နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ မန္တလေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဇန်နဝါရီ - ၂၅

Sunday, January 25, 2026 - 08:30

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ မန္တလေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဇန်နဝါရီ - ၂၅

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ မန္တလေးတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများ၊ မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့မှု

ထိုသို့တွေ့ဆုံအမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၁) နှင့် (၂)အား အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး အပိုင်း(၃)ကို ယနေ့တွင် ကျင်းပပြုလုပ်လျက်ရှိနေပြီဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲအပိုင်း(၃) ကျင်းပနေမှုများကို မိမိအနေဖြင့်လှည့်လည်ကြည့်ရှုခဲ့ပြီး မဲဆန္ဒ ရှင်ပြည်သူများအနေဖြင့် တက်တက်ကြွကြွဖြင့် ဆန္ဒမဲများပေးနေသည်ကိုတွေ့ရှိ ရပြီး ထိုအထဲတွင် လူငယ်လူရွယ်များ၊ လူလတ်ပိုင်းများလည်း များစွာပါဝင်သည်ကို တွေ့ရှိရကြောင်း၊ ရွေးကောက်ပွဲအပိုင်း(၁)နှင့်(၂)တွင် ပျဉ်းမျှအားဖြင့် ပြည်သူလူထု ၅၅ ရာခိုင်နှုန်းခန့် ဆန္ဒမဲများပေးကြောင်းသိရသဖြင့် အောင်မြင်သည့်ရွေးကောက်ပွဲတစ်ခု ဟု သတ်မှတ်နိုင်ပြီး ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုကို တွေ့မြင်ရကြောင်း။

မိမိတို့နိုင်ငံ၏ ၂၀၁၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိခဲ့ကြောင်း၊ ထို့နောက် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိခဲ့ကြောင်း၊ သို့ဖြစ်၍ ပါတီစုံဒီမိုကရေစီအစိုးရသက်တမ်းနှစ်ဆက်တွင် ပြည်သူလူထုအနေဖြင့် ဆန္ဒ မဲပေးကြသည့် အတွေ့အကြုံများ ထိုက်သင့်သလောက်ရှိလာပြီဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ကြီးမားစွာဖြစ် ပေါ်ခဲ့သောကြောင့် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ တော်၏တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ လူမှာကတိ၊ မင်းမှာသစ္စာရှိ သည်နှင့်အညီ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ချမှတ်ထားသည့်အတိုင်း မိမိတို့အနေဖြင့် စစ်မှန် စည်းကမ်းပြည့်ဝပြီး လွတ်လပ်၍တရားမျှတမှုရှိသည့် ရွေးကောက်ပွဲတစ်ခုပြန်လည် ကျင်းပနိုင်ရေးစီမံဆောင်ရွက်ခဲ့ပြီး မဲမသမာမှုများဖြစ်ပေါ်မှု မရှိစေရေးအတွက် Myanmar Electronic Voating Machine (MEVM) စက်များကို ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း၊ မဲမသမာမှုမရှိသောရွေးကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲဖြစ်စေရန်နှင့် ဆန္ဒမဲပေးကြသည့် ပြည်သူလူထုများ၏ ဆန္ဒအမှန်ဖြင့် လိုလားသည့်ရလာဒ်များ ထွက်ပေါ်လာ စေရန်ပင်ဖြစ်ကြောင်း။

အသက် ၁၈ နှစ်ပြည့်ပြီးသူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆန္ဒမဲပေး နိုင်ပြီဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲ များပေးနိုင်ရေး စီမံဆောင်ရွက်ပေးထားပြီး ဆန္ဒမဲပေးခြင်း၊ မပေးခြင်းသည် မဲဆန္ဒရှင် ပြည်သူများ၏ ရပိုင်ခွင့်ပင်ဖြစ်ကြောင်း၊ အချို့နိုင်ငံများတွင် ရွေးကောက်ပွဲကျင်းပပြု လုပ်ချိန်၌ ဆန္ဒမဲပေးသူနည်းပါးသည့်နိုင်ငံများလည်းရှိကြောင်း၊ မိမိတို့ကျင်းပနေသည့် ရွေးကောက်ပွဲတွင်လည်း ဆန္ဒမဲပေးနိုင်သူ၏ ထက်ဝက်ကျော်ဆန္ဒမဲများပေးခဲ့ကြသဖြင့် ရွေးကောက်ပွဲအောင်မြင်သည်ဟုဆိုနိုင်ကြောင်း။

မိမိတို့အနေဖြင့် ရွေးကောက်ပွဲကျင်းပအပြီး အနိုင်ရရှိသည့်အစိုးရအဖွဲ့အား နိုင်ငံ တော်၏တာဝန်များကို လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ် နိုင်ခဲ့ပြီးနိုင်ငံတကာမှရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များလည်းလာရောက် လေ့လာခဲ့ကြကာ အပြုသဘောဆောင်သည့်မှတ်ချက်များစွာကိုလည်း ရရှိခဲ့ကြောင်း၊ မိမိတို့ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသည် အောင်မြင်သည့် ရွေးကောက်ပွဲတစ် ရပ်ဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပါဝင်ထမ်းဆောင်ခဲ့ကြသူများ အားလုံးကိုလည်း မိမိအနေဖြင့် အသိအမှတ်ပြုကျေးဇူးတင်ပါကြောင်း။

  နိုင်ငံ့အရေးနှင့် နိုင်ငံရေးတို့ကို ဆောင်ရွက်ရာတွင် အားနှင့်မာန်နှင့် ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန် အတွက် ပါတီများ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းခွင့်များပေးခဲ့ပြီး ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီကြီး များရှိသကဲ့သို့ ဒေသအလိုက် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီများလည်းရှိကြောင်း။

တပ်မတော်၏ အခန်းကဏ္ဍ

တပ်မတော်သည် နိုင်ငံတော်တွင် အခိုင်အမာဆုံးသောအဖွဲ့အစည်းဖြစ်ပြီး လွတ် လပ်ရေးရရှိကတည်းကပင် ယနေ့အချိန်အထိ တည်ရှိနေသည့်အဖွဲ့အစည်းတစ်ရပ် ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ မည်သို့ပင်ပြောင်းလဲ ခဲ့သည်ဖြစ်သော်လည်း တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို တို့တာဝန်အရေးသုံးပါးဦးထိပ်ထားလျက် ယနေ့ထက်တိုင် မမှိတ်မသုန် ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်၏အဓိကတာဝန်သည် နိုင်ငံတော်၏ ပြည်ပရန်ကာကွယ်ရေးနှင့် ပြည်တွင်းလုံခြုံရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ သို့ သော်လည်း လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ဖြစ်ပေါ်လာခဲ့သည့် လက်နက်ကိုင်ပဋိပက္ခ များကြောင့် သောင်းကျန်းမှုနှိမ်နင်းရေးစစ်ဆင်ရေးများကို ခေတ်အဆက်ဆက်ဆောင် ရွက်ခဲ့ရကြောင်း၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကို ထိန်းသိမ်းဆောင်ရွက်ရမည် မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏တာဝန်ဖြစ်သော်လည်း လိုအပ်ချက်အရ တပ်မတော်မှပါဝင် ဆောင်ရွက်နေရခြင်းဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်း စွမ်းရည်မြှင့်တင်ရေးဆောင် ရွက်ပေးလျက်ရှိကြောင်း။

နိုင်ငံတော်ကို ပြည်ပရန်မှကာကွယ်ရေးအတွက် တပ်မတော်ကို စဉ်ဆက်မပြတ် စွမ်းရည်၊ စွမ်းပကားများ မြှင့်တင်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် မိမိတို့အားပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ကျန်းမာကြံ့ခိုင်နေရမည်ဖြစ်ကြောင်း၊ အရည်အချင်းပြည့် ဝသည့်တပ်မတော်၊ တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့်တပ်မတော်ဖြစ်ရမည်ဖြစ် ကြောင်း၊ ထိုသို့ အရည်အချင်းပြည့်ဝရန်အတွက် လေ့ကျင့်သားပြည့်ဝနေရန်လိုပြီး  တပ်မတော်သားတစ်ဦးချင်းအနေဖြင့်ကျန်းမာကြံ့ခိုင်ရမည်၊ တိုက်ရည်ခိုက်ရည်ရှိရမည်၊ ရဲစွမ်းသတ္တိရှိရမည်၊ စစ်နည်းဗျူဟာနှင့် စစ်လက်နက်ပစ္စည်းများအပေါ် ကျွမ်းကျင်မှုရှိရ မည်ဖြစ်ကြောင်း၊ တပ်မတော်သားတစ်ဦးချင်းစီအလိုက်၊ တပ်၊ ဌာနချုပ်များအလိုက် တိုက်ပွဲဝင်အသင့် ဖြစ်စေရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် လိုကြောင်း။

လုပ်ငန်းများကို ထမ်းဆောင်ရာတွင် ကံ၊ ဉာဏ်၊ ဝီရိယများ ပေါင်းစပ်၍ မိမိတို့ တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ကြရန်လိုကြောင်း၊ ကောင်းသည့်အလုပ်ကို လုပ်မည်ဆိုပါက ကောင်းကျိုးကိုခံစားနိုင်မည်၊ မကောင်းသည့်အလုပ်ကိုလုပ်ပါက မကောင်းကျိုးကို ခံစားရမည်ဖြစ်ကြောင်း၊ မိမိတို့ကို သင်ကြားပေးထားသည့် စစ် အတတ်ပညာများကို ဉာဏ်ဖြင့်သုံးသပ်ဆင်ခြင်၍ ကျွမ်းကျွမ်းကျင်ကျင် အသုံးချ ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ စစ်သည်တစ်ဦးချင်းစီအလိုက် စစ်သားကောင်း တစ်ယောက်ပီသစွာ တာဝန်ထမ်းဆောင်ကြရန်လိုပြီး ထိုသို့ဆောင်ရွက်မှသာလျင်  တစ်ဦးချင်းစီ၏ အရည်သွေးများတက်လာမည်ဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန် များကိုလည်း ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေးအတွက် တပ်မတော်အနေဖြင့် ခေတ်အလိုက်နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်လာနေသည့်နည်းပညာများနှင့်အညီ စစ်အသုံးအဆောင်ပစ္စည်းများ တပ်ဆင်ပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စွမ်းအားရှိ သည့် တပ်မတော်ဖြစ်စေရေးအတွက် ရှိသင့်ရှိထိုက်သည်များကို ဖြည့်တင်းပေးနေရ မည်ဖြစ်သကဲ့သို့ စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေးအတွက်လည်း စစ်သည်တစ်ဦး ချင်းစီအလိုက်၊ တပ်ဖွဲ့တစ်ဖွဲ့ချင်းစီအလိုက်မှစ၍ ကျန်းမာကြံ့ခိုင်မှုရှိစေရေး၊ တိုက်ရည် ခိုက်ရည်နှင့် ရဲစွမ်းသတ္တိရှိစေရေး၊ စစ်နည်းဗျူဟာနှင့် စစ်လက်နက်ပစ္စည်းများအပေါ် ကျွမ်းကျင်မှုရှိစေရေး အမြဲမပြတ် လေ့ကျင့်ဆောင်ရွက်ပေးနေရမည်ဖြစ်ကြောင်း၊ အလားတူ နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာနှင့် စစ်နည်း ဗျူဟာများကိုလည်း ခေတ်နှင့်အညီ အသုံးချနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်တစ်ရပ်ကို တည်ဆောက်သွားမည်ဆိုပါက မိမိတို့ နိုင်ငံအပေါ် မည်သူကမျှမလေးမစားပြုလုပ်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့်စွမ်းရည် စွမ်းအားရှိသည့် တပ်မတော်တစ်ရပ်ကို အမြဲတမ်းဆက်လက်ကြိုးပမ်းတည်ဆောက် သွားကြရမည်ဖြစ်ကြောင်း။

လက်ရှိအချိန်တွင် တပ်မတော်၌ အမျိုးသမီးစစ်မှုထမ်းများသည်လည်း အမျိုး သားများနှင့်ရင်ပေါင်တန်း၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်း ဆောင်နေပြီဖြစ်ကြောင်း၊ ၂၀၂၄ခုနှစ်တွင်ကောက်ယူခဲ့သည့်လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်းအချက်အလက်များအရ မိမိတို့နိုင်ငံတွင် အမျိုးသမီးဦးရေမှာ ပိုမို များပြားသည်ကို တွေ့ရှိရကြောင်း၊ သို့ဖြစ်၍နိုင်ငံတော်တွင် အမျိုးသမီးများ၏လုပ်အား မှာ မနည်းသည်ကို တွေ့မြင်နိုင်ကြောင်း၊ တပ်မတော်သားမိသားစုဝင် မှီခိုသူမိသားစု များ အချင်းချင်းအနေဖြင့် ညီရင်းအကို၊ မောင်ရင်းနှမ စိတ်ဓာတ်မွေး၍ စည်းလုံး ညီ ညွတ်စွာဖြင့်နေထိုင်ဆောင်ရွက်ကြရန်လိုကြောင်း၊ စစ်သည်အင်အားနှင့် ရဲမေအင်အား များပူးပေါင်းဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်၏ ကာကွယ်ရေးအင်အားစုမှာ များစွာ တောင့်တင်းခိုင်မာသည်ကိုတွေ့မြင်ရမည်ဖြစ်ပြီး စုစည်းညီညွတ်သည့်အားကို တန်ဖိုး ထား ဆောင်ရွက်ကြရန်လိုကြောင်း။

အရာရှိ၊ စစ်သည်များအနေဖြင့် ခေတ်နှင့်အညီပြောင်းလဲတိုးတက်နေသည့် သိပ္ပံ နှင့် နည်းပညာများကိုလည်း လေ့လာနေကြရန်လိုကြောင်း၊ ဗဟုသုတများရရှိစေပြီး အသိအမြင်များတိုးပွားလာစေရေး၊ မိမိတို့တစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများ တိုးတက် စေရေးအတွက် စာပေဖတ်မှတ်လေ့လာခြင်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စာပေဖတ်မှတ်လေ့လာခြင်းအားဖြင့် တစ်ဦးချင်းစွမ်းရည်များတိုးမြင့်လာနိုင်မည်ဖြစ်ပြီး တစ်ဦးချင်းစွမ်းရည်မှ တပ်မတော်တစ်ရပ်လုံး၏စွမ်းရည်များ တိုးတက်လာစေရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အလားတူ နိုင်ငံတော်၏ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းနောက်ခံအကြောင်းအရာများကို မှန်မှန်ကန်ကန်သိမြင်ရှုမြင်သုံးသပ်နိုင် ရေးအတွက်လည်း စာပေများဖတ်ရှုကြရန်လိုကြောင်း၊ တပ်မတော်၏ အမျိုးသားနိုင်ငံ ရေးအခန်းကဏ္ဍတွင် ပါဝင်နေရမှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုး ရေးတို့အတွက် ခေတ်အဆက်ဆက် ဆောင်ရွက်ချက် သမိုင်းကြောင်းများကိုလည်း လေ့လာကြရန်လိုကြောင်း၊ နိုင်ငံတော်ကို ဦးဆောင်ခဲ့ကြသည့် နိုင်ငံ့ခေါင်းဆောင်ကြီး များ၏ သမိုင်းကြောင်းများကိုလည်း လေ့လာကြရန်လိုကြောင်း၊ ထိုသို့မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းများကိုဖတ်ရှုလေ့လာခြင်းဖြင့် မိမိတို့တပ်မတော်၏တာဝန်ထမ်းဆောင် ရမှုများကိုလည်း မှန်မှန်ကန်ကန်ဖြင့် သိရှိနားလည်လာမည်ဖြစ်ကြောင်း။

  မိမိအနေဖြင့် နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်တွင် တပ်မတာ်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ကြေး များနှင့် သက်စွန့်ဆံဖျား စားရိတ်များ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ကြောင်း၊ တပ်မတော် သားမိသားစုဝင်များ၏ နေရေး၊ စားရေးနှင့် ဝတ်ရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စေ ရေးအတွက်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိနေကြောင်း၊ တပ်မတော်အကြီးအကဲတစ်ဦးအနေဖြင့် မိမိဦးဆောင်ကွပ်ကဲအုပ်ချုပ်နေရသည့် အဖွဲ့ အစည်းနှင့် မိမိတပ်ဖွဲ့ဝင်များကို မည်ကဲ့သို့မြှင့်တင်ဆောင်ရွက်ပေးရမည်ကို အမြဲ မပြတ်စဉ်းစား၍ လိုအပ်သည်များစီမံဆောင်ရွက်ပေးခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်တွင် ကျရောက်လာနိုင်သည့် မည်သည့်အန္တရာယ်ရန်စွယ်ကိုမဆို ကာကွယ် ရန်တာဝန်ရှိသည်ဖြစ်သဖြင့် စွမ်းရည်စွမ်းအားရှိသည့်တပ်မတော်ဖြစ်စေရေးဆက်လက် ကြိုးပမ်းတည်ဆောက်သွားကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားပြီး အရာရှိ၊ စစ်သည်များ ၏ လိုအပ်ချက်များကို မေးမြန်းသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တိုင်းမှူးက လည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ် ရာ တိုင်းမှူး၏ ဇနီးက လည်းကောင်း အသီးသီး လက်ခံရယူသည်။

          တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာ ကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။