နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် KNDF ၊ အင်းလေး PDF ၊ ရှမ်း(တောင်)PDFနှင့် DPLA အဖွဲ့ဝင် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၆ ဦး၊ ပေါင်း ၂၄ ဦးတို့ လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် နေပြည်တော် ၊ ၂၀၂၆ ဖေဖော်ဝါရီ ၂
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက် ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက် ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘော ပေါက်လာသည့် KNDF အဖွဲ့မှ အမျိုးသား ၃ ဦး၊ အင်းလေးPDF အဖွဲ့မှ အမျိုးသား ၁ ဦး၊ ရှမ်း(တောင်)PDF အဖွဲ့မှ အမျိုးသား ၂ ဦး၊ DPLA အဖွဲ့မှ အမျိုးသား ၁၂ဦး၊ အမျိုးသမီး ၆ဦး၊ စုစုပေါင်း အမျိုးသား ၁၈ဦးနှင့် အမျိုးသမီး ၆ဦး တို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် ဉပဒေဘောင်အတွင်းသို့ ဝင်ရောက်လာ ကြသည်။
အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် KNDF ၊အင်းလေး PDF၊ ရှမ်း(တောင်)PDFနှင့် DPLA အဖွဲ့ဝင် များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကြပ်ကိုင်၍ အတင်း အဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံ အဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက်အဆင့်အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်း ဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ် ကျဆင်းလာခြင်းတို့အပြင်နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည် အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ ၊ ညောင်ရွှေမြို့နယ် ၊ ကလောမြို့နယ် ၊ ရပ်စောက်မြို့နယ်၊ ရွာငံမြို့နယ် ၊ ပင်းတယမြို့နယ်မှ ၊ မိုးဗြဲ-ဖယ်ခုံမြို့နယ် ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တို့မှ အမျိုးသား၁၈ ဦး၊ အမျိုးသမီး ၆ ဦး ပေါင်း ၂၄ ဦး တို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူ များထံ ပြန်လည်လွှဲပြောင်း အပ်နှံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူးများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားများအသီးသီးပြော ကြားပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူးက ဉပဒေအကြောင်းအရာများအား ဆွေးနွေးပြောကြား သည်။ ယင်းနောက် ဉပဒေဘောင် အတွင်းပြန်လည်ဝင်ရောက်ခဲ့ကြသူများမှ ၎င်းတို့နှင့် အတူ ပါရှိလာသည့် မောင်းပြန် ရိုင်ဖယ် ၂ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၄၀ တောင့်တို့ အား လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်းအတွင်း ဝင်ရောက်လာကြသူများအား မောင်းပြန်ရိုင်ဖယ် ၁ လက်နှုန်း အတွက် ဆုကြေးငွေ ကျပ်သိန်း ၅၀ နှုန်းဖြင့် ၂ လက်အတွက် ငွေကျပ် သိန်း ၁၀၀ နှင့် အလင်းဝင်ရောက်လာသူအားလုံးအတွက် တစ်ဦးလျှင် ငွေကျပ် ၂ သိန်းနှုန်းဖြင့် ၂၄ ဦး အတွက် ဆုကြေးငွေကျပ် ၄၈ သိန်း၊ စုစုပေါင်းငွေကျပ် ၁၄၈သိန်းနှင့် ထောက်ပံ့ပစ္စည်းများ ကို ပြန်လည်ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်းအတွင်းဝင်ရောက်လာကြသူများ ကိုယ်စား ဥပဒေဘောင်းအတွင်းဝင်ရောက်လာသူ ၁ ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူ များထံ ပြန်လည်လွှဲ ပြောင်း အပ်နှံပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံ သို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင် ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်း များနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်း များအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်အဖွဲ့ထဲကို မဝင်ရောက်ခင် အောင်ပန်းမြို့နယ်မှာ မိဘတွေနဲ့ အတူ နေထိုင်ပြီး တော့ ဒသမတန်းတက်ရောက်နေချိန်မှာ တစ်ရွာတည်းနေ သူငယ်ချင်းက စည်းရုံးခဲ့လို့ DPLA အကြမ်းဖက်အဖွဲ့ထဲကို ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်မအနေနဲ့ အမျိုး သမီးဖြစ် တာကြောင့် တိုက်ခိုက်ရတာမျိုးမရှိဘဲ အဖွဲ့ထဲမှာ ခေါင်းဆောင်ပိုင်းတွေက ခွဲခြား ဆက်ဆံတာတွေ အာဏာပြ ဆဲဆိုတာတွေတော့ ရှိပါတယ်။ ကျွန်မအနေနဲ့ အမျိုးသမီး တစ်ဦးဖြစ်တာကြောင့် အဖွဲ့ထဲမှာ နေထိုင်ရတာ ဘဝလုံခြုံမှုမရှိပါဘူး။ ခေါင်းဆောင်ပိုင်းများမှာလဲ အာမခံ ချက်နဲ့လက်တွေ့ လုပ်ဆောင်ချက်မှာ တူညီမှုမရှိဘဲ ခွဲခြားဆက်ဆံမှုတွေ လုပ်ဆောင်လာတဲ့အတွက် အဖွဲ့ထဲမှာ နေထိုင်ရတာ အချိန်ကြာတာနဲ့အမျှ စိတ်ဓာတ်ကျ ဆင်းလာခဲ့ပါတယ်။ ကျွန်မအနေနဲ့ ခေါင်းဆောင်ပိုင်းတွေရဲ့ လုပ်ရပ်တွေကို သဘောမကျလို့ တပ်မတော်ထဲ အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အလင်းဝင်ချိန်မှာတော့ ဝါဒဖြန့်ပြောထားသလို ရိုက်နှက်တာမျိုး၊ ထောင်ချ တာမျိုးတွေ မရှိပါဘူး။ ကျွန်မတို့ရောက် ရှိလာတဲ့ အချိန်ကျတော့ တပ်မတော်က တာဝန်ရှိသူတွေက သားသမီးတစ်ဦးသဖွယ် နွေးထွေးစွာပြောဆို ဆက်ဆံတယ်။ ကောင်းမွန်စွာထားပြီး မိသားစုသဖွယ် ဆက်ဆံတဲ့ အတွက် လွန်စွာဝမ်းသာ ကျေနပ်ခဲ့ရပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ အခုလိုအလင်းဝင် ရောက်တဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့မိတာ မှန်ကန်တယ်လို့ မြင်မိပါတယ်။ အခုလို အလင်းဝင် ရောက်ပြီးတော့ မိသားစုနဲ့အတူ မြို့ရွာတွင်းမှာ အေးအေးချမ်းချမ်းနေ ထိုင်ပြီး ပညာဆက်လက် သင်ကြားကာ နိုင်ငံနှင့် လူမျိုး အပေါ်အကျိုးပြုနိုင်သူ တစ်ယောက်ဖြစ် အောင် ကြိုးစားနေထိုင်သွား မှာပါ။ အနာဂတ် မျိုးဆက်သစ်လူငယ်များအနေနဲ့ အကြမ်းဖက် အဖွဲ့များ၏ မဟုတ်မမှန် ဝါဒဖြန့်ပြောဆို စည်းရုံးမှုများကို နားမယောင်ကြစေလိုပဲ ရှေ့ဆက် လမ်းမှားကို မလျှောက်လှမ်းနိုင် ဖို့ရန် ပညာရေးကိုသာ ပြီးမြောက်အောင်သင်ကြားကာ နိုင်ငံအတွက် အကျိုးပြုနိုင်တဲ့ လူတော် လူကောင်းများ ဖြစ်အောင် နေထိုင်သွားဖို့အကြံပြု လိုပါတယ်။
DPLA အကြမ်းဖက်အဖွဲ့ကနေ အလင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။ ကျွန်တော် DPLA အကြမ်းဖက်အဖွဲ့ကို မဝင်ရောက်ခင်အချိန်မှာ မိဘတွေနဲ့အတူ နေထိုင်ပြီး တောင်ယာ လုပ်ငန်း လုပ်ကိုင်နေခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ ၂ လပိုင်းလောက်မှာ အကြမ်းဖက်အဖွဲ့ဝင်တွေ ဖြစ်တဲ့ DPLA အကြမ်းဖက်အဖွဲ့တွေက ဖမ်းဆီးလူသစ်စုဆောင်းခဲ့မှုကြောင့် DPLA အကြမ်းဖက် အဖွဲ့ဝင် အဖြစ် ရောက်ရှိခဲ့ရခြင်းဖြစ်ပါတယ်။ အကြမ်းဖက်သင်တန်းကို သီပေါမြို့နယ်အတွင်းမှာ ရှိတဲ့ တောတွင်း တစ်နေရာမှာ သင်တန်းတက်ရောက်ခဲ့ရပြီး နောင်ချိုမြို့ နယ်ထဲမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွား နေတဲ့ ရှေ့တန်းတစ်နေရာကို ပို့ဆောင်ခံခဲ့ရတယ်။ TNLA အကြမ်းဖက်အဖွဲ့တွေကလည်း ကျွန်တော် တို့ DPLA အကြမ်းဖက်အဖွဲ့တွေကို လူမျိုးရေး ခွဲခြားဆက်ဆံတာ လုပ်တဲ့အပြင် နောင်ချိုမြို့နယ်မှာ တပ်မတော်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ကိုယ့်အသက်မသေအောင် ပုန်းအောင်းနေထိုင်ခဲ့ရတယ်။ အဲ့ဒါကြောင့် အကြမ်းဖက်အဖွဲ့ထဲက ခေါင်းဆောင်ပိုင်းတွေရဲ့ လုပ်ရပ် တွေကို မကြိုက်လို့တပ်မတော်ထံ အလင်းဝင်ရောက်ဖို့ စိတ်ကူးမိခဲ့ပါတယ်။ တပ်မတော်ထံကို အလင်းဝင်ရောက်သွားသူတွေကို သတ်ပစ်တာတွေ ထောင်ထဲပို့တာတွေ လုပ်တယ်လို့ ဝါဒဖြန့် ပြောကြားထားလို့ အလင်းဝင်ဖို့ စိုးရိမ်မိတယ်။ ဒါပေမယ့်လည်း အမှန်တကယ် အလင်းဝင်လာတဲ့ အချိန်မှာ သတ်ပစ်တာမျိုး၊ ထောင်ချတာမျိုးတွေ မရှိပါဘူး။ ကျွန်တော်ရောက်ရှိလာတဲ့အချိန်မှာတော့ တပ်မတော်က တာဝန်ရှိသူတွေက နွေးထွေးစွာ ပြောဆိုဆက်ဆံတယ်။ ကျွန်တော့်အနေနဲ့ အခုလို အလင်းဝင်ရောက်တဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့မိတာ မှန်ကန်တယ်လို့ မြင်မိပါတယ်။ အကြမ်းဖက်အဖွဲ့ထဲက ဓနုလူမျိုး လူငယ်တွေကို တောထဲမှာနေပြီး အကြောင်းမဲ့ သေဆုံးရမယ့် အစား၊ မိသားစုနဲ့အတူ ပြန်လည် နေထိုင်ပြီး ဘဝကို အေးချမ်းစွာ ဖြတ်သန်းနိုင်ဖို့ တပ်မတော်နဲ့ လက်တွဲပြီး အလင်းဝင်ရောက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။



