ဂမ်ဘီယာနှင့် မြန်မာတို့၏ အမှုနှင့် ပတ်သက်၍ ကြားနာပွဲ ဆက်လက်ပြုလုပ် မြန်မာ၏ ဒုတိယအကျော့ လျှောက်လဲမှုများ စတင်
နေပြည်တော် ဇန်နဝါရီ ၂၉
ဂမ်ဘီယာနှင့် မြန်မာတို့၏ အမှုနှင့် ပတ်သက်၍ ကြားနာပွဲ (Oral Hearing) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည် ဆိုင်ရာ တရားရုံး (ICJ)၌ ပြုလုပ်လျက်ရှိရာ မြန်မာ၏ ဒုတိယအကျော့ လျှောက်လဲမှု ကို ဇန်နဝါရီ ၂၈ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် စတင်သည်။
မြန်မာနိုင်ငံ၏ ရှေ့နေများက ဂမ်ဘီယာ၏ အထောက်အထားများ ခိုင်လုံမှု မရှိ ကြောင်း နှင့် တရားသူကြီးများ၏ မေးခွန်းများကို လျှောက်လဲ ဖြေ ကြား ကြ သည် ။
ရှေးဦးစွာ မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr. Christopher Staker က မြန်မာ နိုင်ငံ၏ ဒုတိယ အကျော့ လျှောက်လဲချက်၏ အဖွင့်နိဒါန်းပြောကြားရာတွင် မြန်မာ နိုင်ငံ၏ ပထမအကျော့ လျှောက်လဲချက်တွင် ဖော်ပြခဲ့သည့် ရပ်တည်ချက်အတိုင်း ဆက်လက်ရပ် တည်ပါကြောင်း၊ ဂမ်ဘီယာသည် အထောက်အထားအသစ် မတင်ပြ နိုင်ဘဲ အချက် အလက် စုံစမ်းရှာဖွေရေးအဖွဲ့ (FFM) နှင့် ကျွမ်းကျင်သက်သေ Newton ၏ အချက်အလက်များကိုသာ ဆက်လက် ကိုးကားနိုင်သည်ကိုတွေ့ရကြောင်း၊ အချိန်ကိုငဲ့ညှာသော အားဖြင့် ဂမ်ဘီယာ၏ စွပ်စွဲ ချက်အားလုံးကို ဖြေဆိုမည်မဟုတ် သော်လည်း မြန်မာ၏ စာဖြင့် ရေးသား လျှောက်လဲချက်များတွင် ပြည့်စုံစွာ ဖြေကြား ပြီးဖြစ်ကြောင်း၊ သက်သေ အထောက်အထားများမှန်ကန်မှု ရှိ မရှိကို FFM က ဆုံးဖြတ်ရမည်မဟုတ်ဘဲ တရားသူကြီးများက ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ FFM ကလည်း ဖြစ်နိုင်ချေရှိသည်ဟုသာ သုံးသပ်ထားကြောင်း၊ Newton ကလည်း ၎င်း၏ ကျွမ်းကျင်မှုဖြင့် လျှောက်တင်ထားသည့် သုံးသပ်ချက်မှာလည်း FFM အစီရင်ခံစာ အပေါ်တွင်သာ သုံးသပ်ထားခြင်းဖြစ်ကြောင်း။
၂၆-၁-၂၀၂၆ ရက် တွင် ဂမ်ဘီယာရှေ့နေများက မြန်မာရှေ့နေများသည် မြန်မာနိုင်ငံ အတွက် မဟုတ်မမှန် ကာကွယ်ပြောဆိုသည်ဟု စွပ်စွဲကြောင်း၊ မိမိတို့ရှေ့နေများအနေဖြင့် ရှေ့နေများ၏ ကျင့်ဝတ်များကို စောင့်ထိန်းသကဲ့သို့ မြန်မာနိုင်ငံသည်လည်း အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်ပြီး ကုလသမဂ္ဂ၊ လူမျိုးသုဉ်း စေမှုစာချုပ်တို့၏ အဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း၊ စာချုပ်ပါ အချက်အလက်များကို အပြည့်အဝလိုက်နာသည့် တာဝန်သိ နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ သို့ဖြစ်ရာ ဂမ်ဘီယာ ၏ ပြောကြားမှုကို ကန့်ကွက်ပါကြောင်း လျှောက် လဲသည်။
ဆက်လက်၍ Mr. Christopher Staker က အကြမ်းဖက် ချေမှုန်းမှု စစ်ဆင် ရေးတွင် လူမျိုးသုဉ်းကျူးလွန်မှုဖြစ်နိုင်သည်မှာ မှန်သော်လည်း လက်တွေ့တွင် ဖြစ်ပွားခဲ့ခြင်းမရှိကြောင်းကို အပြည်ပြည်ဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) တွင်လည်း ဖော်ပြထားပြီးဖြစ်ကြောင်း၊ ဂမ်ဘီယာက ဖြစ်စဉ်အသေးစိတ်ကို လေ့လာခြင်းမရှိဘဲ ရွာသုံးရွာ ကိုသာ ရည်ညွှန်းပြီး လူမျိုးသုဉ်းစေမှုသည် ကိန်းဂဏန်း နှင့်မဆိုင်ဘဲ ရည်ရွယ်ချက်သာ အဓိက ကျသည်ဟု ပြောနေကြောင်း၊ မြန်မာနိုင်ငံ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စွန့်ခွာသွားသူများကို တိုက်ခိုက်မှု မပြုလုပ်သကဲ့သို့ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူများ နေထိုင်သည့် စခန်း(IDP)တွင် နေထိုင်သူ များကို ကာကွယ်စောင့်ရှောက်ထားပါကြောင်း၊ ဂမ်ဘီယာက အုပ်စုတစ်စု၏ အစုအဖွဲ့ ကို သတ်ဖြတ်သည်ဟု စွပ်စွဲကြောင်း၊ သို့သော် ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ အများ အပြား နေထိုင်လျက်ရှိကြောင်း လျှောက်လဲသည်။
ထို့နောက် မြန်မာနိုင်ငံ၏ရှေ့နေ Mr. David Hooper က တရားရုံးတွင် ထွက်ဆို ခဲ့သည့် သက်သေများနှင့် ပတ်သက်၍ ဂမ်ဘီယာ၏ ပထမသက်သေ MN (အမည်လွှဲ) ၏ ဖြေကြားချက်များသည် လိမ်ညာမှုများဖြစ်နေကြောင်း၊ ဂမ်ဘီယာ၏ အခြားသက်သေ ထွက်ဆိုချက်များတွင် ပါဝင်သည့် ARSA ၏ ရွာတွင်း လှုပ်ရှားမှု များကို သိရှိခြင်း မရှိဟုဆိုကြောင်း၊ ရွာအတွင်း ARSA များ လှုပ်ရှားနေမှုကြောင့်သာ တပ်မတော်က ဝင်ရောက် တိုက်ခိုက်ခဲ့သည်ကို မည်သည့် အတွက်ကြောင့် တိုက်ခိုက် သည်ကို မသိရှိဟုဆိုကြောင်း၊ သို့ သော် ၎င်း၏ဇနီးနှင့် ကလေးများ အပါအဝင် အမျိုးသမီးနှင့် ကလေး ၁၀၀ ခန့်ကို မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ် တစ်လုံး၌ ထိန်းသိမ်းခဲ့သော်လည်း နောက်ပိုင်းတွင် ဘေးမသီရန်မခဘဲ လွတ်မြောက်ခဲ့ ကြောင်း၊ ၎င်းတို့မိသားစုအနေဖြင့် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းကို ထွက်ခွာခဲ့စဉ် ကလည်း လမ်းတွင် အနှောင့်အယှက်မရှိခဲ့ ဟု ထွက်ဆိုခဲ့သည်ကို သိရှိစေလိုပါ ကြောင်း။ ၎င်း၏ ညီအစ်ကို ဝမ်းကွဲတော်စပ်သူသည် ယခုအချိန် အထိ ရခိုင်ပြည်နယ် တွင်ရှိပြီး အစိုးရ ဝန်ထမ်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊
ဒုတိယသက်သေ NJ (အမည်လွှဲ) ကလည်း အိမ်တွင်း၌သာ နေထိုင်သူဖြစ်ပြီး ARSA ကို မသိရှိကြောင်း လျှောက်လဲထွက်ဆိုခဲ့ပါကြောင်း၊ သိုသော် Legal Action Worldwide (LAW) တွင် ထွက်ဆိုခဲ့သည့် ထွက်ချက်နှင့် ယခုတရားရုံးသို့ တင်ပြသည့် ထွက်ချက်များ ကွဲ ပြားနေသည်ကို တွေ့ရကြောင်း၊ အကယ်၍ တရားရုံးတွင် ထွက်ဆိုမှုများမှာ မှန်ကန်သည်ဟု ယူဆသည့်တိုင် LAW တွင်ဖော်ပြသည့် ထွက်ဆို ချက်များမှာ မှားယွင်းသည်ဟု ကောက် ချက်ချရမည်ဖြစ်ကြောင်း။
တတိယသက်သေ MS (အမည်လွှဲ) က လည်း ARSA အကြောင်းသိရှိသော် လည်း ဖုံးကွယ်ထွက်ဆိုခဲ့ပါကြောင်း၊ ၎င်း၏ ထွက်ဆိုချက်များမှာ ယုံကြည်နိုင်စရာ မရှိပါကြောင်း၊ ၎င်းသည် ရွာနှင့် တစ်မိုင်ခန့် ဝေးသည့်ချောင်းကို ဖြတ်ကျော်ထွက်ပြေး ခဲ့ပြီးနောက် ရွာတွင်း၌ ဖြစ်စဉ်များကို မြင်တွေ့ရကြောင်း ထွက်ဆိုမှုမှာ လုပ်ကြံ ထွက်ဆိုမှုများဖြစ်ကြောင်း၊ ၎င်း၏ ယခင် LAW ၌ ထွက်ဆိုခဲ့သော ထွက်ချက်တွင် ချောင်းဖြတ်ပြီးနောက် ကြောက်ရွံ့တုန်လှုပ်မှုကြောင့် ဖြစ်စဉ်များကို မသိကြောင်းဆို သော်လည်း ယခုထွက်ဆိုချက်တွင် ဖြစ်စဉ်များကို ပြောပြနိုင်သဖြင့် ၎င်း၏မှတ်မိ နိုင်စွမ်းမှာ မေးခွန်းထုတ်ဖွယ်ဖြစ်ကြောင်း၊ ထို့ပြင် သက်သေ သုံးဦးလုံးက ဘင်္ဂလားဒေ့ရှ် ရှိ ဒုက္ခသည် စခန်း များတွင် မြန်မာနိုင်ငံကို သတင်းပေးနေ သူများရှိသဖြင့် ၎င်းတို့၏ အမည်များကို လျှို့ဝှက်ထားပေးရန် တောင်းဆိုမှုများမှာ တူညီနေကြောင်း၊ အမှန်စင် စစ်တွင် ၎င်းတို့အနေဖြင့် ARSA ၏ လွှမ်းမိုးမှုကြောင့် ARSA အကြောင်း ထုတ်ဖော် ပြောဆိုရဲခြင်း မရှိကြောင်း လျှောက် လဲသည်။
ဆက်လက်ပြီး Mr. David Hooper က မြန်မာဘက်မှ တင်သွင်းသည့် သက်သေ M1 (အမည်လွှဲ)၏ ထွက်ဆိုချက်နှင့်ပတ်သက်၍ M1 ၏ ထွက်ချက်တွင် ARSA ၏ ရက် စက်ကြမ်းကြုတ်မှု၊ လိမ်ညာထွက်ဆိုရန် ခြောက်လှန့်ပြီး မြန်မာ နိုင်ငံ ကို အပြစ်ပုံချ ခိုင်းမှု၊ ရခိုင်ရွာများနှင့် ရဲစခန်းများကို တိုက်ခိုက်ရန် အကြံအစည်ရှိမှုတို့ ပေါ်လွင်ကြောင်း၊ ၎င်း တို့ကို ဖမ်းဆီးခေါ်ဆောင်သူများ၊ အမျိုးသားများကို သတ်ဖြတ် သူများမှာ တစ်ရွာတည်း အတူနေ ဘင်္ဂါလီရွာသားဖြစ်ကြောင်း အချက်အလက်များကို လေ့လာကြည့်ပါ က ရွာများ တွင် ARSA ဩဇာခံ အများအပြားရှိသည်ကို တွေ့ရှိရ ကြောင်း၊ ခမောင်း ဆိပ် ဖြစ်စဉ်၌ ဟိန္ဒူနှင့် တိုင်းရင်းသား ၁၀၅ ဦး သတ်ဖြတ်ခံရမှုကို သက်သေ အထောက်အထား အချက် အလက်ခိုင်မာစွာဖြင့် ထွက်ဆိုခဲ့ပါကြောင်း။
ဂမ်ဘီယာက တင်သွင်းသည့် သက်သေသုံးဦးသည် ယခင်စာဖြင့် တင်သွင်းခဲ့ စဉ်က ထွက်ဆိုချက်များ FFM ၊ IIMM ၌ ဖော်ပြချက်များနှင့် ကိုက်ညီမှု မရှိကြောင်း၊ မြန်မာရှေ့နေ များက ထောက်ပြပြောဆို နိုင်ခြင်း၊ အထူးသဖြင့် ARSA အကြမ်းဖက်၏ တိုက်ခိုက်မှုများနှင့် ARSA ၏ အရေးပါသည့် အခန်းကဏ္ဍများကို ဖုံးကွယ်ထွက်ဆိုမှု များ၊ အချုပ်အခြာအဏာပိုင် နိုင်ငံတစ်နိုင်ငံက တရားဥပဒေနှင့်အညီ အကြမ်းဖက် နှိမ်နှင်းရေး ဆောင်ရွက်မှုကို လူမျိုးသုဉ်း သတ်ဖြတ်မှု အဖြစ် ပုံဖော်ထွက်ဆိုမှုများ အပေါ် ထောက်ပြပြောဆိုခဲ့ကြောင်း၊ ဂမ်ဘီ ယာ၏ ကျွမ်းကျင် သက်သေ Newton ၏ ထွက်ဆိုချက်နှင့်ပတ်သက်၍ ၎င်းအား တရားရုံး သို့ တင်သွင်းသည့် သုံးသပ်ချက်များ သည် လုပ်ငန်းလမ်းညွှန်ချက် မရှိသည်ကိုတွေ့ရ ကြောင်း။
၎င်းက လက်နက်ကိုင်သောင်းကျန်းမှုတုန့်ပြန်သည့် စစ်ဆင်ရေး (COIN) ဆိုင်ရာ ပညာရှင်ဟု ဆိုသော်လည်း ၎င်း၏ တတ်ကျွမ်းမှုဘောင်ကိုကျော်၍ လူမျိုးသုဉ်း စေမှုဆိုင်ရာ ပညာရှင်ကဲ့သို့ ထွက်ဆိုထားကြောင်း၊ ၎င်း၏ ပထမအစီရင်ခံစာတွင် ARSA အကြောင်းကို ဖော်ပြခြင်း မရှိကြောင်း၊ ဒုတိယအစီရင်ခံစာတွင်မှသာ ARSA သည် အင်အားရှိသည့် တိုက် ခိုက်ရေး အဖွဲ့ဖြစ်သည်ဟု ဆိုကြောင်း၊ ၎င်းအနေဖြင့် ယခုအမှုတွင် ဂမ်ဘီယာအတွက် ပံ့ပိုး နေသည့် အဖွဲ့အစည်းများနှင့်လည်း ပတ်သက် ဆက်နွယ်မှုရှိနေကြောင်းကို ဝန်ခံထား ကြောင်း လျှောက်လဲသည်။
ထို့နောက် မြန်မာနိုင်ငံ၏ ရှေ့နေ Ms. Leigh Lawrie က ARSA အကြောင်းနှင့် ARSA အကြမ်းဖက်မှုကြောင့် အပြစ်မဲ့ပြည်သူများကို ကယ်တင်ခဲ့ရသည့်ဖြစ်စဉ်နှင့် ပတ် သက်၍ တရားသူကြီး Brent က မေးမြန်းသည့် ARSA ၏ ဖွဲ့စည်းပုံ၊ အင်အား၊ တိုက်ခိုက်မှု စွမ်းရည်တို့ကို ဖြေကြားရမည်ဆိုလျှင် ARSA သည် အရှေ့အလယ်ပိုင်း နိုင်ငံများရှိ ပုဂ္ဂိုလ်များထံမှ အထောက်အပံ့ရရှိကြောင်း၊ အင်အားတိုးချဲ့၍ အကြမ်းဖက် တိုက်ခိုက်ရေး သင်တန်းများ ပေးကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ရဲကင်းစခန်း သုံး ခုကို တိုက်ခိုက် နိုင်ရာမှ ၂၀၁၇ ခုနှစ်တွင် ရဲကင်းစခန်း ၃၀ ကို တစ်ပြိုင်တည်း တိုက်ခိုက် နိုင်သည်အထိ အင်အားစုဖွဲ့လာနိုင်ကြောင်း၊ လက်လုပ်ဗုံး (IED)များ ထုတ်လုပ်နိုင်ပြီး၊ ကင်းထောက် နိုင်သည့် စွမ်းရည်လည်းရှိကြောင်း။
၎င်းတို့သည် ထောက်ခံသူများကို အားပြု၍ တိုက်ခိုက်မှုများ ပြုလုပ်ကြောင်း၊ ARSA အင်အား ၁၇၀၀၀ ကျော်ရှိကြောင်း၊ တရားသူကြီး၏ ဒုတိယမေးခွန်းဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် စစ်ဆင်ရေးပြုလုပ်ရာတွင် ARSA ၏ ထောက်ခံသူများမှာ ရာနှင့်ချီ ရှိပြီး အကြမ်းဖက်တိုက်ခိုက်ရာတွင် တုတ်၊ ဓါးများ ကိုင်ဆောင်ကာ လူအရေအတွက် အသာစီးယူ၍ တိုက်ခိုက်ကြောင်း၊ သို့ဖြစ်ရာ ထောက်ခံသူများဟု ဆိုသည်မှာ လိုက်လံ တိုက်ခိုက်ပေးသူများဖြစ်ကြောင်း၊ တရားသူကြီး၏ တတိယ မေးခွန်း ဖြစ်သည့် တိုက်ပွဲအတွင်း တိုက်ခိုက်ရေးသမားများ နှင့် အရပ်သားကို ခွဲခြားပုံနှင့်ပတ်သက်၍ တပ်မတော် က တိုက်ပွဲများမတင်မီကပင် တပ်သားများအား တိုက်ပွဲအတွင်း လိုက်နာကျင့် သုံး ရမည့်စည်းမျဉ်း (RoE) ကို ညွှန်ကြားခဲ့ပါကြောင်း၊ ထို့အပြင် စည်းမျဉ်းများ ဖော်ပြထားသည့် အိတ်ဆောင် ကတ်ပြားများကို တပ်သားတိုင်းကို ပေးအပ်ခဲ့ကြောင်း။
ပစ်ခတ်ရာတွင် မိမိအသက်အန္တရာယ်ကျရောက်နိုင်သည့် တိုက်ခိုက်မှုအခြေ အနေ ကျရောက်ချိန်နှင့် လက်နက်ကိုင်ဆောင်ထားသူများကိုသာ ပစ်ခတ်ရန် ညွှန် ကြားထားကြောင်း၊ တရားသူကြီး၏ စတုတ္ထမေးခွန်းဖြစ်သည့် တိုက်ပွဲများ အတွင်း ARSA မည်မျှသေဆုံးသည်၊ အရပ်သား မည်မျှသေဆုံးခဲ့သည်နှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ် ဖြစ်စဉ်တွင် ARSA ၆၉ ဦးသေဆုံးပြီး ၂၀၁၇ ဖြစ်စဉ်တွင် ARSA ၃၇၆ ဦး သေဆုံး ခဲ့ပါကြောင်း၊ သို့သော် ICOE အစီရင်ခံစာအရ အရပ်သားများလည်း သေဆုံးကြောင်း ဖော်ပြထားပြီး ယင်းအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်ရန် တိုက်တွန်း ထားကြောင်း၊ တရားသူကြီး Pillay ၏ မေးခွန်းဖြစ်သည့် တပ်မတော်အနေဖြင့် အရပ် သားများကို ကယ်တင်မှု နှင့်ပတ်သက်၍ ARSA က လိုက်လံသတ်ဖြတ်သည့် ရခိုင်၊ မြို၊ ဒိုင်းနက်၊ ဟိန္ဒူများကို ကယ်တင်ပေးခဲ့ကြောင်း၊ ARSA က သတင်းပေးဟု စွပ်စွဲသည့် ဘင်္ဂါလီများကိုလည်း ကယ်တင်ကြောင်း၊ ရခိုင်နှင့် ဘင်္ဂါလီများ ပဋိပက္ခမဖြစ်စေ ရန် ကာ ကွယ်ပေးကြောင်း လျှောက်လဲသည်။
ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀၀၀ နာရီ တွင် မြန်မာနိုင်ငံ၏ ဒုတိယအ ကျော့ လျှောက်လဲချက်များ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။