အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဂမ်ဘီယာနှင့် မြန်မာတို့၏  အမှုနှင့် ပတ်သက်၍  ကြားနာပွဲသို့  တက်ရောက်တုံ့ပြန်ချေပလျှောက်လဲခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ရန်ကုန် ဖေဖော်ဝါရီ ၁

Sunday, February 1, 2026 - 15:45

အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဂမ်ဘီယာနှင့် မြန်မာတို့၏  အမှုနှင့် ပတ်သက်၍  ကြားနာပွဲသို့  တက်ရောက်တုံ့ပြန်ချေပလျှောက်လဲခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

ရန်ကုန် ဖေဖော်ဝါရီ ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် တရားမျှတသော အမှန်တရား အတွက် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၌  တုံ့ပြန်ချေပ လျှောက်လဲခဲ့သည် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၃၁ ရက်တွင် နယ်သာလန်နိုင်ငံမှ ပြန်လည်ထွက်ခွာလာရာ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိပြီး  ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊  ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရဟန်းရှင်လူပြည်သူများ၊ အနုပညာရှင်များ၊ ကျောင်းသား ကျောင်းသူများက ဂုဏ်ပြု ပန်းစည်းများပေးအပ်၍  ကြိုဆိုထောက်ခံကြောင်း ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ  နိုင်ငံတော်အလံများ‌ ဝှေ့ယမ်းပြီး လှိုက်လှိုက်လဲလဲ တစ်ခဲနက် ကြိုဆိုကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးတို့ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်းအတွင်း ကျင်းပရာ  တက်ရောက်လာသူများက  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံတော်အား အလေးပြုကြပြီး နိုင်ငံတော်သီချင်းကို သံပြိုင်သီဆို ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြောကြားရာ၌ ယခုကြားနာမှုမှာ နောက်ဆုံးအဆင့် နှစ်ဘက်စုံညီလျှောက်လဲကြားနာမှုဖြစ်ပြီး အမှု၏ အရေးကြီးဆုံးအဆင့် ဖြစ်ပါကြောင်း၊ ထိုအမှု၏ အရေးကြီးပုံကို အားလုံးလည်းသိရှိပြီးဖြစ်ပါကြောင်း၊ တရားရင်ဆိုင်မှုတွင် သရေမရှိ၊ ပူးတွဲ ချန်ပီယံမရှိဘဲ အနိုင်၊ အရှုံးနှစ်မျိုးသာ ရှိပါကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် ထိုအမှုတွင် မည်သို့မျှ အရေးနိမ့်၍ မဖြစ်သည့်အတွက် မိမိတို့တစ်ဖွဲ့လုံး ကျားကုတ်ကျားခဲကြိုးစား၍ ရင်ဆိုင်ထုချေလျှောက်လဲခဲ့ကြပါကြောင်း၊ မိမိတို့အဖွဲ့ဆိုရာတွင် မြန်မာနိုင်ငံမှ သွားရောက်ရင်ဆိုင်ခဲ့သည့် သက်ဆိုင်ရာဝန်ကြီးဌာန ပေါင်းစုံပါဝင်သည့် လုပ်ငန်း အဖွဲ့နှင့် ဘရပ်ဆဲလ်မြို့ရှိ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့်တကွ သံရုံးဝန်ထမ်းများ၊ နိုင်ငံတကာ ရှေ့နေအဖွဲ့များ အတူတကွ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ အမှုရင်ဆိုင်ခဲ့သည့် ရက်ပေါင်း ၂၀ တွင် အချိန်လု၍ ဆောင်ရွက်ခဲ့ကြရပါကြောင်း၊ မိမိတို့အဖွဲ့သည် နေ့မအား၊ ညမနား ကြိုးပမ်းလုပ်ဆောင်ကြရပါကြောင်း၊ တချို့နေ့ရက်များတွင် ညလုံးပေါက် မနားတမ်း ဆောင်ရွက် ခဲ့ကြရပါကြောင်း။

          အမှန်တကယ်တွင် ထိုအမှုမှာ ရက်ပေါင်း၂၀ သာ အပြင်းအထန်လုပ်ခဲ့ရသည် မဟုတ်ဘဲ မိမိတို့လုပ်ငန်းအဖွဲ့သည် အမှုတွင် ခိုင်ခိုင်မာမာတုံ့ပြန်ချေပနိုင်ရန် ၅ နှစ်ခန့် ကျားကုတ်ကျားခဲ ကြိုးပမ်းခဲ့ကြရပါကြောင်း၊ အခက်အခဲအမျိုးမျိုး၊  စိန်ခေါ်မှုအမျိုးမျိုးလည်း ကြုံခဲ့ရပါကြောင်း။

          ယင်းအနေအထားမှ  နောက်ဆုံးကြားနာမှုတွင် မိမိတို့ပင်ပန်းခဲ့ရကြိုးနပ်အောင် ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ဥပဒေပိုင်းဆိုင်ရာတွင်သာမက  အချက်အလက်ပိုင်းဆိုင်ရာမှာပါ ပြည့်ပြည့်စုံစုံ ခိုင်ခိုင်လုံလုံနှင့်အချိန်မီပြုစုတင်ပြလျှောက်လဲနိုင်ခဲ့ပါကြောင်း။

           ပထမဆုံး ကျေးဇူးတင်လိုသည်မှာ အမှုနှင့် ပတ်သက်၍ အစမှ အဆုံးတိုင် မိမိတို့အဖွဲ့အား ယုံယုံကြည်ကြည်ဖြင့် တာဝန်ပေးအပ်ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံတော်အကြီးအကဲ နှင့် တကွ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း။

          အလားတူ အမှုတစ်လျှောက်လုံး ငါးနှစ်တာကာလနှင့် နောက်ဆုံးတိုက်ပွဲ ရက် ၂၀ အထိ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် အစစအရာရာ အနစ်နာခံ၊ အပင်ပန်းခံ ပါဝင်ဆောင်ရွက် ပေးခဲ့ကြသည့် မိမိ၏ ရဲဘော်ရဲဘက် ICJ လုပ်ငန်းအဖွဲ့ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊  မိမိတို့နှင့်အတူ မိမိတို့၏ အဖြစ်မှန်ကို နားလည်သိရှိ၍ မိမိတို့ဘက်မှ စေတနာအပြည့်ဖြင့် ဝတ်ကျေတန်းကျေမဟုတ်ဘဲ ခုခံကာကွယ်လျှောက်လဲပေးခဲ့သည့် နိုင်ငံတကာရှေ့နေအဖွဲ့ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့၌  သွားရောက် တရား ရင်ဆိုင်ရာခဲ့ရသည့် အကြိမ်တိုင်းတွင် အစစ ၊ အရာရာအဆင်ပြေစေရန် ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြသည့်  မြန်မာသံရုံး ဘရပ်ဆဲလ်မှ သံရုံးဝန်ထမ်းများ၊ တစ်ထောက်နားခဲ့သည့် လေဆိပ်များတွင် လာရောက် ကူညီခဲ့ကြသည့် သံရုံးဝန်ထမ်းများ၊ မိမိတို့ ဥပဒေစစ်မြေပြင်ရှေ့တန်းတွင် တိုက်ပွဲဝင်နိုင်စေရန် မြန်မာနိုင်ငံအတွင်းမှ  အချက်အလက်များကို ပြည့်ပြည့်စုံစုံရအောင် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုး ကူညီပေးခဲ့ကြသည့် ဝန်ကြီးဌာနများ၊ မီဒီယာများနှင့် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် ရဲဘော်ရဲဘက် များအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း။

          အထူးသဖြင့် မိမိတို့ ICJ ဆိုင်ရာ မြန်မာအဖွဲ့ကို ရင်ထဲ၊ အသည်းထဲမှ လှိုက်လှိုက်လှဲလှဲ ထောက်ခံအားပေးခဲ့ကြသည့် အမိမြန်မာပြည်မှ ပြည်သူလူထုကြီး တစ်ရပ်လုံးကို မိမိတို့အဖွဲ့က အစဉ်ထာဝရကျေးဇူးတင်နေမည် ဖြစ်ပါကြောင်း၊ ပြည်သူတစ်ရပ်လုံးက မိမိတို့နှင့်အတူ အားပေး ရပ်တည်ခဲ့မှုသည် မိမိတို့အတွက် အဖိုးမဖြတ်နိုင်သည့် ခွန်အားဖြစ်ခဲ့ပါကြောင်း၊ ပြည်သူပါသည့် ဘက်က စစ်နိုင်သည်ဆိုသည့် ဆိုရိုးစကားအတိုင်း နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုကြီး တစ်ခုလုံး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် ဆက်လက်ပြီး လက်တွဲဆောင်ရွက်ကြမည်ဆိုလျှင် မည်သည့်အခက်အခဲမဆို၊ ကြမ်းတမ်းသည့် စိတ်ခေါ်မှုမျိုးကိုမဆို အောင်မြင်စွာ ကျော်လွှား နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့အားလုံး မျှော်လင့်တောင့်တနေကြသည့် နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် အားလုံး စည်းလုံးညီညွှတ်မှုနှင့် ရွှေရောင် အနာဂတ်ကို အတူတကွ လျှောက်လှမ်းကြပါစို့ဟု တိုက်တွန်းလိုပါကြောင်း။

          မကြာခင်ပေါ်ပေါက်လာတော့မည့် နိုင်ငံတော်၏ အခင်းအကျင်းအသစ်နှင့် အတူ မိမိတို့ ချစ်သည့် မြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်၊ တည်တံ့ခိုင်မြဲရေးနှင့် အေးချမ်းသာယာဖွံ့ဖြိုးရေးအတွက် ရည်မှန်း၍  မိမိတို့အားလုံး နိုင်ငံတော်အလံကို အလေးပြုပြီး နိုင်ငံတော်သီချင်းကို တက်တက် ကြွကြွသီဆိုကာ မိမိတို့၏ နိုင်ငံချစ်စိတ်ကို ပြသပေးကြပါစို့ ဟု မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဒေါက်တာ သီတာဦးတို့ ခေါင်းဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မော်တော်ယာဉ် တန်းဖြင့် ပြန်လည်ထွက်ခွာရာ လမ်းတစ်လျှောက်တွင်  ဌာနဆိုင်ရာဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ ရဟန်းရှင်လူပြည်သူများ၊ ကျောင်းသားကျောင်းသူများက ဗီနိုင်းပိုစတာများ ကိုင်ဆောင်ပြီး နိုင်ငံတော် အလံများ‌ ဝှေ့ယမ်းကာ လှိုက်လှိုက်လဲလဲ တစ်ခဲနက်ကြိုဆို ထောက်ခံ ကြောင်း ပြသခဲ့ကြသည်။