆို၍ ဗိသုကာနှင့် ဖွဲ့စည်းတည် ဆောက်ပုံ ဒီဇိုင်းများ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးအတည်ပြုခြင်း၊ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ်နှင့် ဆောင်ရွက်ပြီးကာလတွင် တည်ဆောက်မှုလုပ်ငန်းစဉ်နှင့် အရည်အသွေးပြည့်မီမှု ရှိ မရှိ စစ်ဆေးအတည်ပြုခြင်း၊
(ခ) လုပ်ငန်းနယ်ပယ်အလိုက် ဒီဇိုင်းပုံစံများ စံချိန်စံညွှန်းများနှင့် မကိုက်ညီခြင်း၊ တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် အရည်အသွေးမပြည့်မီခြင်း၊ လုပ်ငန်းစဉ် မမှန်ခြင်း၊ စံချိန်စံညွှန်းမပြည့်မီခြင်းများ တွေ့ရှိရပါက လုပ်ငန်းရပ်ဆိုင်းစေခြင်း၊ ပြန်လည်ပြင်ဆင်စေခြင်း။
၄၆။ (က) မှတ်ပုံတင်လက်မှတ် သက်တမ်းကုန်ဆုံးပြီးနောက် တတိယအဖွဲ့အစည်းအဖြစ် ဆက်လက်ဆောင်ရွက်လိုသူသည် သက်တမ်းစေ့ရောက်သည့်နေ့ မတိုင်မီ ရက်ပေါင်း ၆၀ ကြိုတင်၍ ဦးစီးဌာနသို့ သက်တမ်းတိုး လျှောက်ထားရမည်။
(ခ) ပုဒ်မခွဲ (က) ပါ သတ်မှတ်ရက်တွင် သက်တမ်းတိုးလျှောက်ထားခြင်း မရှိပါက သက်တမ်း စေ့ရောက်သည့်နေ့တွင် အဆိုပါ မှတ်ပုံတင်လက်မှတ်သည် ပျက်ပြယ်သည်ဟု မှတ်ယူ ရမည်။
(ဂ) ဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ သက်တမ်းတိုး လျှောက်ထားခြင်းအပေါ် မှတ်ပုံတင် လက်မှတ်စိစစ်ထုတ်ပေးရေးလုပ်ငန်းကော်မတီ၏ အတည်ပြုချက်ဖြင့် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။
အခန်း (၁၁)
အရည်အသွေးထောက်ခံချက်လက်မှတ် လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်း
၄၇။ ပြည်ပမှတင်သွင်းလာသော တည်ဆောက်ရေးပစ္စည်းများ သို့မဟုတ် ပြည်တွင်း ထုတ်လုပ် သော တည်ဆောက်ရေးပစ္စည်းများနှင့်ပတ်သက်၍ အရည်အသွေးထောက်ခံချက်လက်မှတ် လျှောက်ထားလိုသည့် လူပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းသည် အောက်ပါ အထောက်အထားများ ပူးတွဲ၍ သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာ ဦးစီးဌာန၊ အဖွဲ့အစည်းသို့ လျှောက်ထားရမည် -
(က) စမ်းသပ်စစ်ဆေးမည့် တည်ဆောက်ရေးပစ္စည်းနှင့်ပတ်သက်သည့် စံချိန်စံညွှန်းများ၊ စာရွက်စာတမ်းအထောက်အထားအပြည့်အစုံ၊
(ခ) စမ်းသပ်စစ်ဆေးမည့် ပစ္စည်းနမူနာ၊ လိုအပ်သည့်အတိုင်းအတာအရေအတွက်၊
(ဂ) စစ်ဆေးစမ်းသပ်သည့် အဖိုးအခပေးသွင်းပြီးကြောင်း အထောက်အထား။
၄၈။ ဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းသည် လျှောက်လွှာလက်ခံရရှိလျှင် သတ်မှတ်အရည်အသွေးနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးရန် အသိအမှတ်ပြုလွှာရရှိသည့် ဓာတ်ခွဲခန်းသို့ ပစ္စည်းနမူနာပေးပို့ရမည်။
၄၉။ ဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းသည် အသိအမှတ်ပြုလွှာရရှိသည့် ဓာတ်ခွဲခန်း၏ အရည်အသွေးပြည့်မီကြောင်း အစီရင်ခံစာအပေါ် စစ်ဆေးပြီး အရည်အသွေး ထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
အခန်း (၁၂)
တည်ဆောက်ရေးလုပ်ငန်းများလျှောက်ထားခြင်း၊ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း
၅၀။ (က) ပုဂ္ဂလိကအစီအစဉ်ဖြင့် ဆောင်ရွက်မည့် ၉ ထပ်မှ ၁၂ ထပ် သို့မဟုတ် အမြင့် ၁၀၀ ပေ မှ ၁၄၀ ပေအထိ မြင့်သည့်အဆောက်အအုံ သို့မဟုတ် အမြင့် ၄၀ ပေ မှ ၆၈ ပေ အထိ ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ ဧရိယာ ၁၀၀၀၀ မှ ၁၂၀၀၀ စတုရန်းပေအထိ အများပြည်သူသုံးအဆောက်အအုံ ဆောက်လုပ်လိုသူသည် သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းသို့ သက်ဆိုင်ရာဥပဒေပါ သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ လျှောက်ထားရမည်။
(ခ) ပုဒ်မခွဲ (က) အရ လက်ခံရရှိသည့် သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းသည် မိမိတို့နှင့် သက်ဆိုင်သည့်ဥပဒေနှင့်အညီ စိစစ်ပြီး ခွင့်ပြုလိုပါက ဒေသဆိုင်ရာကော်မတီသို့ မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ လျှောက်ထားချက်အား တင်ပြရမည်။
(ဂ) ပုဒ်မခွဲ (က) အရ လက်ခံရရှိသည့် သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းသည် မိမိတို့နှင့် သက်ဆိုင်သည့် ဥပဒေနှင့်အညီ စိစစ်ပြီး ငြင်းပယ်လိုပါက လျှောက်ထားသူထံ ငြင်းပယ် ကြောင်း အကြောင်းကြားရမည်။
(ဃ) ဒေသဆိုင်ရာကော်မတီသည် ပုဒ်မခွဲ (ခ) အရ တင်ပြချက်ကို လက်ခံရရှိပါက စိစစ်ပြီး ခွင့်ပြုပါက မိမိ၏ ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းသို့ ပေးပို့၍
လျှောက်ထားချက်ကို မိမိထံတွင် မှတ်တမ်းတင်သိမ်းဆည်းထားရမည်။ ငြင်းပယ်ပါက လျှောက်ထားချက်နှင့်တကွ မိမိ၏ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်း သို့ ပေးပို့ရမည်။
(င)သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းသည် ပုဒ်မခွဲ (ဃ) အရ ဒေသဆိုင်ရာ ကော်မတီ၏ ခွင့်ပြုချက်ကို မိတ္တူကူးယူ၍ မိမိထံတွင် မှတ်တမ်းတင်သိမ်းဆည်းပြီး ခွင့်ပြုချက် မူရင်းကို လျှောက်ထားသူအားပေးပို့ခြင်း သို့မဟုတ် ငြင်းပယ်ကြောင်း ဆုံးဖြတ်ချက် မိတ္တူကို မိမိထံတွင် မှတ်တမ်းတင်သိမ်းဆည်းပြီး ဆုံးဖြတ်ချက်မူရင်းကို လျှောက်ထား သူအား ပေးပို့ရမည်။
၅၁။ (က) ပုဂ္ဂလိကအစီအစဉ်ဖြင့် ဆောင်ရွက်မည့် ၁၂ ထပ် အထက် သို့မဟုတ် အမြင့် ၁၄၀ ပေ အထက် မြင့်သည့် အဆောက်အအုံ၊ အမြင့် ၆၈ ပေ အထက် ဘာသာရေးဆိုင်ရာ အဆောက်အအုံ၊ ၁၂ ထပ်တွင် မြေအောက်ခန်း (Basement) ပါဝင်သော အဆောက် အအုံ၊ ၁၂ ထပ်အောက်ဖြစ်သော်လည်း လူ ၅၀၀ နှင့်အထက် အသုံးပြုမည့် ဧရိယာ ၁၂၀၀၀ စတုရန်းပေအထက် ကျယ်ဝန်းသည့် အများပြည်သူသုံးအဆောက်အအုံ၊ အများပြည်သူအန္တရာယ်ဖြစ်စေနိုင်သော အဆောက်အအုံ သို့မဟုတ် အဆိပ်အတောက် နှင့် ပေါက်ကွဲစေတတ်သော အရာဝတ္ထုသိုလှောင်ရုံဆောက်လုပ်လိုသူသည် သက်ဆိုင် ရာဦးစီးဌာန၊ အဖွဲ့အစည်းသို့ သက်ဆိုင်ရာဥပဒေပါ သတ်မှတ်ထားသည့် နည်းလမ်း များနှင့်အညီ လျှောက်ထားရမည်။
(ခ) ပုဒ်မခွဲ (က) အရ လက်ခံရရှိသည့် သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းသည် မိမိတို့နှင့် သက်ဆိုင်သည့်ဥပဒေနှင့်အညီ စိစစ်ပြီးခွင့်ပြုလိုပါက ဒေသဆိုင်ရာကော်မတီသို့ မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ လျှောက်ထားချက်အား တင်ပြရမည်။
(ဂ) ပုဒ်မခွဲ (က) အရ လက်ခံရရှိသည့် သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းသည် မိမိတို့နှင့် သက်ဆိုင်သည့်ဥပဒေနှင့်အညီ စိစစ်ပြီး ငြင်းပယ်လိုပါက လျှောက်ထားသူထံ ငြင်းပယ် ကြောင်း အကြောင်းကြားရမည်။
(ဃ) ဒေသဆိုင်ရာကော်မတီသည် ပုဒ်မခွဲ (ခ) အရ တင်ပြချက်ကို လက်ခံရရှိပါက စိစစ်ပြီး မိမိ၏သဘောထားမှတ်ချက်နှင့်အတူ လျှောက်ထားချက်ကို ဗဟိုကော်မတီသို့ တင်ပြ ရမည်။
(င) ဗဟိုကော်မတီသည် ပုဒ်မခွဲ (ဃ) အရ တင်ပြချက်ကို လက်ခံရရှိလျှင် ဦးစီးကော်မတီ အား အဆိုပါလျှောက်ထားချက်အပေါ် ခွင့်ပြုရန် သင့် မသင့် စိစစ်တင်ပြရန် တာဝန်ပေး အပ်ရမည်။
(စ) ဦးစီးကော်မတီသည် ပုဒ်မခွဲ (င) အရ တာဝန်ပေးအပ်ခြင်းခံရပါက စိစစ်ပြီး ခွင့်ပြုရန် သင့် မသင့် မိမိ၏သဘောထားမှတ်ချက်ကို လျှောက်ထားချက်နှင့်အတူ တင်ပြရမည်။
(ဆ) ဗဟိုကော်မတီသည် ပုဒ်မခွဲ (စ) အရ ဦးစီးကော်မတီက ခွင့်ပြုသင့်ကြောင်း တင်ပြလျှင် လျှောက်ထားချက်ကို မိမိထံတွင် မှတ်တမ်းတင်သိမ်းဆည်းပြီး မိမိ၏ ခွင့်ပြုချက်ကို ဒေသဆိုင်ရာကော်မတီမှတစ်ဆင့် သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းသို့ ပေးပို့ရမည်။ ငြင်းပယ်ပါက လျှောက်ထားချက်နှင့်အတူ ငြင်းပယ်ကြောင်းဆုံးဖြတ်ချက်ကို ဒေသ ဆိုင်ရာ ကော်မတီမှတစ်ဆင့် သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းသို့ ပေးပို့ရမည်။
(ဇ) သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းသည် ပုဒ်မခွဲ (ဆ) အရ ဗဟိုကော်မတီ၏ ခွင့်ပြုချက် ကို မိတ္တူကူးယူ၍ မိမိထံတွင် မှတ်တမ်းတင်သိမ်းဆည်းပြီး ခွင့်ပြုချက်မူရင်းကို လျှောက်ထားသူအား ပေးပို့ခြင်း သို့မဟုတ် ငြင်းပယ်ကြောင်း ဆုံးဖြတ်ချက်မိတ္တူကို မိမိထံတွင် မှတ်တမ်းတင်သိမ်းဆည်းပြီး ဆုံးဖြတ်ချက်မူရင်းကို လျှောက်ထားသူအား ပေးပို့ရမည်။
၅၂။ ပုဂ္ဂလိကအစီအစဉ်ဖြင့် ဆောင်ရွက်မည့် ၉ ထပ်အောက် သို့မဟုတ် အမြင့်ပေ ၁၀၀ အောက် အဆောက်အအုံ သို့မဟုတ် ဧရိယာ ၁၀၀၀၀ စတုရန်းပေအောက် အများပြည်သူသုံးအဆောက်အအုံ ဆောက်လုပ်လိုသူသည် သက်ဆိုင်ရာစည်ပင်သာယာရေးဥပဒေနှင့်အညီ လျှောက်ထားဆောင်ရွက် နိုင်သည်။
အခန်း (၁၃)
တည်ဆောက်ရေးလုပ်ငန်းများ စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်း
၅၃။ ဗဟိုကော်မတီနှင့် ဒေသဆိုင်ရာကော်မတီက တည်ဆောက်ရေးလုပ်ငန်းများအား စံချိန်စံညွှန်း များနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးရန် လုပ်ငန်းလိုအပ်ချက်အရ ဖွဲ့စည်းပေးထားသည့် သက်ဆိုင်ရာ ကြီးကြပ်စစ်ဆေးရေးအဖွဲ့သည် တည်ဆောက်ရေးလုပ်ငန်းများကို -
(က) ဗိသုကာနှင့် ဒီဇိုင်းပုံစံများကို လုပ်ငန်းနယ်ပယ်အလိုက် သတ်မှတ်စံချိန်စံညွှန်းများ၊ လမ်းညွှန်ချက်များနှင့်အညီ ရေးဆွဲထားခြင်း ရှိ မရှိ စစ်ဆေးရမည်။
(ခ) အရည်အသွေးထောက်ခံချက်လက်မှတ် ရရှိထားသော တည်ဆောက်ရေးပစ္စည်းများဖြင့် တည်ဆောက်ထားခြင်း ရှိ မရှိ နှင့် သတ်မှတ်တည်ဆောက်ရေးလုပ်ငန်းစဉ်များနှင့်အညီ တည်ဆောက်ထားခြင်း ရှိ မရှိ စစ်ဆေးရမည်။
(ဂ) တည်ဆောက်ဆဲ သို့မဟုတ် တည်ဆောက်ပြီးသည့် အခြေခံအဆောက်အဦ သို့မဟုတ် အများပြည်သူသုံးအဆောက်အအုံများ ဘေးအန္တရာယ်ကင်းရှင်းပြီး သတ်မှတ်အရည် အသွေး ပြည့်မီခြင်း ရှိ မရှိ အခါအားလျော်စွာ စစ်ဆေးရမည်။
(ဃ) တည်ဆောက်ရေးနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများ၊ လုပ်ငန်း အပ်နှံခံရသည့် တည်ဆောက်သူ၊ ဗိသုကာနှင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဝန်ဆောင် မှုအဖွဲ့၊ အကြံပေးပညာရှင် သို့မဟုတ် အကြံပေးပညာရှင်အဖွဲ့၊ လုပ်ငန်းစီမံခန့်ခွဲရေး အဖွဲ့၊ လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့နှင့် တတိယအဖွဲ့အစည်းတို့က လိုက်နာ ရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ ကြီးကြပ်ရ မည်။
၅၄။ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နိုင်ငံတော်အဆင့် အခြေခံအဆောက်အဦ တည်ဆောက်ရေးစီမံကိန်းကြီးများ၊ ပုဂ္ဂလိကအစီအစဉ်ဖြင့် ဆောင်ရွက်သည့် ၁၂ ထပ် အထက် သို့မဟုတ် အမြင့် ၁၄၀ ပေ အထက် အဆောက်အအုံများ သို့မဟုတ် အမြင့် ၆၈ ပေ အထက် ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ ၁၂ ထပ်တွင် မြေအောက်ခန်း (Basement) ပါဝင်သော အဆောက်အအုံများ၊ ၁၂ ထပ်အောက် ဖြစ်သော်လည်း လူ ၅၀၀ နှင့် အထက် အသုံးပြုမည့် ဧရိယာ ၁၂၀၀၀ စတုရန်းပေအထက် အများပြည်သူသုံးအဆောက်အအုံများ၊ အများပြည်သူအန္တရာယ်ဖြစ်စေ နိုင်သော အဆောက်အအုံများ၊ အဆိပ်အတောက်နှင့် ပေါက်ကွဲစေတတ်သော အရာဝတ္ထု သိုလှောင်ရုံ တည်ဆောက်ရေးလုပ်ငန်းများကို တတိယအဖွဲ့အစည်းကို အပ်နှံ၍ စစ်ဆေးခြင်းဆောင်ရွက်ရမည်။
အခန်း (၁၄)
စီမံခန့်ခွဲရေးဆိုင်ရာ နည်းလမ်းအရ အရေးယူခြင်း
၅၅။ ဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းသည် တားမြစ်ချက်များမှအပ ဤဥပဒေ အရ ထုတ်ပြန်သော စည်းကမ်းချက်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်သည့် မည်သည့် မှတ်ပုံတင်လက်မှတ်ကိုင်ဆောင်သူမဆို သို့မဟုတ် မည်သည့်ဆောက်လုပ်မှုကဏ္ဍနှင့် သက်ဆိုင်သူ မဆို အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ် ချမှတ်နိုင်သည် -
(က) သတိပေးခြင်း၊
(ခ) ဒဏ်ကြေးငွေပေးဆောင်စေခြင်း၊
(ဂ) မှတ်ပုံတင်လက်မှတ်အား ကာလအကန့်အသတ်ဖြင့် ဆိုင်းငံ့ခြင်း။
အခန်း (၁၅)
အယူခံခြင်း
၅၆။ ဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းက ချမှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို မကျေနပ်သူသည် ယင်းအမိန့် ချမှတ်သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနသို့ အယူခံဝင်နိုင်သည်။
၅၇။ (က) ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနသည် ပုဒ်မ ၅၆ အရ တင်ပြသည့် အယူခံ လျှောက်ထားချက်အပေါ် ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် အတည်ပြုခြင်းပြု နိုင်သည်။
(ခ) ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။
အခန်း (၁၆)
တားမြစ်ချက်များ
၅၈။ မည်သည့်တည်ဆောက်သူ၊ အကြံပေးပညာရှင် သို့မဟုတ် အကြံပေးပညာရှင်အဖွဲ့၊ လုပ်ငန်း စီမံခန့်ခွဲရေးအဖွဲ့၊ လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့ သို့မဟုတ် တတိယအဖွဲ့အစည်းမျှ မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်ခြင်း မပြုရ။
၅၉။ မည်သူမျှ တည်ဆောက်ရေးလုပ်ငန်းအတွက် ခွင့်ပြုချက်ရရှိရန် တင်ပြရာတွင် မမှန်ကန်သည့် အထောက်အထားများ တင်ပြလျှောက်ထားခြင်း မပြုရ။
၆၀။ မည်သူမျှ အဆောက်အအုံတည်ဆောက်ရာတွင် မူလခွင့်ပြုသတ်မှတ်ထားသည့် ဒီဇိုင်းပုံစံပါ အထပ်အမြင့် သို့မဟုတ် အထပ်အရေအတွက်ထက်ကျော်လွန်၍ တည်ဆောက်ခြင်း မပြုရ။
၆၁။ မည်သူမျှ အရည်အသွေးထောက်ခံချက်လက်မှတ် မရရှိသည့် တည်ဆောက်ရေးပစ္စည်းများကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း မပြုရ။
၆၂။ မည်သည့် အကြံပေးပညာရှင် သို့မဟုတ် အကြံပေးပညာရှင်အဖွဲ့၊ လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့ မျှ မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များနှင့် သက်ဆိုင်ရာစံချိန်စံညွှန်း များနှင့် မကိုက်ညီသည့် အကြံဉာဏ်ပေးခြင်း၊ စီမံခန့်ခွဲခြင်း မပြုရ။
၆၃။ မည်သည့် လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့၊ တတိယအဖွဲ့အစည်းမျှ တည်ဆောက် ရေးလုပ်ငန်းစစ်ဆေးရာတွင် မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ နှင့် သက်ဆိုင်ရာစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိဘဲ စစ်ဆေးအတည်ပြုခြင်း သို့မဟုတ် အရည်အသွေးပြည့်မီကြောင်းထောက်ခံခြင်း မပြုရ။
၆၄။ မည်သည့် တည်ဆောက်သူမျှ အရည်အသွေးပြည့်မီခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိသော မိမိဆောက်လုပ်ဆဲ၊ ဆောက်လုပ်ပြီးအဆောက်အအုံ သို့မဟုတ် မည်သည်ကိုမဆို အရည်အသွေး ပြည့်မီအောင် ပြင်ဆင်တည်ဆောက်ခြင်းမပြုဘဲ လုပ်ငန်းပိုင်ရှင်ထံ လွှဲပြောင်းပေးအပ်ခြင်းမပြုရ။
၆၅။ မည်သူမျှ ဗဟိုကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ အမြင့် ၆၈ ပေ အထက် ဘာသာရေးဆိုင်ရာ အဆောက်အအုံ၊ ၁၂ ထပ်အထက် သို့မဟုတ် အမြင့် ၁၄၀ ပေအထက် မြင့်သည့် အဆောက်အအုံ၊
၁၂ ထပ်တွင် မြေအောက်ခန်း (Basement) ပါဝင်သော အဆောက်အအုံ၊ ၁၂ ထပ် အောက်ဖြစ် သော်လည်း လူ ၅၀၀ နှင့်အထက် အသုံးပြုမည့် ဧရိယာ ၁၂၀၀၀ စတုရန်းပေအထက် ကျယ်ဝန်းသည့် အများပြည်သူသုံးအဆောက်အအုံ၊ အများပြည်သူအန္တရာယ်ဖြစ်စေနိုင်သော အဆောက်အအုံ သို့မဟုတ် အဆိပ်အတောက်နှင့် ပေါက်ကွဲစေတတ်သော အရာဝတ္ထုသိုလှောင်ရုံကို တည်ဆောက် ခြင်း မပြုရ။
၆၆။ မည်သူမျှ ဒေသဆိုင်ရာကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ ၉ ထပ်မှ ၁၂ ထပ်အထိ သို့မဟုတ် အမြင့် ၁၀၀ ပေ မှ ၁၄၀ ပေအထိ မြင့်သည့်အဆောက်အအုံ သို့မဟုတ် အမြင့် ၄၀ ပေ မှ ၆၈ ပေ အထိ ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ ဧရိယာ ၁၀၀၀၀ မှ ၁၂၀၀၀ စတုရန်းပေအထိ အများပြည်သူ သုံး အဆောက်အအုံကို တည်ဆောက်ခြင်း မပြုရ။
၆၇။ မည်သည့်ဗိသုကာနှင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့၊ တည်ဆောက်သူ၊ လုပ်ငန်းခွင်ကြီးကြပ်သူမျှ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအဆောက်အအုံ ဆိုင်ရာစံချိန်စံညွှန်းလမ်းညွှန်ချက်များ၊ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် စံချိန်စံညွှန်းများ အောက် လျော့နည်း၍ ဒီဇိုင်းပုံစံထုတ်ခြင်း၊ တည်ဆောက်ခြင်း၊ အရည်အသွေးထောက်ခံချက် လက်မှတ်မရရှိသည့် တည်ဆောက်ရေးပစ္စည်းအား အသုံးပြုတည်ဆောက်ခြင်း မပြုရ။
အခန်း (၁၇)
ပြစ်ဒဏ်များ
၆၈။ မည်သူမဆို ပုဒ်မ ၅၈ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသူကို ထောင်ဒဏ် သုံးနှစ်ထိဖြစ်စေ၊ ကျပ်သိန်း ၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၆၉။ မည်သူမဆို ပုဒ်မ ၅၉ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသူကို ထောင်ဒဏ် သုံးနှစ်ထိဖြစ်စေ၊ ကျပ်သိန်း ၁၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည်။
၇၀။ မည်သူမဆို ပုဒ်မ ၆၀ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသူကို ထောင်ဒဏ် သုံးနှစ် ချမှတ်ရမည့်အပြင် ကျပ်သိန်း ၂၀၀ ထက်မပိုသော ငွေဒဏ်နှင့် မူလခွင့်ပြုသတ်မှတ် ဒီဇိုင်းပုံစံထက် ကျော်လွန်တည်ဆောက်ထားခြင်းအား ဖျက်သိမ်းစေရမည်။
၇၁။ မည်သူမဆို ပုဒ်မ ၆၁ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသူကို ထောင်ဒဏ် ငါးနှစ်ချမှတ်ရမည့်အပြင် ကျပ်သိန်း ၅၀၀ ထက်မပိုသော ငွေဒဏ်လည်း ချမှတ်ရမည်။ စစ်ဆေးတွေ့ရှိ သော အရည်အသွေးထောက်ခံချက်မရရှိသည့် တည်ဆောက်ရေးပစ္စည်းများကိုလည်း နိုင်ငံတော်ပိုင် အဖြစ် သိမ်းဆည်းခြင်းခံရမည်။
၇၂။ မည်သူမဆို ပုဒ်မ ၆၂ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသူကို ထောင်ဒဏ် အနည်းဆုံး သုံးနှစ်မှ အများဆုံး ငါးနှစ်ထိဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၅၀၀ ထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၇၃။ မည်သူမဆို ပုဒ်မ ၆၃ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသူကို ထောင်ဒဏ် ငါးနှစ်ထိဖြစ်စေ၊ အရည်အသွေးလျော့နည်းဆောင်ရွက်ခဲ့သည့် အဆောက်အအုံကို ပြန်လည်ပြုပြင်ရ မည့်တန်ဖိုး၏နှစ်ဆနှင့် ညီမျှသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၇၄။ မည်သူမဆို ပုဒ်မ ၆၄ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသူကို ထောင်ဒဏ် ငါးနှစ် ချမှတ်ရမည့်အပြင် ကျပ်သိန်း ၅၀၀ ထက်မပိုသော ငွေဒဏ်လည်း ချမှတ်ရမည်။
၇၅။ မည်သူမဆို ပုဒ်မ ၆၅ နှင့် ပုဒ်မ ၆၆ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသူကို ထောင်ဒဏ် ငါးနှစ်ထိ ဖြစ်စေ၊ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ပြီးစီးသွားသည့် အဆောက်အအုံတန်ဖိုး ၏ ၃၀% ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၇၆။ မည်သူမဆို ပုဒ်မ ၆၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထိုသူကို ငါးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် စစ်ဆေးတွေ့ရှိချက်အပေါ် မူတည်၍ အဆောက်အအုံအား အရည်အသွေးပြည့်မီအောင် ပြုပြင်ခြင်း သို့မဟုတ် အသစ်ပြန်လည် တည်ဆောက်ပေးခြင်း သို့မဟုတ် အဆိုပါပြုပြင်ခြင်း သို့မဟုတ် အသစ်တည်ဆောက်ခြင်း တန်ဖိုး နှင့်ညီမျှသော လျော်ကြေးငွေကို နစ်နာသူအား ပေးဆောင်ခြင်းပြုရမည်။
၇၇။ မည်သူမဆို မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ၊ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် စံချိန်စံညွှန်းများအောက် လျော့နည်း၍ ဒီဇိုင်းပုံစံထုတ်ခြင်း၊ တည်ဆောက် ခြင်း၊ အရည်အသွေးထောက်ခံချက်လက်မှတ်မရရှိသည့် တည်ဆောက်ရေးပစ္စည်းအား အသုံးပြု တည်ဆောက်ခြင်းကြောင့် အဆိုပါ အဆောက်အအုံသည် မမျှော်မှန်းနိုင်သောကိစ္စရပ်မှအပ သတ်မှတ်သက်တမ်းမတိုင်မီ ပျက်စီးယိုယွင်းကြောင်း၊ ပြိုကျပျက်စီးကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ငါးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် စစ်ဆေးတွေ့ရှိချက်အပေါ် မူတည်၍ အဆောက်အအုံအား အရည်အသွေးပြည့်မီအောင် ပြုပြင်ခြင်း သို့မဟုတ် အသစ်ပြန်လည် တည်ဆောက်ပေးခြင်း သို့မဟုတ် အဆိုပါ ပြုပြင်ခြင်း သို့မဟုတ် အသစ်တည်ဆောက်ခြင်း တန်ဖိုးနှင့် ညီမျှသော လျော်ကြေးငွေကို နစ်နာသူအား ပေးဆောင်ခြင်းပြုရမည်။
အခန်း (၁၈)
အထွေထွေ
၇၈။ ဤဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း သိရှိသူ မည်သူမဆို ဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းသို့ တိုင်ကြားနိုင်သည်။
၇၉။ ပုဒ်မ ၆၈၊ ၆၉၊ ၇၀၊ ၇၁၊ ၇၂ ၊ ၇၃၊ ၇၄၊ ၇၅၊ ၇၆ သို့မဟုတ် ၇၇ အရ တရားစွဲဆိုရာတွင် စုံစမ်း စစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာဖြင့် ဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းက တာဝန်ပေးအပ်သည့် လက်ထောက်ညွှန်ကြားရေးမှူးအဆင့်အောက် မနိမ့်သောအရာရှိက တရားလို ပြုလုပ်၍ တရားစွဲဆိုရမည်။
၈၀။ ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနသည် မိမိတို့ တာဝန်ယူဆောင်ရွက်လျက် ရှိသည့် တည်ဆောက်ရေးလုပ်ငန်းအမျိုးအစားနှင့် လုပ်ငန်းသဘာဝအလိုက် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း၊ စံချိန်စံညွှန်းများနှင့်အညီ လိုက်နာ ဆောင်ရွက်စေရန် ကြီးကြပ်ရမည်။
၈၁။ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နောက်ဆုံးထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ၊ လုပ်ငန်းနယ်ပယ်အလိုက် သတ်မှတ်စံချိန် စံညွှန်းများ၊ ဆောက်လုပ်မှုလုပ်ငန်းစီမံခန့်ခွဲခြင်းဆိုင်ရာ စည်းမျဉ်းများ၊ မြန်မာနိုင်ငံမီးဘေးလုံခြုံရေး ဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
၈၂။ ဗဟိုကော်မတီသည် ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်တွင်းပြည်ပမှ ထောက်ပံ့သော ငွေကြေး၊ နည်းပညာ၊ စက်ကိရိယာနှင့် အခြေခံအဆောက်အဦအပါအဝင် ထောက်ပံ့ ကူညီမှုများကို သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရယူနိုင်သည်။
၈၃။ ဤဥပဒေအရဖွဲ့စည်းမည့် ဦးစီးကော်မတီ၊ ဆပ်ကော်မတီနှင့် အဖွဲ့တို့တွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကျွမ်းကျင်ပညာရှင်များသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် တာဝန်ခံဝန်ကြီးဌာနက သတ်မှတ်ထားသည့် ချီးမြှင့်ငွေနှင့် စရိတ်များကို ခံစားခွင့်ရှိသည်။
၈၄။ ဤဥပဒေအရ လုပ်ငန်းတာဝန်တစ်ရပ်ရပ်ကို တာဝန်ပေးအပ်ခြင်းခံရသည့် ဗဟိုကော်မတီနှင့် ဒေသဆိုင်ရာကော်မတီ အဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ၊ ဦးစီးကော်မတီ၊ ဆပ်ကော်မတီနှင့် အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ၊ ၎င်း၏ တာဝန်ထမ်းဆောင်စဉ် သဘောရိုးဖြင့် ဆောင်ရွက်ခြင်းအတွက် တရားမကြောင်းဖြင့်သော်လည်းကောင်း၊ ပြစ်မှုကြောင်းဖြင့်သော်လည်းကောင်း တရားစွဲဆိုခြင်း မရှိစေရ။
၈၅။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် -
(က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) ဗဟိုကော်မတီ၊ ဝန်ကြီးဌာနနှင့် ဒေသဆိုင်ရာကော်မတီတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ယာယီသမ္မတ