နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဇန်နဝါရီ ၂၉
လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်(၁၈) အစည်းအဝေးခန်းမ၌ ကျင်းပရာ လွှတ်တော်အစည်း အဝေးများ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နှင့် လွှတ်တော်အသီးသီးမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ဦးစွာ ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အဖွင့်အမှာစကား ပြောကြားရာတွင်တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေး များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပပြုလုပ်သွားမည် ဖြစ်သည့်အတွက် လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း။
ထို့ပြင် တတိယအကြိမ်လွှတ်တော်များ၏ ပထမပုံမှန်အစည်းအဝေးသို့ တက်ရောက်ရမည့် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းများကို အတည်ပြုပြီး ချိန်တွင်ဖိတ်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို အချိန်မီဆောင်ရွက်နိုင်ရေး၊ လွှတ်တော် ကိုယ်စားလှယ်များ အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရန် ရိပ်သာများပြင်ဆင် ဆောင်ရွက်ထားရှိရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးများအဆင် ပြေစွာအသုံးပြု နိုင်ရန်ဆောင်ရွက်ထားရှိရေး၊လွှတ်တော်အစည်းအဝေးများ ကျင်းပစဉ်နှင့် ရပ်နားစဉ် ကာလတို့တွင် လွှတ်တော်ဝန်း အတွင်း/ အပြင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင် သည့်နေရာများတွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိ ရေး၊ လွှတ်တော်ကိုယ်စားလှယ်များအတွက် စားသောက်ရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ၊ သွားလာရေး အဆင်ပြေစေရေးအတွက် သယ်ယူပို့ဆောင်ရေးကိစ္စရပ် များကိုလည်း စနစ်တကျဆောင်ရွက်ထားရှိရေး၊ လွှတ်တော်အသီးသီးရှိ တယ်လီဖုန်း ဆက်သွယ်မှု စနစ်များ၊ e-Voting စနစ်နှင့် Delegate Unit များ၊ LED board များ ကောင်းမွန်စွာအသုံးပြုနိုင်ရေးတို့အတွက်လည်း စမ်းသပ်လေ့ကျင့်မှုများ ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။
အလားတူ ငလျင်ဒဏ်ကြောင့် လွှတ်တော်ပရဝဏ်အတွင်း ထိခိုက်ပျက်စီး ခဲ့သည့် အဆောက်အဦများ၊ လမ်း၊ တံတားများ အဆင့်မြှင့်ပြန်လည်ပြင်ဆင်ထားရှိမှု စနစ်တကျရှိစေရေး ၊ လွှတ်တော်အသီးသီး၏ လွှတ်တော်အစည်းအဝေးကျင်းပမှု သတင်းမှတ်တမ်းများ ရိုက်ကူးထုတ်လွှင့်ခြင်းနှင့် ရုပ်/သံစက်ပစ္စည်းများ ကောင်းမွန် စေရေး၊ ပြည်တွင်း/ပြည်ပသတင်း မီဒီယာများ၏ သတင်းရယူရေးကိစ္စရပ်တို့တွင် လည်း စနစ်တကျနှင့် အဆင်ပြေချောမွေ့စေရေးတို့ကို ကော်မတီအလိုက် တာဝန်ရှိ သူများက ကြပ်မတ်ဆောင်ရွက်ကြရမည် ဖြစ်သည့်အတွက် ယခုအစည်းအဝေးတွင် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် က တတိယအကြိမ် လွှတ်တော်အသီးသီး၏ လွှတ်တော်အစည်းအဝေးများစနစ်တကျဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီမံဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီများ အလိုက် တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက် သွားရမည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်း ခဲ့သည်။
ဆက်လက်၍ အစည်းအဝေးအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် လွှတ်တော်ဝန်းအတွင်းရှိ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များသို့သွားရောက်၍လွှတ်တော်အစည်းအဝေးများ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
