နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်ထိန်ဝင်း တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ်(၈၅)၊ တပ်မတော်(ရေ)အရာရှိငယ်(အင်ဂျင်နီယာ)

Tuesday, January 27, 2026 - 15:30

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်ထိန်ဝင်း တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ်(၈၅)၊ တပ်မတော်(ရေ)အရာရှိငယ်(အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ်(၅၉)နှင့် တပ်မတော်(ရေ)အမျိုးသမီးအရာရှိငယ်သင်တန်း အမှတ်စဉ်(၁၀) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား နှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပပြုလုပ် နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၂၇

        တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ်(၈၅)၊ တပ်မတော်(ရေ) အရာရှိငယ်(အင်ဂျင်နီယာ)သင်တန်းအမှတ်စဉ်(၅၉)နှင့် တပ်မတော်(ရေ)အမျိုးသမီးအရာရှိငယ်သင်တန်း အမှတ်စဉ်(၁၀)သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင် တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ် စစ်ရေးပြကွင်း၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်ထိန်ဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။

          အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း၊ တပ်မတော်‌(ရေ)မှအရာရှိကြီးများ ရန်ကုန် တပ်နယ်နှင့်သန်လျင်တပ်နယ်တို့မှ တပ်မတော်အရာရှိကြီးများ၊ နည်းပြအရာရှိများ၊  ကျောင်းဆင်း အရာရှိများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြသည်။

          ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြကွင်းအတွင်းချီတက်နေရာ ယူကြပြီး နိုင်ငံတော်အလံအားအလေးပြုကြသည်။

          ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း ရောက်ရှိလာပြီး ကျောင်းဆင်း တပ်ခွဲနှင့်ဂုဏ်ပြုတပ်ခွဲများ၏အလေးပြုခြင်းကိုခံယူ၍ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေးသည်။

          ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေးဦးစီးချုပ်(ရေ)အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့်ချီတက်အလေးပြုကြသည်။

          ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ်(၈၅)မှ အကောင်းဆုံးကျောင်းသားဆုရ ရေ ၅၇၉၀ ဗိုလ် မင်းသွေးခန့် နှင့် ရေကြောင်းပညာစာပေထူးချွန်ဆုရ ရေ ၅၇၈၀ ဗိုလ် ဇော်ဖြိုးအောင် တို့အားလည်းကောင်း၊ တပ်မတော်(ရေ)အရာရှိငယ် (အင်ဂျင်နီယာ)သင်တန်းအမှတ်စဉ်(၅၉)မှ အကောင်းဆုံးကျောင်းသား ဆုရ ရေ ၅၈၀၇ ဗိုလ် ကောင်းထက်ဝေ နှင့် ရေကြောင်းအင်ဂျင်နီယာပညာစာပေထူးချွန်ဆုရ ရေ ၅၈၁၀ ဗိုလ် သူရိန်မြင့်အောင် တို့အားလည်းကောင်း၊ တပ်မတော်(ရေ)အမျိုးသမီးအရာရှိငယ် သင်တန်းအမှတ်စဉ်(၁၀)မှ အကောင်းဆုံးကျောင်းသားဆုရ ရေ ၅၈၁၆ ဗိုလ် ဒေါ်လပြည့်ဝင်း နှင့် ရေကြောင်းပညာစာပေထူးချွန်ဆုရ ရေ ၅၈၁၇ ဗိုလ် ဒေါ်ချစ်မေဇင် တို့အားလည်းကောင်း ထူးချွန်ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။

          ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်ထိန်ဝင်းက သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် ရေတပ်လေ့ကျင့်ရေးဌာနချုပ်အနေဖြင့် တပ်မတော်(ရေ)အတွက် သာမက နိုင်ငံတော်နှင့်တပ်မတော်အတွက် အားသစ်လောင်းမည့် မျိုးဆက်သစ်အရာရှိငယ်များကို အောင်မြင်စွာလေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့တဲ့ နေ့တစ်နေ့ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း စာတွေ့ သင်ကြားခဲ့သည့်အပြင် ရေယာဉ်အခြေပြုလက်တွေ့လေ့ကျင့်မှု (Afloat Training)များကို စစ်ရေယာဉ် များတွင် တွဲဖက်‌လေ့ကျင့်သင်ကြားခြင်းများ၊ ပြည်ပနိုင်ငံများသို့ သွားရောက်သည့် စစ်ရေယာဉ်များနှင့် ပင်လယ်ပြင်ရေကြောင်းဆိုင်ရာလေ့ကျင့်ခန်းများ ဆောင်ရွက်ရာတွင် လိုက်ပါစေ၍ ပင်လယ်ပြင် လက်တွေ့လေ့ကျင့်မှုများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ပင်လယ်ပြင်စစ်ဆင်ရေး၊ မြစ်တွင်း စစ်ဆင်ရေးနှင့် သယ်ယူပို့ဆောင်ရေးတာဝန်များကိုပါ ပူးတွဲတာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ရေတပ်စစ်နည်းဗျူဟာများကို အခြေခံကျကျသိရှိတတ်မြောက်မှသာလျှင် အောင်မြင်စွာဆောင်ရွက်နိုင် မည်ဖြစ်သည့်အတွက် အခြေခံရေတပ်စစ်နည်းဗျူဟာသင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့ကြောင်း၊ ယခု သင်ကြားပေးလိုက်သည့် ရေတပ်ပညာရပ်များသည် ရေတပ်အရာရှိဘဝကိုစတင်ရန်အတွက် အခြေခံ မျှသာရှိသေးသဖြင့် Long Life Learning ဆိုသည့်အတိုင်း ရေတပ်အရာရှိဘဝတစ်လျှောက်လုံး  လေ့လာသင်ယူသွားကြရန်အထူးလိုအပ်ကြောင်း။

          ခေါင်းဆောင်မှုဆိုသည်မှာ မွေးရာပါအရည်အချင်းမဟုတ်ဘဲ ကိုယ်တိုင် လေ့လာ၊ ကျင့်ကြံ၊ ကြိုးစားအားထုတ်ပြီး ရယူရခြင်းဖြစ်သည့်အတွက် တပ်မတော်တွင် ပြဌာန်းထားသည့် ခေါင်းဆောင်မှု အင်္ဂါရပ်(၁၆)ရပ်နှင့် ပြည့်စုံရန် ကိုယ်တိုင်ကြိုးစားလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)ရှိ အင်ဂျင်နီယာအရာရှိ၊ စစ်သည်များ၏ အရည်အချင်းပြည့်ဝမှုနှင့် ကြိုးပမ်းလုပ်ဆောင်မှုများကြောင့် တန်ချိန်ပေါင်း ၃,၅၀၀ ရှိသည့် ဖရီဂိတ်အမျိုးအစား စစ်ရေယာဉ်ကြီးအပါအဝင် အခြားစစ်ရေယာဉ် အမျိုးအစားစုံတို့ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တပ်မတော်အတွက်လိုအပ်သည့် ရေယာဉ်အမျိုးအစားများကိုလည်း ဆက်လက်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်(ရေ) အမျိုးသမီး အရာရှိ၊ စစ်သည်များကို လှိုင်းလေကြမ်းတမ်းသည့် ပင်လယ်ပြင်တွင် အမျိုးသားအရာရှိ၊ စစ်သည်များနည်းတူ စိတ်ဓာတ်ပိုင်းနဲ့ ကိုယ်ခန္ဓာပိုင်းကြံ့ခိုင်မှုရှိအောင် လေ့ကျင့်ပေးလျက်ရှိကြောင်း၊ ရေကူးနှင့် လှေလှော်ရွက်တိုက်တို့ကို ကျွမ်းကျင်မှုရှိစေရေး လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း။

တပ်မတော်(ရေ)အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့်  နိုင်ငံရေးအခြေအနေအရ တပ်မတော်(ကြည်း)၊ တပ်မတော်(လေ)တို့နှင့်အတူ စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်လျက်ရှိပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီမြစ်ကြောင်းနှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် စစ်ဆင်ရေး၊ စစ်ဘက်သယ်ယူပို့ဆောင်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိကြောင်း။

အရာရှိများဖြစ်သည်နှင့်အညီ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ပေးအပ်သော တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်မည်ဆိုသည့် သန္နိဌာန်စိတ်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် အထူးလိုအပ်ကြောင်း၊ ပညာရပ်ပိုင်းဆိုင်ရာများ၊ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒ/ညွှန်ကြားချက် များကို စဉ်ဆက်မပြတ် လေ့လာနေရမည်ဖြစ်ပြီး အသိပညာဗဟုသုတပြည့်ဝရေးအတွက် လက်ရှိ မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေများကို မျက်ခြည်မပြတ်စေရေး လေ့လာ မှတ်သားနေရန် လိုအပ်ကြောင်း၊  ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ချက်နှင့်အညီ ပြုမူနေထိုင်ပြီး ကိုယ်ကျင့်တရား ကောင်းမွန်၍ အမိန့်နှင့်စည်းကမ်းကို စံနမူနာပြလိုက်နာပြီး ပေးအပ်လာမည့်တာဝန်များကို စွမ်းရည် ပြည့်ဝစွာနှင့် အောင်မြင်အောင်ဆောင်ရွက်နိုင်သည့် စည်းကမ်းကောင်းမွန်သော ခေါင်းဆောင်ငယ် များဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ‘‘လှိုင်းလေခက်ထန်ကြမ်းတမ်းသည့် ပင်လယ်ပြင်တွင် လူပျော့လူညံ့များအတွက် နေရာမရှိ” ဆိုသည့်စကားအတိုင်း ကျန်းမာကြံ့ခိုင်သော ပင်လယ်ပျော်ရေတပ်သားများဖြစ်စေရေး လေ့ကျင့်၍ ‘‘လှေခွက်ချည်းကျန် အလံမလှဲ” စိတ်ဓာတ်ဖြင့် ရင်ဆိုင်ကျော်လွှား ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

          ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)သည် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှပြန်လည်ထွက်ခွာသည်။ စစ်ရေးပြအခမ်း အနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)သည် ရေတပ်လေ့ကျင့်ရေးဌာနချုပ်ဧည့်ခန်းမ၌ ထူးချွန်ဆု ရရှိကြသည့် ကျောင်းဆင်းအရာရှိများနှင့် ၎င်းတို့၏မိဘများကိုတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။ 

          ထို့နောက် ညပိုင်းတွင် သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်နှင့်ဇနီး၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် ဇနီး၊ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန်တပ်နယ်နှင့် သန်လျင်တပ်နယ်တို့မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နည်းပြအရာရှိများ၊  ကျောင်းဆင်းအရာရှိများ၏ မိဘဆွေမျိုး များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။

          ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် အဖွဲ့ဝင်များသည် ကျောင်းဆင်းအရာရှိများနှင့် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက်ရှိ တေးဂီတအဖွဲ့နှင့် တပ်မတော်(ရေ) တေးဂီတအဖွဲ့တို့၏ တေးသီချင်းများနှင့် တေးသရုပ်ဖော်အစီအစဉ်များဖြင့် ဂုဏ်ပြုဖျော်ဖြေ တင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့သည်။

          ညစာစားပွဲအခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ထိန်ဝင်း သည် ကျောင်းဆင်းအရာရှိများနှင့် ၎င်းတို့၏မိဘဆွေမျိုးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။