ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် တရားမျှတသော အမှန်တရား အတွက် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့၊ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ သွားရောက် ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့၏ လျှောက်လဲချေပချက်များအား ထောက်ခံ ဂုဏ်ပြုပွဲနှင့် ဂမ်ဘီယာနိုင်ငံ၏ မဟုတ်မမှန်စွပ်စွဲချက်များကို ကန့်ကွက်ရှုတ်ချသည့် အမျိုးသားရေး ဆန္ဒထုတ်ဖော်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၊ ယာဉ်ရပ်နားကွင်း၌ ပြုလုပ်ရာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ပြည်သူများ၊ နိုင်ငံရေးပါတီများမှပါတီဝင်များ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူများက နိုင်ငံတော်သီချင်းကို သံပြိုင်သီဆို၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။ ထို့နောက် မျိုးချစ် မြန်မာရဟန်း တော်များ သမဂ္ဂ(ရန်ကုန်)မှ အထွေထွေအတွင်းရေးမှူး ဆရာတော် အရှင်သုစိတ္တက မေတ္တာ တရားထွန်းကားရာ အမိမြန်မာနိုင်ငံကြီးသည် လူမျိုးသုဉ်း သတ်ဖြတ်ခြင်းလုံးဝမရှိကြောင်း ဟောပြောသည်။ ယင်းနောက် တက်ရောက်လာကြသူများက “ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့်တရားမျှတသော အမှန်တရားအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)တွင် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့ အောင်မြင်ပါစေ”၊ “လူမျိုးသုဉ်းသတ်ဖြတ်သည်ဟု မဟုတ်မမှန် စွပ်စွဲနေကြသူများအားအလိုမရှိ”၊ “လူမျိုးသုဉ်း သတ်ဖြတ်သည်ဟု သက်သေခိုင်လုံ ခြင်းမရှိဘဲစွပ်စွဲနေမှုများ ချက်ချင်းရပ်” စသည့်ကြွေးကြော် သံများ ကြွေးကြော်ကြပြီး အမျိုးသားရေးတက်ကြွလှုပ်ရှားသူတစ်ဦးက အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)တွင် နိုင်ငံတကာဥပဒေများနှင့် အညီတုံ့ပြန်ချေပရင်ဆိုင်ဖြေရှင်းနေသော ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဉပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့အား ထောက်ခံအားပေးဂုဏ်ပြုကြောင်း ဟောပြောသည်။ ၎င်းနောက် မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ(ရန်ကုန်)နှင့် အမျိုးသားရေး ညီအစ်ကိုမောင်နှမများ(ရန်ကုန်)၏ သဘော ထားထုတ်ပြန်ချက်ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် အမျိုးသားရေးတက်ကြွ လှုပ်ရှားသူ တစ်ဦး ကဖတ်ကြားပြီး တတ်ရောက်လာကြသူများက ကနိုင်ငံတော်သီချင်းကို သံပြိုင်သီဆို၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြကာ ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်၍ ကန့်ကွက်ရှုတ်ချခြင်းကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။


