ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများအား စစ်ရေယာဉ် (မုတ္တမ)ဖြင့် မြိတ်မြို့မှ ရန်ကုန်မြို့သို့ပို့ဆောင်
နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၂၈ ရက်
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် online လိမ်လည်မှုများ၊ online လောင်းကစားမှုများတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် နိုင်ငံခြားသားများကိုလည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေးကာ ပါဝင်ပတ်သက်သူများကို သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်လွဲပြောင်းပေးအပ်သည့်အပြင် အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီး ထိန်းသိမ်းပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ တရားဝင်လွဲပြောင်းပေးခြင်းများ ဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် မြန်မာနိုင်ငံအစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သည်ဟုသံသယရှိ သဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ကမ္ဘောဒီးယားနိုင်ငံ ဆိုင် ရာမြန်မာနိုင်ငံသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားများကို နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်မှာကြားချက်အရ မြန်မာနိုင်ငံသို့ပြန်လည် လွှဲပြောင်း ခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ မြန်မာနိုင်ငံသား ၇၂၉ ဦးကို အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)နှင့်တပ်မတော်လေယာဉ်များဖြင့် ပြန်လည်ခေါ် ဆောင်ပေးခဲ့ပြီးဖြစ်သည်။
ထိုသို့ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ပေးခဲ့သည့် မြန်မာနိုင်ငံသားများ အနက် တပ်မတော်လေယာဉ်ဖြင့် မြိတ်မြို့သို့ ပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့သည့် မြန်မာ နိုင်ငံသား ၅၄၃ ဦးကို မြိတ်မြို့မှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးနိုင်ရေး မြိတ်မြို့၊ ဆိပ်ငယ် တံတားမှ စစ်ရေယာဉ်များဖြင့် တင်ဆောင်၍ ကျွန်းစုမြို့နယ်၊ မော်တုံးကြီးကျေးရွာအနီးရှိ ပင်လယ်ပြင်၌ စောင့်ဆိုင်းနေသည့် စစ်ရေယာဉ် (မုတ္တမ)ပေါ်သို့ ပို့ဆောင်ပေးရာ ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ မြိတ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ စစ်ရေယာဉ်(မုတ္တမ)သည် ဇန်နဝါရီ ၂၇ ရက် ညပိုင်းတွင် စတင်ထွက်ခွာခဲ့ ပြီး ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ပေးခဲ့သည့် မြန်မာနိုင်ငံသားများအား စစ်ရေယာဉ်ပေါ်တွင် တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ စားသောက်နေထိုင်မှုများအဆင်ပြေစေရေး အတွက်ဆောင်ရွက်ပေးခြင်းတို့ကို တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့သည်။ စစ်ရေ ယာဉ်(မုတ္တမ)သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အမှတ် (၃)ဆိပ်ခံတံတားသို့ရောက်ရှိကြပြီး သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်ခရိုင်ရုံးမှ တာဝန်ရှိသူများက လူဦးရေတိုက်ဆိုင်စစ်ဆေးခြင်း၊ သန်လျင်ခရိုင် ကျန်မာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးမကောင်းသူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ခရိုင်အတွင်းရှိဌာနဆိုင်ရာများက စားသောက် ဖွယ်ရာများအား တစ်ဦးချင်းပေးအပ်သည်။
ထို့နောက် ပြန်လည်ခေါ်ဆောင်လာသော မြန်မာနိုင်ငံသားများအား ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ပေးသော မော်တော်ယာဉ်များဖြင့် ရန်ကုန်မြို့ရှိ စုရပ်နေရာ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်း များ စာရင်းကောက်ယူခြင်းလုပ်ငန်းများ၊ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းတို့၏ ပြောကြား ချက်များကိုလည်း ကြားသိရပါတယ်။
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်း ကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သည်ဟုသံသယရှိသဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားများအနက် ဇန်နဝါရီ ၂၃ ရက်တွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)ဖြင့် မြန်မာနိုင်ငံသား ၁၃၆ ဦးကိုလည်းကောင်း၊ ဇန်နဝါရီ ၂၅ ရက်တွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI)ဖြင့် ၅၀ ဦး၊ တပ်မတော်လေယာဉ်များဖြင့် ၃၈၀ ဦးကိုလည်းကောင်း၊ ဇန်နဝါရီ ၂၆ ရက်တွင် တပ်မတော်လေယာဉ်များဖြင့် ၁၆၃ ဦးကိုလည်းကောင်း အသီးသီးခေါ်ဆောင် ပေးခဲ့ပြီး စုစုပေါင်းမြန်မာနိုင်ငံသား ၇၂၉ ဦးကို ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။
ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်ခဲ့သူ မြန်မာနိုင်ငံသားများ၏ အင်တာဗျူးများ ( ၂၈ - ၁ - ၂၀၂၆)
၁ ။ အမျိုးသမီး
လိုင်းပေါ်မှာ လူခေါ်တဲ့ဟာတွေတွေ့တယ် ။ ညီမတို့သွားပြီးတော့ ဆက်သွယ်ကြည့် တော့ ဒီအလုပ်ကအရမ်းကောင်းတယ်။ တစ်လကို သိန်း ၄၀ လောက်ရမယ်။ ဘာမှမလုပ်ရ ဘူး Custumer Service ပေးယုံပဲဆိုပြီး ခေါ်ခဲ့တာ။ ဟိုမှာ တစ်လကို သိန်း ၄၀ လောက်ရ တယ်ဆိုပြီးတော့ သွားခဲ့တာပေါ့။ စရောက်တော့ တစ်ရက်လောက်ပေးနားတယ်။ ရောက်တဲ့ အချိန်မှာ နင်တို့သုံးတဲ့ Facebook အတိုင်းပဲ IG အကောင့်တွေမွေးရတယ်။ ပြီးရင် အဲဒီကနေ မှ ရည်ညွှန်းတဲ့ နိုင်ငံကို အင်ဒိုနီးရှား ဆို အင်ဒိုနီးရှား ၊ US ဆို US ပေါ့။ ညီမတို့က အင်ဒိုနီးရှားကို လူရှာပြီးတော့မှ Whatup ရဖို့အတွက် ညီမတို့ကတောင်းပေးရတာ။ ပြဿနာ တွေမဖြစ်ခင်မှာ ညီမတို့ကသံရုံးကို တိုင်မယ်ပေါ့နော် ။ သံရုံးကိုတိုင်ပြီးတော့မှ သံရုံးကလာ ခေါ်ပေးတာကို စောင့်မယ်ဆိုပြီးတော့မှ စီစဉ်ထားကြတာ။ အဲဒီကနေမှ ကမ္ဘောဒီးယားအစိုးရ က လိုက်လံဖမ်းဆီးတဲ့အခါမှာတော့ ဖြစ်ချင်တာဖြစ်တော့ သေရင်လည်းသေပါစေ၊ ရှင်ရင် လည်း ငါတို့ မြန်မာပြည်တော့ရောက်အောင်ပြန်မယ် ဘယ်လိုနည်းနဲ့မဆိုပြီးတော့ အဲဒီကနေ ထွက်ပြေးပြီး နီးစပ်ရာ ကမ္ဘောဒီးယားတွေကို မေးပြီးတော့မှ ကားဌားပြီး သံရုံးကို ရောက် အောင်သွားခဲ့တာ။ စရောက်တော့ သံအမတ်ကြီးရော ၊ အောက်ကအစ်မတွေလည်း အရမ်းကို သဘောကောင်းတယ်။ အကုန်လုံးလည်း အစစအရာရာကူညီပေးတယ်။ စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ အပြင်မှာတောင်မှ မနေခိုင်းဘဲနဲ့ သံရုံးထဲမှာပဲ နေဖို့ထိုင်ဖို့တွေ အစစအရာရာ ကျန်းမာရေး အကုန်လုံးဂရုစိုက်ပေးတယ်။ နေမကောင်းဘူးဆိုင်ရင်လည်း ဆေးခန်းပြပေး တယ်။ အစားအသောက်ဆိုရင်လည်း သူတို့စီစဉ်နိုင်သလောက် အကုန်လုံး စီစဉ်ပေးပြီးတော့ မှ အားလုံးနွေးနွေးထွေးထွေးနဲ့ ဆက်ဆံပေးတယ်။ အစကနေအဆုံးထိပေါ့နော် ညီမလေး တို့ လေယာဉ်ပေါ်စတတ်ကတည်းက လေယာဉ်ပေါ်မှာပါတဲ့ တပ်မတော်က အရာရှိတွေရော ၊ စစ်သည်တွေအကုန်လုံး ညီမတို့အပေါ်အကုန်လုံးနွေးနွေးထွေးထွေး ဆက်ဆံကြတယ်။ အစစ အရာရာဂရုစိုက်ပေးပြီး ခေါ်လာပေးပြီး လေဆိပ်ဆိုက်ပြီးတော့မှ တပ်ဝန်းထဲကိုရောက်တဲ့ အချိန်မှာလည်း ထမင်းကျွေးတာကအစ အရာရှိ ၊ စစ်သည်တွေက ညီမတို့ကို နှိမ်ချခြင်း၊ ခွဲခြားခြင်းမရှိပဲ အကောင်းမွန်ဆုံး ဆက်ဆံပေးခဲ့တယ်။ အဲဒီကနေမှတဆင့် သင်္ဘောပေါ် ရောက်လာတယ်။ သင်္ဘောပေါ်က အရာရှိ ၊ စစ်သည်တွေရော အကုန်လုံးက ဂရုတစိုက်နဲ့ ကြိုဆိုပေးတယ်။ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ အမှန်အတိုင်းပြောလို့ရှိရင်တော့ ညီမ တို့ ကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်ပြီးတော့မှ သွားခဲ့ကြတာ ။ အခုလိုဒုက္ခဖြစ်ချိန်မှာ အစစ အရာရာ မငြိုမညင်းပဲ ကူညီပေးတဲ့အတွက်လည်း စိတ်ထဲမှာ အရမ်းပဲကျေးဇူးတင်မိပါတယ်။ အရမ်းလည်း ဝမ်းသာပါတယ်လို့ ပြောချင်ပါတယ်။
၂ ။ အမျိုးသမီး
ကမ္ဘောဒီးယားနိုင်ငံကို အလုပ်တွေခေါ်တာတွေ့တာနဲ့ သွားကြည့်မယ်။ အဆင်ပြေ ရင်လုပ်မယ်။ အဆင်မပြေရင် ပြန်လာခဲ့မယ်ဆိုပြီးတော့ ရောက်သွားတာပေါ့။ တရုတ်လို နည်းနည်းပါးပါး တတ်တယ်ဆိုတော့ စကားပြန်လုပ်မယ်ဆိုပြီးတော့ သွားခဲ့တာ။ အဲ့ကို ရောက်တော့ ရောင်းစားခံလိုက်ရတယ်။ ရောင်းစားခံလိုက်ရပြီး သူတို့ တိုက်ပိတ်ထားတယ်။ ၁၇ ရက် ၁၈ ရက်လောက် တိုက်ပိတ်ထားတယ်။ တိုက်ပိတ်ထားပြီး လက်ထိပ်တွေ ခတ်ထားတယ်။ ၁၂ နာရီတစ်ခါ လာကြည့်တယ်။ ထမင်းကျွေးတယ်။ ပြီးလို့ရှိရင် ပြန်ပိတ်သွားတယ်။ သူတို့ထင်တာ တရုတ်စကား အဲ့လောက်မရဘူးထင်လို့ နောက်တစ်နေရာ ပြန်ရောင်းစားဖို့ လုပ်တယ်။ ပြည့်တန်ဆာရုံ ရောင်းစားဖို့ပေါ့။ အဲ့လိုဆိုတော့ ပြည့်တန်ဆာ ရုံက လာကြည့်တော့ ၆ ထောင် ပဲပေးမယ်ဆိုတော့ သူတို့က ပိုက်ဆံရှုံးခံရမှာဆိုတော့ မရောင်းဘဲနဲ့ ကုမ္ပဏီမှာပဲ အလုပ်လုပ်ဖို့ဆိုပြီးတော့ ထားလိုက်တယ်။ အကောင့်တွေ လော့ဂ်အင် ဝင်ခိုင်းတယ်။ Tiktok၊ We Chat အကောင့်တွေ လော့ဂ်အင်ဝင်ရတယ်။ အဲ့ကနေတဆင့် သူတို့က လိမ်တာပေါ့။ ရောက်ရောက်ချင်းကို ချော့ပြီးတော့ စာချုပ်တွေ ချုပ်ခိုင်းတယ်။ လက်ဗွေတွေ နှိပ်ခိုင်းတယ်။ အဲ့လိုမျိုးနှိပ်ခိုင်းတာကျတော့ တကယ်လို့ ကိုယ်တွေက ရဲတိုင်တာဖြစ်ဖြစ်၊ သံရုံးကို တိုင်တာဖြစ်ဖြစ် လာကြည့်တဲ့အချိန် အဲ့စာချုပ်ကို သူတို့ကထုတ်ပြတယ်။ စာချုပ်ချုပ်ထားတယ်ဆိုတော့ ရဲတွေလည်း ဘာမှမလုပ်နိုင်ဘူး။ မခေါ်သွားနိုင်ဘူး။ အဲ့ဒီလိုမျိုးပုံစံပေါ့။ ကိုယ်က ရောင်းစားခံရတယ်ဆိုတော့ သူတို့ပြောတဲ့ အတိုင်း လုပ်ရတယ်။ မလုပ်ရင် ရိုက်တာတွေ၊ ကျင်စက်နဲ့တို့တာတွေလည်းရှိတယ်။ ကြောက် တော့လည်းလုပ်ရတာပေါ့ မလုပ်လို့ရှိရင် ရိုက်ခံရမှာလေ။ သံရုံးမှာက ထမင်းစားဖို့ရယ် အိပ်ဖို့နေရာတွေ သေချာ စီစဉ်ပေးတယ်။ လေယာဉ်လာကြိုမယ်ဆိုတာသိတယ်။ အဲ့ဒါပြီးရင် တုံးတွေထုပေးပြီး ကတ်တွေလုပ်ပေးတယ်။ အဲ့ဒါပြီးမှ အရင်ရောက်တဲ့သူကို အုပ်စု ၁၊ ၂ ခွဲပြီးတော့ ပြန်ပို့တယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ မဟုတ်လို့ရှိရင် ကိုယ့်အစီအစဉ်နဲ့ ဆိုရင်တော့ အိမ်ပြန်ရောက်မှာ မဟုတ်တော့ဘူး။ ကိုယ့်နိုင်ငံကို ပြန်ရောက်မှာ မဟုတ်တော့ ဘူး။
၃ ။ အမျိုးသား
သံလျင်၊ ကျောက်တန်း၊ ခရမ်းသုံးခွ စတဲ့ မြို့နယ်ရုံးတွေကနေ ကျွန်တော်တို့ လဝကတွေ အနေနဲ့ နာမည်စာရင်း ကောက်ဖို့အတွက် တာဝန်ပေးခြင်းခံရတဲ့အတွက်ကြောင့် ဒီနေရာမှာ လာပြီးတော့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ သံလျင်ခရိုင်မှာရှိတဲ့ လဝကရယ်၊ အလုပ်သမားဦးစီးဌာနရယ်ကတော့ နာမည်စာရင်းကောက်ယူရေးပေါ့။ ပြီးတော့ သက်ဆိုင် ရာဌာနတွေလည်း အသီးသီးပေါ့၊ သူတို့ရဲ့ ကျရာတာဝန်အခန်းကဏ္ဍတွေကို တာဝန်ယူ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ နိုင်ငံခြားကို အလုပ်သွားလုပ်မယ် ဆိုရင် တရားဝင် လမ်းကြောင်းတွေကနေ သွားကြရင်တော့ ပိုပြီးတော့ အဆင်ပြေပါတယ်ခင်ဗျ။ အခုလိုမျိုး တရားမဝင်သွားတယ်ဆိုရင် ဥပဒေလမ်း ကြောင်း အရလည်း ကာကွယ်မှုမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံသားတွေ အနေနဲ့ နိုင်ငံခြားကို ထွက်လည်တာပဲဖြစ်ဖြစ်၊ အလုပ်သွားလုပ်တာပဲဖြစ်ဖြစ် နိုင်ငံတော်ကနေ သတ်မှတ်ထားတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေ ကြားထဲကနေပဲ သွားကြဖို့အတွက် ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။












