နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)တွင် ပါဝင်ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအား မဲရုံများအလိုက် လိုက်လံကြည့်ရှုအားပေး
နေပြည်တော်၊ ဇန်နဝါရီ - ၂၅
ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည်အရေးအကြီးဆုံးဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူ များအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်ကို အသုံးချပြီး နိုင်ငံ၏ အနာဂတ်လမ်းကြောင်းကို ရွေးခြယ်ဆုံးဖြတ်ရမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၃)ကို ယနေ့နံနက် ၆ နာရီမှစတင်၍ သက်ဆိုင်ရာမြို့နယ်များ၌ ကျင်းပပြုလုပ်ရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာမဲရုံများအလိုက် မည်သည့် ဖိအား တစ်စုံတစ်ရာမျှ မပါရှိဘဲ မိမိတို့၏လွတ်လပ်သည့်သဘောထားဆန္ဒများအလျောက် တက်တက်ကြွကြွစည်းကမ်းရှိရှိ နိုင်ငံကြီးသားပီသစွာဖြင့် တစ်ခဲနက်ဆန္ဒမဲများပေးကြ သည်။
ထိုကဲ့သို့ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲများပေးနေမှုများကို နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ မန္တလေးဒေသကြီးအတွင်းရှိ မဲရုံများသို့ သွားရောက်ကြည့်ရှုအားပေးသည်။
ထိုသို့ကြည့်ရှုအားပေးရာတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် ချမ်းမြသာစည်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်တို့ အတွင်းရှိ သက်ဆိုင်ရာ မဲရုံများအလိုက်တွင် မဲရုံမှတာဝန်ရှိသူများ၏ ကွန်ပျူတာစနစ်ဖြင့် မဲစာရင်းများ တိုက် ဆိုင်စစ်ဆေးပေးလျက်ရှိမှုနှင့် မဲဆန္ဒရှင်ပြည်သူများ၏ တက်ကြွစွာပါဝင် ဆန္ဒမဲပေးနေ မှုများကို လိုက်လံကြည့်ရှုပြီး မဲဆန္ဒရှင်ပြည်သူများအား ဆန္ဒမဲပေးမှုနှင့် ပတ်သက်၍ ကြုံ တွေ့ရမှုများ၊ MEVM စက်ဖြင့် ဆန္ဒမဲပေးရာတွင် တွေ့ကြုံရမှုများ၊ မဲရုံဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး မေးမြန်း ဆွေးနွေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများအား နှုတ်ဆက်ခဲ့သည်။
ထိုကဲ့သို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲပေးနေမှုများအား လိုက်လံ ကြည့်ရှုအားပေးခဲ့မှုအပေါ် လာရောက်မဲပေးကြသည့် မဲဆန္ဒရှင်ပြည်သူများကလည်း ဝမ်းမြောက်ဂုဏ်ယူလျက်ရှိပြီး နိုင်ငံတော်ယာယီသမ္မတနှင့်အဖွဲ့ဝင်များအား ရင်းနှီးနွေး ထွေးစွာ ပြန်လည်နှုတ်ဆက်ခဲ့ကြကြောင်းနှင့် မဲဆန္ဒရှင်ပြည်သူများက ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရမှုခံစားချက် အတွေ့အကြုံများနှင့် ပတ်သက်၍ မိမိတို့၏သဘောဆန္ဒ အလျောက် ဆန္ဒမဲလာရောက်ပေးကြခြင်းဖြစ်ကြောင်း၊ MEVM စက်ဖြင့်မဲပေးရခြင်းဖြင့် ပိုမို လွယ်ကူမြန်ဆန်ပြီး မိမိတို့ဆန္ဒမဲပေးသည့်အတိုင်း မဲစာရင်းစာရွက်များလည်းထွက်ရှိ ကြောင်း၊ မဲမသမာမှုပြုလုပ်ရန်နှင့် မဲလိမ်မဲခိုးခြင်းများပြုလုပ်ရန်မဖြစ်နိုင်ကြောင်း၊ ဆန္ဒမဲ ပေးမှုလုပ်ငန်းစဉ်များအားလုံး အဆင်ပြေမှုရှိကြောင်းတို့ကို ရင်းရင်းနှီးနှီး ပြန်လည် ပြောကြားခဲ့ကြသည်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ သည် မဲရုံများအလိုက် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲပေးနေမှုများအား လိုက်လံ ကြည့်ရှုအားပေးစဉ် လာရောက်သတင်းရယူကြသည့် ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာ များ၏ သိရှိလိုသည့်မေးမြန်းမှုများကိုလည်း လက်ခံဖြေကြားခဲ့သည်။
မေး။ အခုဒီနေ့ ရွေးကောက်ပွဲနောက်ဆုံးနေ့လည်းဖြစ်တယ်ဆိုတော့ ဒီဟာနဲ့ပတ်သက်ပြီး ရှေ့ဆက်ပြီး မြန်မာနိုင်ငံအပေါ် ဘယ်လိုများ မျှော်မှန်းထားလဲရှင့်။
ဖြေ။ မြန်မာနိုင်ငံက ကျွန်တော်တို့က နဂိုကတည်းက ပြည်သူကရွေးချယ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို သွားဖို့ရည်ရွယ်ပြီးလုပ်ခဲ့တာ။ ဒီအတိုင်းပဲသွားရမှာ။ ပြည်သူကရွေးချယ်တဲ့လမ်းပဲ။ ကျွန်တော်တို့ရွေးတာ မဟုတ်ဘူး၊ ပြည်သူကရွေးချယ်တဲ့လမ်း။ ကျွန်တော်တို့လည်း ပြည်သူတွေထဲကအစိတ်အပိုင်း၊ ကျွန်တော်တို့ လည်း ဒီဟာကိုထောက်ခံတယ်။ ဒီအတိုင်းပဲ ပါတီစုံဒီမိုကရေစီစနစ်အတိုင်းပဲ သွားမယ်။ အနာဂတ်မှာ ကျွန်တော်တို့သွားပါမယ်။
မေး။ တချို့ကပြောတာပေါ့နော်။ တပ်ကို ထောက်ခံတဲ့ USDP ပါတီကအနိုင်ရတော့မယ်ပေါ့နော်။ အဲ့ဒါ ကြောင့်မလို့ဆိုပြီး တချို့ UN expert တွေကပြောတာပေါ့နော်။ ဒါကိုအသိအမှတ်မပြုဖို့ ဘာညာဆိုပြီးတော့ ပြောတာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။
ဖြေ။ ပြည်သူက သူတို့ မြန်မာပြည်တွင်းမှာနေတဲ့ ပြည်သူတွေ မဲပေးတာလေ။ သူတို့အပြင်ကသူတွေ မဲပေးတာမဟုတ်ဘူး။ မြန်မာတွင်းမှာနေတဲ့သူ မဲပေးတာ။ သူတို့ဘယ်သူ့ပဲ ထောက်ခံထောက်ခံ ကြိုက်တာ ထောက်ခံလို့ရတယ်။ ပေးတဲ့သူတွေက သူတို့ထောက်ခံချင်တဲ့သူတွေပါလို့ မဲလာပေးတာပေါ့။ သူတို့ ထောက်ခံချင်တဲ့သူတွေမပါဘူးဆိုရင် မဲလာပေးမှာမဟုတ်ဘူး။ မဲလာမပေးခြင်းမှာနှစ်မျိုးရှိတယ်။ တစ်ပိုင်း ကတော့ သူတို့ထောက်ခံချင်တဲ့သူတွေမပါလို့မဲလာမပေးတာ။ တစ်ပိုင်းကလုံခြုံမှုအရ လာမပေးတာရှိ တယ်။ လုံခြုံမှုဆိုတာလာဖို့ပြုဖို့အခက်အခဲရှိတယ်။ မဲပေးတဲ့သူတွေကကျတော့ သူတို့ထောက်ခံတဲ့သူတွေရှိ လို့ လာမဲပေးတာပေါ့။ အဲ့ဒီမှာ ခုနက ခင်ဗျားပြောတဲ့ ပြည်ခိုင်ဖြိုးပါတီလည်းပါတယ်။ တခြား PPP ပါတီလည်းပါတယ်။ ကျားဖြူပါတီလည်းပါတယ်။ ပါတီစုံပါတယ်။ ဒါကြောင့်လည်း မဲပေးတဲ့စာရင်းတွေ ကျွန်တော်တို့ ထုတ်ပြန်ပေးပါတယ်။ အဲ့ဒါ သူတို့ လွတ်လွတ်လပ်လပ် မဲပေးတာပဲမဟုတ်ဘူးလား။ ဒါကို နိုင်ငံခြားက အသိအမှတ်ပြုတာ၊ မပြုတာ ကျွန်တော်တို့နားမလည်ဘူး။ ပြည်သူတွေက မဲပေးတာ ကျွန်တော်တို့ အသိအမှတ်ပြုတယ်။ ဒီလိုပဲသွားရမယ်။
မေး။ နောက်တက်လာတဲ့ အစိုးရအဖွဲ့မှာရော တပ်ချုပ်ကြီးအနေနဲ့ ဆက်ပြီးတော့ပါဖို့ရှိလား။
ဖြေ။ ကျွန်တော်တော့ ဘာမှပြောလို့မရသေးဘူးလေ။ ဒါတွေက လွှတ်တော်ခေါ်မှ လွှတ်တော်မှာ သူတို့ ရွေးချယ်တဲ့ နည်းလမ်းတွေဘာတွေရှိပါတယ်။ ဒီလိုရှိပါတယ်။
မေး။ နောက်ဆုံးနေ့လည်း ဖြစ်တယ်ဆိုတော့လေ.. လာမယ့်အစိုးရအသစ်အတွက်ရော ဘာများ ပြောချင် တာများရှိမလဲရှင့်။
ဖြေ။ သူတို့က တိုင်းပြည်ကောင်းအောင်လုပ်ရမှာပေါ့ဗျာ။ ဘယ်အစိုးရတက်တက် တိုင်းပြည်ကောင်းဖို့ပဲ။ ပြည်သူလူထုရဲ့ အကျိုးစီးပွားဖော်ဆောင်ဖို့အတွက် တိုင်းပြည်ကို တိုးတက်အောင်ဆောင်ရွက်ပေးဖို့၊ တိုင်းပြည်အေးချမ်းအောင်ဆောင်ရွက်ပေးဖို့၊ ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်အောင်လုပ်ပေးဖို့ အစိုးရတစ်ရပ် ကတော့ တာဝန်ရှိတာ။ ဒါကို ကျွန်တော်ရအောင်ကြိုးစားမယ်။ ပြည်သူကလည်း ပါဖို့လိုတယ်။ အစိုးရကပဲ ဦးဆောင်လို့တော့မရဘူး။ အစိုးရကတော့ ရည်မှန်းချက်ထားပြီးလုပ်မှာ။ သို့သော် ပြည်သူကမပါလို့တော့ မရဘူး။ ပြည်သူပါအောင်လည်း အစိုးရကလုပ်ရမှာပေါ့။ ပြည်သူကလည်း ပါဖို့တော့လိုတယ်။ ကျွန်တော် တို့က ဒီမိုကရေစီသွားချင်တယ် တောင်းဆိုနေပေမဲ့လည်း ပြည်သူမပါဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါပြည်သူပါမှ ဖြစ်မှာ။ ပြည်သူကလည်း အရေးကြီးပါတယ်။
မေး။ အခက်အခဲတွေအများကြီးနဲ့ နောက်ဆုံးနေ့လည်းဖြစ်တယ်ဆိုတော့လေ။ နိုင်ငံတကာနဲ့ ဒီမြန်မာပြည် သူတွေကိုရော ဘာများ message ပါးချင်တာရှိမလဲရှင့်။
ဖြေ။ ပြည်သူတွေ တိုင်းပြည်ကောင်းအောင်လုပ်ကြဖို့ပေါ့ဗျာ။ အမြင်ကျယ်ဖို့ပေါ့ဗျာ။ ဒါကိုပြောချင်ပါတယ်။ နိုင်ငံတကာကလည်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းအခြေအနေကို အမှန်ကိုလဲသိဖို့လိုတာပေါ့ဗျာ။ အခုမြန်မာ နိုင်ငံကို လာတဲ့ နိုင်ငံခြားက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေလာရင် သူတို့အပြင်မှာကြားတာနဲ့ မြန်မာနိုင်ငံဖြစ်ပျက် နေတဲ့ အခြေအနေ တခြားစီပဲလို့ ပြောတယ်။ လူတိုင်းနီးပါးတော့ အဲ့ဒီအတိုင်းပြောတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့မှာ ဒီကောလာဟလနဲ့ မီဒီယာကနေလုပ်နေတဲ့ဟာတွေ တိုင်းပြည်က ခံနေရတာပေါ့ဗျာ။ တကယ်တော့ ကျွန်တော်တို့မှာလည်းပဲ အခွင့်အရေးတွေအများကြီးရှိပါတယ်။ အဲ့ဒီအခွင့်အရေးတွေကို အသုံးချနိုင် မယ်ဆိုရင် တိုင်းပြည် တိုးကိုတိုးတက်တယ် ကျွန်တော်ပြောရဲပါတယ်။
မေး။ ၂၀၁၀ ပြည့်နှစ် ဦးသိန်းစိန်အစိုးရလိုမျိုးဖြစ်နိုင်ပါမလား။ ၂၀၁၀ ပြည့်နှစ်တုန်းက USDP အစိုးရတက်ခဲ့ တယ်။ တော်တော်လေး ပြည်သူနှစ်သက်ခဲ့တယ်။ အခု ၂၀၂၅ ခုနှစ် တက်လာမယ့် အစိုးရကိုရော အဲလိုမျိုး မျှော်လင့်လို့ရမလား။
ဖြေ။ အခု အနိုင်ရတဲ့ပါတီရဲ့ သူ့ကိုပူးပါင်းဆောင်ရွက်ပေးမယ့် အခြေအနေပတ်ဝန်းကျင်အပေါ်မှာ မူတည် လိမ့်မယ်။ မဟုတ်ဘူးလား။ အဲ့ဒီ ဦးသိန်းစိန်သမ္မတကြီး တာဝန်ယူတဲ့အချိန်တုန်းက သူတို့ လုပ်တာတော့ လုပ်တယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း အတိုက်ခံတွေရှိတယ်။ အဲ့ဒီအတိုက်အခံတွေက တိုင်းပြည်ကို ကောင်း အောင်လုပ်ဖို့အတွက် သွားတယ်ဆိုရင်တော့တစ်မျိုးပေါ့။ တိုင်းပြည်ကောင်းအောင် မဟုတ်ဘဲနဲ့ အနုတ် လက္ခဏာဆောင်အောင် သွားလုပ်တယ်ဆိုရင်တော့ နည်းနည်းခက်တော့ခက်မယ်။ ဘယ်အစိုးရ တက်တက် ဒါကတော့ ဘယ်အစိုးရတက်တက်။
မေး။ စိန်ခေါ်မှုချင်းကတော့မတူဘူးပေါ့။ အဲ့ဒီအခင်းအကျင်းက တော်တော်လေး သပ်သပ်ရပ်ရပ်ရှိတယ်။ အခု အခင်းအကျင်းက တော်တော်လေး ဗရုတ်ဗရက်နိုင်နေတာကို ထိန်းသိမ်းရမှာဆိုတော့လေ။ ပိုပြီးတော့ ခက်မလားလို့။
ဖြေ။ ဗရုတ်ဗရက်ဆိုတာ တည်ငြိမ်အေးချမ်းမှုမရှိဘူး။ မှန်ပါတယ်။ ဒါတော့မှန်ပါတယ်။ အမြင်ကျယ်ဖို့၊ ဒါ့ကြောင့် ခုနကပြောတဲ့ တိုင်းပြည်အမြင်ကျယ်ဖို့လိုပါတယ်လို့ ကျွန်တော်ပြောတာ။
















