မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲကျင်းပ
ဖော်ထုတ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများသို့သွားရောက်၍ မြေပြင်ကွင်းဆင်းလိုက်လံရှင်းလင်းပြသ
နေပြည်တော်၊ ဇန်နဝါရီ ၂၄
လူသားမျိုးနွယ်တစ်ခုလုံးကို လူညွှန့်တုံးပျက်စီးစေသည့် ဘိန်းဖြူ၊ မက်သ်အဖက်တမင်း (Methamphetamine)၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများနှင့် မူးယစ် ဆေးဝါးများကိုအဓိကချက်လုပ်သည့်နေရာများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများပမာဏအများဆုံးဖော်ထုတ်သိမ်းဆည်းရမိမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်၌ကျင်းပပြုလုပ်ရာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး တို့က ရှင်းလင်း ပြောကြားကြသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး တို့နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများတက်ရောက်ကြပြီး သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့မှ သံတမန်များ၊ စစ်သံမှူး များနှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)မှ တာဝန်ရှိ သူများ၊ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက်ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက် ရောက် လေ့လာသတင်းရယူကြသည်။
ထိုသို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း က မြန်မာနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးစတင်ရောက်ရှိခဲ့သည့် နောက်ခံသမိုင်းကြောင်းဆိုင်ရာများ၊ အစိုးရနှင့်တပ်မတော်၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း တိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့်အခြေအနေများနှင့် လက်ရှိအခြေအနေတွင် ဖော်ထုတ်ဖမ်းဆီးရမိမှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပူးပေါင်း တိုက် ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ပြောကြားမှုအပြည့်အစုံ အားသီးခြားဖော်ပြထားပါသည်။
ထို့နောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး က ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အနီး ဖော်ထုတ်ဖမ်းဆီးရမိ သည့်မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများ၏ ပတ်ဝန်းကျင်နေရာများမှ ထပ်မံဖော်ထုတ် ရရှိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာများမှ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိမှု အခြေအနေများနှင့် ပတ်ဝန်းကျင်နေရာများအား ဆက်လက်ရှင်းလင်းဖော်ထုတ်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ပြောကြားမှုအပြည့်အစုံ အားသီးခြားဖော်ပြထားပါသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများက မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ဖမ်းဆီးရမိပစ္စည်းများနှင့် မှတ်တမ်းဓာတ်ပုံများ၊ ဖော်ထုတ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား မီးရှို့/ မြေမြှုပ်/ ဖောက်ခွဲ ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။
ထို့နောက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်နှင့် တာဝန်ရှိသူများသည် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် သံတမန်များနှင့် ပြည်တွင်း၊ ပြည်ပမှ မီဒီယာအဖွဲ့များနှင့်အတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၏ အနောက်တောင်ဘက် ၃၃ ကီလိုမီတာအကွာရှိ မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာ ၂ နေရာ သို့ ရဟတ်ယာဉ်များဖြင့်ရောက်ရှိကြရာ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ မှုအခြေအနေများ၊ ထပ်မံဖော်ထုတ်ရမိသည့် နေရာ(၅/၆/၇/၈/၁၀/၁၂/၁၃/၁၄) တို့၌ မူးယစ် ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသော ဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ ဖော်ထုတ် ဖမ်းဆီးရမိမှု၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနည်းစဉ် အဆင့်ဆင့်တို့နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် သန့်လွင်မောင် က ရှင်းလင်း ပြောကြားပြီး ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)မှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှု များကို ပြန်လည်ဖြေကြားသည်။
ယင်းနောက် မူးယစ်ဆေးဝါးစစ်ဆင်ရေးတွင်ပါဝင်ခဲ့ကြသည့် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပြည်ထဲရေးဝန်ကြီးဌာနက ချီးမြှင့် ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် ဖော်ထုတ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသော ဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများခင်းကျင်းပြသထားရှိမှုအား လိုက်လံကြည့်ရှုလေ့လာကြပြီး မူးယစ်ဆေးဝါးချက်လုပ်ရာ၌ အသုံးပြုခဲ့သည့် ယာယီအဆောက်အဦများ၊ ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းများကို နေရာတစ်ခုချင်းစီ အလိုက် လိုက်လံရှင်းလင်းပြသခဲ့ကာ သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများ အပေါ် တာဝန်ရှိသူများနှင့် ဖော်ထုတ်သိမ်းပိုက်ရာတွင် ပါဝင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ဆက်လက်၍ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်နှင့် တာဝန်ရှိသူများ၊ သံတမန်များ၊ သတင်းမီဒီယာ အဖွဲ့များသည် မိုင်းရယ်မြို့၏ အနောက်တောင် ဘက် ၉ ကီလိုမီတာခန့်အကွာရှိ မူးယစ်ဆေးဝါး ထုတ်လုပ်သည့်နေရာသို့ ရောက်ရှိကြပြီး မူးယစ်ဆေးဝါးချက်လုပ်ရာ၌ အသုံးပြုခဲ့သည့် ယာယီအဆောက်အဦများ၊ ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းများကို တာဝန်ရှိသူများက နေရာတစ်ခုချင်းစီအလိုက် လိုက်လံရှင်းလင်းပြသခဲ့ကာ သိရှိလိုသည့်မေးမြန်းမှုများအပေါ် ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။
ဆက်လက်ပြီး အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် နှင့်တာဝန်ရှိသူများ၊ သံတမန်များ၊ သတင်းမီဒီယာအဖွဲ့များသည် ယခင်ဖော်ထုတ်ရရှိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာ ၃ ခုတို့မှ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား မီးရှို့/ မြေမြှုပ်/ ဖောက်ခွဲ ဖျက်ဆီးခြင်းများဆောင်ရွက်ထားရှိမှုအား ရဟတ်ယာဉ်များဖြင့် ကြည့်ရှုလေ့လာခဲ့ကြသည်။
ယနေ့တွင် မြေပြင်ကွင်းဆင်းသွားရောက်လေ့လာခဲ့ရာ၌ တာဝန်ရှိသူများ၏ ပြောကြား မှုများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာများအား ဖော်ထုတ်သိမ်းပိုက်ခဲ့ရာတွင် ပါဝင်ခဲ့ ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းမီဒီယာများ၏ မေးမြန်းမှုများအပေါ် ဖြေကြားမှု များကိုလည်း ယခုလိုပဲ ကြားသိရပါတယ် -
ကျွန်တော်လည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်လာရင် သမိုင်းကြောင်းနဲ့ယှဉ်ပြီး ပြောခဲ့ ပါတယ်။ မူးယစ်ဆေးဝါးက မြန်မာနိုင်ငံမှာ အမြစ်တွယ်ခဲ့တယ်။ အမြစ်တွယ်ခဲ့ရတဲ့ အကြောင်း အရင်းကတော့ ဝေးသောအကြောင်းအရင်းပေါ့။ ကိုလိုနီခေတ်ကတည်းက အမြစ် တွယ်ခဲ့တယ်။ ကျွန်တော်ရှင်းပြပြီးသွားပြီ။ မြန်မာနိုင်ငံမှာ ဘိန်းဆိုတာမရှိဘူး။ ကိုလိုနီခေတ်မှာ ဘိန်းခန်းတွေ စထောင်တယ်။ ဒါကျွန်တော်တို့နိုင်ငံတစ်နိုင်ငံတည်းတင် မဟုတ်ဘူး။ ကျွန်တော် လေ့လာခဲ့မိသ မျှတော့ တရုတ်မှာဆိုလည်း တော်တော်ကြီးကြီး ကျယ်ကျယ်ပဲ။ ဘိန်းစစ်ပွဲတွေ ဖြစ်ခဲ့တယ်။ သူကဒီဘိန်းကို လက်နက်တစ်ခုသဖွယ် အသုံးချပြီးတော့မှ ဒီအမြစ်တွယ်မှုက ဘယ်မှာပိုပြီး ကျွန်တော်တို့နိုင်ငံအတွက် ပိုဆိုးသွားလဲဆိုတော့ EAO တွေပေါ်လာတဲ့အချိန်မှာ ပိုဆိုးသွားတယ်။ ဒီလုပ်ငန်းက ငွေရလွယ်တဲ့လုပ်ငန်းကိုး။ ခင်ဗျားတို့၊ ကျွန်တော်တို့ ရောက်ပြီး သားဗျာ။ ငွေဘယ် လောက်ရလွယ်သလဲ ခင်ဗျားစဉ်းစားကြည့်။ ဒါပေမဲ့ ခုချိန်လုပ်တဲ့အချိန်မှာ ငွေအရင်းအနှီး မြှုပ်နှံမှုက တော်တော်တော့ကြီးလိမ့်မယ်ထင်တယ်။ ခင်ဗျားတို့၊ ကျွန်တော်တို့ တွေ့ခဲ့တဲ့ စက်ကိရိ ယာတွေ သူတို့လုပ်တဲ့နည်းစဉ်တွေ၊ သွင်းနေတဲ့ဓာတုဗေဒပစ္စည်းတွေ ပိုပြီးသိပါလိမ့်မယ်။ သို့သော် အကျိုးအမြတ်ကကြီးတယ်။ အကျိုးအမြတ်ကကြီး တဲ့အတွက်ကြောင့် ဒီဟာကို ထုတ်လုပ်ပြီးတော့ လုပ်နိုင်တဲ့ဟာကို လုပ်တာ။ အဲဒီအတွက် ဘာလိုလဲဆိုတော့ ဒီလူတွေကို ဒီမူးယစ်ဆေးဝါးလုပ်ငန်းတွေကို ကာကွယ်နိုင်ဖို့အတွက် သေချာတယ်၊ လက်နက်ကိုင် အဖွဲ့ အစည်းလိုတယ်။ အဲဒီလက်နက်ကိုင်အဖွဲ့အစည်းကို တပ်ဆင်ဖို့အတွက် လက်နက်တွေလိုတယ်။ ဒါ့အပြင်သူတို့ကို ဘေးကနေကာကွယ်ပေးဖို့အတွက် လူတွေလိုတယ်။ အဲ့ဒီအတွက်ကို လုပ်ဆောင်ကြခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ပြောပြီးသားပဲ။ ဒီနယ်မြေဒေသကထွက်တဲ့ မူးယစ်ဆေးဝါးက ခုနကပြောသလိုပေါ့။ လမ်းကြောင်း တစ်ခုတည်းတော့ မဖြစ်နိုင်ဘူး။ သေချာတာ တစ်ခုကတော့ ပင်လယ်ပြင်ဘက်ကလည်း ထွက်တယ်။ နယ်စပ်ဒေသ တွေမှာလည်း အကုန်လုံးထွက်တယ်။ ထွက်တယ်ဆိုတာ ဒီမူးယစ်ဆေးဝါးကိုပဲ မူတည်ပြီးတော့ ငွေရတယ်။ အဲ့ဒီငွေကနေ လက်နက်ဝယ်တယ်။ လက်နက်ကိုင်တပ်ဖွဲ့ထောင်တယ်။ လက်နက် ကိုင်တပ်ဖွဲ့ကို ပံ့ပိုးတယ်။ ပြီးရင် လက်နက်ကိုင်တပ်ဖွဲ့ကနေ အာဏာတည်ဆောက်တယ်။ အာဏာတည် ဆောက်ပြီးမှ မူးယစ်ဆေးဝါးကိုဆက်လုပ်တယ်။ ဒီသံသရာကြီး လည်နေတာဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ဘာလိုလဲ။ နှစ်ခုပေါ့။ နံပါတ်တစ်အချက်က အာဏာလိုတယ်။ နံပါတ်နှစ်က ပြည်တွင်းအား။ ပြည်တွင်းအားဆိုတာသည် ခင်ဗျားတို့၊ ကျွန်တော်တို့ သွားခဲ့တဲ့နေရာတွေမှာ ခင်ဗျားတို့တွေ့မှာပဲ။ ခင်ဗျားတို့၊ ကျွန်တော်တို့ သွားခဲ့တဲ့နေရာတွေမှာ ရွာကလေးတွေရှိတယ်။ သေချာတစ်ခုက အဲဒီမှာရှိတဲ့ ရွာသူ၊ရွာသားတွေသည်လည်း မူးယစ်ဆေး ဝါးချက်လုပ်တဲ့ လုပ်ငန်းတွေမှာတော့ ပါလိမ့်မယ်။ ပါလိမ့်မယ်ဆိုတာ သူတို့က မူးယစ်ဆေးဝါးလို့ သိချင်မှ သိမယ်။ မသိဖို့ ပိုများတယ်။ ကျွန်တော်ပြောနိုင်တာကတော့ ရာနှုန်းပြည့်နီးပါးသူတို့မသိဘူး။ ဘာလုပ်နေမှန်းကို သူတို့သိမှာမဟုတ်ဘူး။ မသိဘဲနဲ့ သူတို့အနေနဲ့ ပံ့ပိုးပေးတာတွေ ရှိကောင်း ရှိမယ်။ စားစရာသောက်စရာတွေ လာရောင်းတာတွေ ရှိကောင်းရှိမယ်။ ဒါမျိုးတွေ ရှိကောင်း ရှိလိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့က မသင်္ကာဖွယ်ရာတွေ့ရင် ဒီနေ့ ကျွန်တော် ပြောတဲ့စကား ထဲမှာ ပြည်သူလူထုတွေရော၊ ဒေသခံမီဒီယာတွေရော၊ ဒေသခံပြည်သူတွေရဲ့ ပံပိုးအား ၊ ပြည်တွင်း အားလိုတယ်။ နံပါတ်နှစ် ပြည်ပအားလည်းလိုပါတယ်။ ဘာကြောင့် ပြည်ပအားလည်းလိုလဲ ဆိုတော့ ဒီမူးယစ်ဆေးဝါးတွေဟာ ကမ္ဘာရဲ့အန္တရာယ်တွေဖြစ်တယ်။ ကမ္ဘာတစ်ဝန်းလုံးကို တချို့ နေရာတွေမှာ၊ AA ဆိုရင် မူးယစ်ဆေးဝါးကို အဆင့်ဆင့်ကနေ ဆွဲထုတ်တယ်။ ပင်လယ် ရေကြောင်း ကနေသူတို့ တာဝန်ခံပြီးပို့တယ်။ ပင်လယ်ပြင်မှာ မိလိုက်တဲ့ လုပ်ငန်းတွေမှန်သမျှမှာ AA ပါဝင်ပတ်သက် တာချည်းပဲ။ AA ပါဝင်ပတ်သက်တယ်ဆိုတာမှာ သွယ်ဝိုက်ပြီးပါဝင်တာ မဟုတ်ဘူး။ တိုက်ရိုက်ကိုပါဝင်ပတ်သက်တာ။ AA ကနေ ဗိုလ်မှူးကြီး အဆင့်ရှိတဲ့ ဘယ်သူ့ကို ဦးဆောင်ပြီး လုပ်ခိုင်းတယ်တို့၊ တပ်သားအဆင့်ရှိတဲ့ဘယ်သူတို့ မျိုးစုံပါဝင်ပတ်သက်နေတာ ဖြစ်တယ်။ ဒါ့အပြင် ထိုင်းနိုင်ငံမှာလည်း မူးယစ်ဆေးဝါးတွေမိတယ်။ ထိုင်းကလည်းကျွန်တော်တို့ ကိုပြောတယ်။ မြန်မာနိုင်ငံထဲကထွက်လာတဲ့ဟာလို့ပြောတယ်။ လာအိုကလည်း ဒီလိုပဲ ပြောတယ်။ သူက ဆီလိုအပေါက်ရှာပြီးထွက်နေတာဖြစ်တယ်။ အဲ့ဒါကြောင့် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုအားလည်းလိုပါတယ်။ အခု အားလုံးလည်း တွေ့ခဲ့ပြီးပြီ ၊ ဒီနေ့မှာအား လုံးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ မူးယစ်တပ်ဖွဲ့မှူးကိုယ်တိုင်ရှင်းပြပြီးပြီ၊ မြန်မာနိုင်ငံ ဓာတုဗေဒ ပညာရှင်တွေလည်း ရှင်းပြပြီးပြီ၊ မူးယစ်ဆေးဝါးက ဘယ်လိုထုတ်တယ်၊ ဘယ်လိုချက်တယ် ဆိုတာ။ ဒီပစ္စည်းတွေက မြန်မာနိုင်ငံမှာမရနိုင်ဘူး။ သို့သော် ဘယ်လိုလုပ် ရောက်လာလဲ။ ဘယ်လိုလုပ်ရောက်လာလဲဆိုရင် နောက်ကွယ်ကနေ တော်တော်ကို အင်အားတောင့်တင်းတဲ့၊ အကာအကွယ်ပေးနိုင်တဲ့၊ လက်နက်မရှိဘဲနဲ့ ရောက်လာစရာ အကြောင်းမရှိဘူး။ ဒီဟာတွေသည် ဒီကနေပြီးရောက်လာတာဖြစ်တယ်။ အဲ့ဒီတော့ပြန်ပြီးစဉ်းစားကြည့်။ ဒီလူတွေက ချက်လုပ်တဲ့ လူတွေဆီကနေပြီး ဘာယူမလဲ။ ငွေယူမယ်လို့ပြောရအောင် ဒီလူတွေမှာ တောထဲတောင်ထဲ မှာရှိနေတဲ့ လာချက်နေတဲ့သူတွေက ငွေဘယ်လိုလွှဲမလဲ။ ရှင်းရှင်းလေးရယ်။ ကုန်ကြမ်းပေး ပြီးတော့ ကုန်ချောယူမှာ ဒီကောင်တွေ၊ ဒါပဲ။ ဒီလုပ်ငန်းပဲ။ အဲဒီတော့ ကုန်ချောတွေ ဘယ်လို ထွက်သွားတယ်တာ အပိုင်းလိုက်ခွဲထားတာပဲ ဖြစ်ရမယ်။ ဒီချက်လုပ်တဲ့လူတွေနဲ့ လုပ်အားခံစား ခွင့်ရှိသူတွေက တစ်မျိုး၊ ကုန်ချောယူသွားတဲ့ လူတွေရဲ့ ပို့ဆောင်ပေးပုံကတစ်မျိုး၊ ပြီးရင် အဆက်အသွယ်တွေနဲ့ လုပ်တဲ့ပုံကတစ်မျိုး၊ အဆင့်ဆင့်အလွှာလွှာရှိနေတဲ့ဟာမျိုးဖြစ်တယ်လို့ပဲ ကျွန်တော်တော့မြင်ပါတယ်။ အဓိကပြောရရင် ကျွန်တော်တို့ကလည်း ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ကာကွယ်အောင်ပြောမှာပေါ့။ ဒီနယ်မြေဟာ တပ်မတော်ကစိုးမိုးတဲ့နယ်မြေမို့ ဒါကြောင့် လာဆောက်တယ်၊ ဒါကြောင့်လာလုပ်တယ်ပြောမှာပေါ့။ ခင်ဗျားဘယ်လိုပဲပြောပြော၊ တပ်မတော်ပဲပြောပြော၊ EAOs ပဲပြောပြော။ ပလောင်ပဲပြောပြော၊ ရှမ်းပဲပြောပြော၊ ကချင်ပဲ ပြောပြော၊ ပအို့ဝ်ပဲပြောပြော၊ ကိုးကန့်ပဲပြောပြော၊ ခင်ဗျားကို ဘယ်ကောင်မှ ဘယ်သူမှ နိုင်ငံတကာသွားလို့မလို့လေ ဒီကောင်က ကိုးကန့်ပါ၊ ဒီကောင်က ပလောင်ပါ။ ဒီကောင်က ကချင်ပါ၊ ဒီကောင်က မွန်ပါ၊ ဒီကောင်က ကရင်ပါလို့မပြောဘူး။ ခင်ဗျားကိုမြန်မာလို့ပဲပြောမှာ။ မြန်မာလို့ပဲပြောရင် မြန်မာလို့ပဲသိမှာ။ အဲဒီတော့ ကျွန်တော်ပြောချင်တာက မြန်မာစကားပုံ တစ်ခုရှိတယ်။ မြေနိမ့်ရာလှံစိုက်ဆိုတာရှိတယ်။ မြေနိမ့်ရင် လှံစိုက်ခံရမှာပဲ။ လှံအစိုက်မခံချင်ရင် မြေမနိမ့်စေနဲ့၊ မြေနိမ့်နေလို့ လှံစိုက်ခံရတာ။ တစ်ခါတလေ ကျွန်တော်ပြောတယ်။ မြေနိမ့်တဲ့သူ ရဲ့အပြစ်လား၊ လှံစိုက်တဲ့သူရဲ့အပြစ်လား။ ကျွန်တော်တို့ နည်းနည်းတော့စဉ်းစားဖို့လိုတယ်လို့ ထင်တယ်။ လှံစိုက်တဲ့သူတွေချည်းပဲ အပြစ်မတင်နဲ့။ မြေနိမ့်နေတာ ဘယ်သူတွေလဲ။ ကျွန်တော် တို့ နိမ့်နေတာ။ ဘာကြောင့် နိမ့်နေတာလဲ။ ကျွန်တော်တို့ မစည်းရုံးလို့ နိမ့်နေတာ။ ဘာလို့ မစည်းရုံးလဲ လောဘဇောတွေတိုက်နေလို့ မစည်းရုံးနေတာ။ မစည်းရုံးနေသမျှကတော့ မြေနိမ့် နေဦးမှာပဲ။ မြေနိမ့်နေသမျှကတော့ သေချာတယ်။ နိုင်ငံတကာက လှံစိုက်မှာ။ ဒါက ကျွန်တော် တို့နိုင်ငံ တစ်နိုင်ငံတည်းမှ မဟုတ်ဘူး။ နိုင်ငံတကာမှာ နိမ့်ကျနေတဲ့ နိုင်ငံမှန်သမျှ သနားလို့ လှူတာရှိကောင်းရှိမယ်။ လူသားချင်းစာနာထောက်ထားလို့ ပေးချင်တာ ပေးတာရှိမယ်။ သို့သော်လည်း နိုင်ငံတကာမှာ လှံစိုက်ဖို့ကတော့ အသင့်ပဲ။ လူ့လောကကြီးမှာလည်း အဲ့လိုပဲ။ ကျွန်တော် ဒီနေရာမှာ ဘာကို ပြောချင်လဲဆိုတော့ ခင်ဗျားတို့ မီဒီယာတွေလည်း အင်တာဗျူးတွေ လုပ်ခဲ့ပြီးပါပြီ။ မူးယစ်ဆေးဝါးကို ဘက်ပေါင်းစုံကနေ တိုက်ဖျက်ရမယ်။ ဘက်ပေါင်းစုံဆိုတာ တပ်တို့၊ ရဲတို့ ဒါတွေချည်းပဲ မဟုတ်ဘူး။ ရှုထောင့်ပေါင်းစုံကလို့ ပြောခြင်းဖြစ်တယ်။ ကျွန်တော်တို့ လူငယ်တွေ အခုအချိန်တွေမှာ ပြောကြတယ်။ လူငယ်တွေကြားထဲမှာ မူးယစ်ဆေးဝါးက ဘယ် လောက် အန္တရာယ်များလဲဆိုတာ ကျွန်တော်တို့ပြောရမယ်။ ပြောတဲ့နေရာမှာ ဒီအတိုင်း ပါးစပ် လေးနဲ့ ပြောလို့မရဘူး။ ဒီနေ့ ဓာတုဗေဒဝန်ရုံးက ပြောလိုက်တယ်။ မူးယစ်ဆေးဝါးဆိုတာ ဘယ်လောက်အန္တရာယ်များတဲ့ ဓာတုဗေဒပစ္စည်းတွေကနေ ပေါင်းစပ်ထားတာ။ မူးယစ်ဆေးဝါး ပေါင်းစပ်တဲ့ ဓာတုဗေဒပစ္စည်းတွေ၊ အက်စစ်တွေဆိုတာ လက်နဲ့တောင်ကိုင်လို့ရတာမဟုတ်ဘူး။ အဲ့ဒါတွေနဲ့ ပေါင်းစပ်ထားတာ။ နောက်ပြီးမှ အချိုပေါ်သကာလောင်းပြီး လုပ်ထားတာ ဖြစ်တဲ့အတွက် မွှေးကြိုင်နေတယ်လို့ ထင်ရတာ။ ဒီဟာတွေသည် အဆိပ်ကို မျိုနေတယ်ဆိုတာ လူငယ်တွေ သိအောင်လုပ်ရမှာ။ နံပါတ်တစ် လူငယ်တွေသိရင် မသုံးတော့ဘူး။ မသုံးတော့ရင် မဝယ်တော့ဘူး။ ဘယ်မှာရောင်းမလဲ။ Dimension တစ်ခု။ နောက် Dimension တစ်ခုက ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အွန်လိုင်းလောင်းကစားလိုမျိုး မသိချင်ယောင် မဆောင်နဲ့ မမြင်ချင်ယောင် မဆောင်နဲ့။ မသိချင်ယောင် မဆောင်အောင် မမြင်ချင်ယောင် မဆောင်အောင် ကျွန်တော်တို့ ဘာလုပ်ရမလဲ။ တာဝန်ရှိသူတွေမှာပဲဖြစ်ဖြစ် တာဝန်မရှိသူတွေမှာပဲဖြစ်ဖြစ် ခင်ဗျားတို့ ကျွန်တော်တို့မှာ သားသမီးတွေရှိတယ်။ မီဒီယာတွေမှာလည်း သားသမီးတွေရှိတယ်။ မိဘတွေကို သိအောင်ပြောရမယ်။ မသိချင်ယောင် မဆောင်နဲ့၊ မမြင်ချင်ယောင် မဆောင်နဲ့။ ခင်းဗျားတို့သားသမီးတွေပါ ပါသွားမယ်ဆိုတာ ကျွန်တော်တို့ သိအောင်ပြောရမယ်။ ဒါက Dimension တစ်ခု။ နောက် Dimension တစ်ခုက မဟုတ်တာလုပ်နေတဲ့ EAO တွေနဲ့ ပတ်သက် ပြီး ဒီကိစ္စတွေကို ငါတို့ သည်းခံမှာမဟုတ်ဘူး။ ငါတို့ အစိုးရတင်မဟုတ်ဘူး။ ငါတို့ပြည်သူလူထု၊ ငါတို့မိဘတွေ၊ ငါတို့သားသမီးတွေက သည်းခံမှာ မဟုတ်ဘူးဆိုတာ သိအောင်လုပ်ရမယ်။ ဒါက Dimension တစ်ခု။ နောက် Dimension တစ်ခုက အစိုးရ။ အစိုးရနဲ့ပတ်သက်လာလျှင် အစိုးရ တစ်ရပ်မှာလည်း ကောင်းတဲ့လူရှိသလို မကောင်းတဲ့ လူလည်းရှိတယ်။ ကောင်းတဲ့လူပဲဖြစ်ဖြစ် မကောင်းတဲ့လူပဲဖြစ်ဖြစ် ငါတို့သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းမှာ ပါကိုပါမယ်။ တက်တက်ကြွကြွပါမယ်။ ခင်ဗျားတို့ မဟုတ်တာလုပ်ရင်လည်း ခင်ဗျားတို့ကို ထောက်ပြမယ်။ ဒီ Dimension ပေါင်းစုံကနေပြီး ကျွန်တော်တို့ တိုက်ဖျက်မှရမယ်လို့ ထင်ပါတယ်။
P2P မှာချက်လို့ရတဲ့ နည်းလမ်း ၄ မျိုးရှိတယ်။ ခုနကကျွန်တော်ပြခဲ့တဲ့ဟာ အရှင်း ဆုံးပဲ Hydrogen Gas ရယ်၊ Gas Cylinder ဘေးနားက ဘာလဲဆိုတော့ အစိမ်းလေးတွေက Hydrogen နဲ့အသုံးပြုထားတာ။ Methylamine ဆိုတဲ့တစ်ခုရယ် Hydrogen Gas ရယ် P2P ရယ်။ အဲဒီသုံးခုပဲလိုတယ်။ အဲဒီသုံးခုကို Processing လုပ် လိုက်ရင် Compressing Steel Container နှစ်ခုတွဲကြီးက Hydrogen ဖြတ်လိုက်တာနဲ့ Methamphetamine ထွက်လာ တယ်။ Liquid state မှာဘဲရှိသေးတယ်။ ဒါက နည်းစဉ် တစ်ခု။ ကျွန်တော်တို့ ဖမ်းဆီးရမိ ခဲ့တဲ့ Chemecial တွေ သွားကြည့်လို့ရှိရင် နည်းစဉ်လေးမျိုး ထဲမှာဘာတွေ့လဲဆိုတော့ နည်းစဉ်သုံးမျိုးကို ချက်လုပ်နေတာကို သွားတွေ့ရတယ်။ နောက်တစ်ခုကဘာလဲဆိုရင် Pressurize metal reactor ဒါကလည်း Final State ဆိုတာ ထွက်လာတဲ့အချိန်မှာ Methamphetamine အက်စစ်ပါတဲ့ဟာကိုပဲ ထွက်ဦးမယ်။ ဒါကြောင့် ဒီမှာဘယ်လောက် ချက်နိုင်သလဲလို့ ပြောရင် နည်းလမ်းတစ်ခုအနေနဲ့ လွယ်လွယ်ပြောရရင် reactor က ထွက်လာနိုင်တဲ့စွမ်းအားဘယ်လောက်ရှိလဲဆိုရင် reactor ရဲ့ကွန်တိန်နာတွေ ကိုကြည့်လိုက် ခြင်းအားဖြင့် ဘယ်လောက်ထွက်မယ်ဆိုတာ သိနိုင်တယ်။ အဲဒီမှာမှ ဘာ State တွေ ထွက်လာလဲဆိုရင် Methamphetamine Acid State ပဲထွက်မှာဖြစ်တယ်။ အဲဒီရ လာတဲ့ Acid State ကိုဘယ်ကိုပြောင်းမလဲဆိုတော့ Alkali State ကိုပြောင်းမယ်။ Acid ကို Dilute လုပ်ရမှာ။ သူ့ process တွေရှိတယ်။ ကျွန်တော်တို့က Production လုပ် နေတဲ့သူလည်း မဟုတ်ဘူး။ သူ့ရဲ့ သီအိုရီ အရ။ အဲ့ဒါပြီးသွားရင် ဘာရမလည်းဆိုတော့ အရည်ပဲရမှာပါ။ အဲ့ဒီ အရည်ကို ဘာလုပ်မှာလည်းဆိုတော့ စစ်ထုတ်ရမှာပါ။ ပြီးရင် ဟိုက်ဒရိုကလိုရစ် HCl ဆိုတာ ရေမှာပျော်ဝင်နိုင်တဲ့ အခြေအနေကို ရောက်မယ်။ အဲ့ဒီ အရည်ကနေပြီးတော့ အရည်ကြည် တွေ ထွက်လာပြီး Freezer တွေမှာ ထားမယ်။ Bucket တွေမှာထားမယ်။ ပြီးရင် Solid State ကိုပြန်ပြီးတော့ ပြောင်းမယ်။ Solid State ကို ပြန်ရောက်တဲ့ အချိန်မှာ ဘာရမလဲဆိုတော့ Solid ကြီးပဲ လုံးဝမရဘူး ဘာတွေရောနေလဲ Solid နဲ့ Liquid နဲ့ ရောနေမယ်။ တချို့ နေရာမှာ Washing Machine တွေ သုံးတယ်။ လျှော်ဖို့မဟုတ်ဘူး။ spin လုပ်ဖို့ လှည့်ဖို့ အတွက်သုံးတယ်။ အောက်မှာရှိနေတဲ့ အဝတ်တွေ လျှော်ပြီးရင် အခြောက်ခံသလိုပဲ အရည် တွေက အောက်ကျသွားတယ်။ အဖတ်တွေက ကျန်နေခဲ့တယ်။ အဲ့ဒါက နည်းလမ်းတစ်ခု။ နောက်နည်းစဉ်တစ်ခုက Bucket တွေနဲ့ထားတယ်။ ခုနကပြောခဲ့တဲ့ Steel Tray တွေရှိ တယ်။ Steel Tray ဟောင်းတွေ ဘာဖြတ်သလဲဆိုရင် Boiler ဖြတ်တယ်။ အပူငွေ့ဖြတ် တယ်။ အပူငွေ့ဖြတ်ရင်းနဲ့ အပူငွေ့နဲ့အတူ အေးသွားမယ်။ အေးသွားရင် ဘာဖြစ်သလဲဆိုရင် Liquid State ကနေ Solid State ကိုပြောင်းသွားတဲ့ နည်းစဉ်တစ်ခု။ ခုနတုန်းကပြောတဲ့ Small Bucket လေးတွေနဲ့ ထည့်ပြီးတော့မှ Freezer ထဲမှာ အအေးခံတယ်။ အအေးခံ ရင်လည်း လုံးဝ Solid ကြီး ပြောင်းသွားတာမဟုတ်ဘူး။ Solid နဲ့ Liquid ရောနေတဲ့ အခြေအနေတစ်ခုကို ရောက်သွားတယ်။ ပြီးရင် သူ့ရဲ့ ထုတ်လုပ်နိုင်တဲ့ Quality ပိုပြီးတော့ ကောင်းနိုင်ဖို့အတွက် နည်းစဉ်တစ်ခု။ ပြီးတော့မှ အရေးအကြီးဆုံး နည်းစဉ်တစ်ခုက Tartaric Acid ကို တွေ့တယ်။ Tartaric Acid ဆိုတာ ဘာလဲဆိုရင် Purification ကောင်းဖို့ Quaility ကောင်းဖို့ ထွက်လာတဲ့ အိုက်စ် က အရည်အသွေး မကောင်းဘူး။ Tartaric Acid နဲ့ လုပ်တော့မှ သန့်စင်မှုရာခိုင်နှုန်းက ၉၈ ရာခိုင်နှုန်း၊ ၉၉ ရာခိုင်နှုန်း လောက်အထိကို ရောက်သွားတယ်။ မဟုတ်ရင်တော့ ဈေးကွက်မှာ တွေ့နေတဲ့ဟာတွေက သာမန်ပဲ ဖြစ်တယ်။ ဒီ Equipment တွေကို ကြည့်တယ်။ သုံးနေတဲ့ Chemical တွေကို ကြည့်ပြီးတော့မှ သူတို့ရဲ့ ထုတ်လုပ်နိုင်တဲ့ ထုတ်လုပ်နိုင်စွမ်းရယ်၊ ဘယ်လို နည်းစဉ်တွေနဲ့ ထုတ်လုပ်နေတယ် ဆိုတာကို ကျွန်တော်တို့ တွေ့ရတာဖြစ်ပါတယ်။ ဒါဟာဆိုရင် ကျွန်တော်ပြောတဲ့ P2P Method ကိုပဲ အသုံးပြုတာ ဖြစ်ပါတယ်။ လွန်ခဲ့သော ဆယ်စုနှစ်တုန်းကတော့ ထုတ်လုပ်တဲ့ နည်းလမ်းက တစ်မျိုးရှိသေးတယ်။ ဆူဒိုအဖက်ဒရင်း ကို အသုံးပြုပြီးတော့ ထုတ်လုပ် တဲ့နည်းလမ်းရယ်၊ နည်းစဉ်ရယ်ရှိသေးတယ်။ နည်းလမ်း ၅ မျိုး၊ နည်းစဉ်က အခု P2P မှာ လုပ်ငန်းစဉ် ၄ မျိုး ရှိတယ်။ ၄ မျိုး နဲ့ ထုတ်လုပ်လို့ရပါတယ်။ တချို့နေရာတွေမှာ ပြီးခဲ့တဲ့နေရာတွေမှာ ဘာတွေ့လဲဆိုရင် တရုတ်လိုရေးထားတာ တွေ့တယ်။ ရှမ်းလိုရေး ထားတာတွေ့တယ်။ မြန်မာလိုတွေ့တယ်။ ဒီနေရာကို လုံခြုံရေးအရ လက်နက်ကိုင်အဖွဲ့ တွေက Cover ပေးထားတယ်။ Local People တွေက အဓိက လုပ်တဲ့ အလုပ်က စိုက်ပျိုးရေး၊ မွေးမြူရေးတွေပဲ လုပ်ကြတယ်။ မြန်မာနိုင်ငံအတွက်မဟုတ်ဘူး ကမ္ဘာ အတွက်ပါ အကျိုးအမြတ်ရတယ်။ We save the world. We try to save the world. မူးယစ်ဆေးဝါး ပြဿနာက မူးယစ်ဆေးဝါးဆိုတာ တစ်ဦးတစ်ယောက်တည်းကို၊ ကဏ္ဍတစ်ခု ထဲကို ထိခိုက်တာ မဟုတ်ဘူး။ အခု ကျွန်တော်တို့ နိုင်ငံမှာ မူးယစ်ဆေးဝါးက နေစခဲ့တဲ့ ပြဿနာက ငွေတွေအမြောက်အမြားရတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ လက်နက် ဝယ်တဲ့ နေရာကို ရောက်တယ်။ နိုင်ငံတော်ရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ထိခိုက်တယ်။ သုံးစွဲတဲ့သူတွေအနေနဲ့ ပြည်သူတွေကို ထိခိုက်တယ်။ ပြည်သူတွေမှာ တိုက်ရိုက်ထိခိုက် တာရှိတယ်။ သွယ်ဝိုက် ထိခိုက်တာ ရှိတယ်။ အဲ့တော့ မူးယစ်ဆေးဝါး ပြဿနာဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူတစ်ယောက်တည်းကို ထိခိုက်တာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း ဝန်ကြီး ရှင်းပြခဲ့တယ်။ လူသားမျိုးနွယ်တစ်စုလုံးကို ထိခိုက်တာဖြစ် တယ်။ ဒါကြောင့် ခုနတုန်းက ပြောသလို We save the world. We try to save the world. We try to save the human being. မြန်မာနိုင်ငံတစ်ခုတည်း အတွက် မဟုတ်ပါဘူး။ အိုက်စ် ဆိုတာ Methamphetamine အခဲ Crystal ကို အိုက်စ် လို့ခေါ်တာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ ဖြစ်ပေါ်နေတာဟာ စိတ်ကြွရူးသွပ်ဆေးပြား၊ စိတ်ကြွရူး သွပ်ဆေးပြားမှာ Methamphetamine ဘယ်လောက်ပါလဲဆိုရင် Quality အကောင်းဆုံးက ၃၀ ရာခိုင်နှုန်း ပါတယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းနဲ့ ၆၅ ရာခိုင်နှုန်းက ကဖင်း ပါတယ်။ ကဖင်းကို မြန်မာနိုင်ငံမှာ တားထား တယ်။ တခြား Chemical တွေနဲ့ ဆိုးဆေး တို့ဘာတို့ပါရင် ၁၀၀ ရာခိုင်နှုန်း ဖြစ်သွားရင် 1 tablet ။ ဒါကြောင့်မို့လို့ အခုမိတဲ့ အိုက်စ်ကို 3.5 လောက်နဲ့ မြှောက်လိုက်ရင် ခုနတုန်းက ကဖင်းတွေရော တခြားဟာတွေနဲ့ ရောရင် ဘာထွက်မလဲဆိုတော့ အဲ့ဒါက မက်သ်အဖက်တမင်း Tablet ၊ အဲ့ဒါကို ရာဘ Tablet လို့ခေါ်တယ်။ ဒါက မက်သ်အဖက်တမင်း Crystal ကနေ ထုတ်လုပ်တာပါဘဲ။
ဒီနေရာကတော့ အဓိက အိုက်စ်မူးယစ်ဆေးဝါးနဲ့ နံပါတ်ဖိုးဘိန်းဖြူထုတ်လုပ်တဲ့ နေရာဖြစ်ပါတယ်။ လက်ရှိအိုက်စ်ထုတ်လုပ်တဲ့နေရာမှာအသုံးပြုတဲ့ Acid ၊ ဓာတုဗေဒ ပစ္စည်း တွေအများဆုံးတွေ့ရပါတယ်။ နောက်ပြီး အိုက်စ်ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ အခြောက်ခံဗန်းတွေ၊ မွှေစက်တွေ၊ ဒါတွေကိုတွေ့ရှိခြင်းအားဖြင့် မူးယစ်ဆေးဝါး အိုက်စ် ထုတ်လုပ်တဲ့နေရာလို့ အတည်ပြုခြင်းဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးကိုတော့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ကစပြီး လေးညအိပ်ငါးရက် မနားတမ်းလမ်းလျှောက်ပြီးတော့ မြေပြင်ကင်းထောက်ခြင်း၊ ဝေဟင်ကနေပြီးသတင်းရယူခြင်းနဲ့ပေါင်းစပ်ပြီး ဒီနေရာကို ဆက်လက်ဖမ်းဆီးရှာဖွေ ဖော်ထုတ်မိတာဖြစ်ပါတယ်။ ဧက ၃၅/၄၀ ခန့်လောက်တော့ ရှိပါ တယ်။ တိုက်ပွဲကတော့ ဇန်နဝါရီ ၉ ရက်နေ့မှာတစ်ကြိမ်ဖြစ်ပါတယ်။ ထိတွေ့မှုတော့ ရှိပါတယ်၊ ဒဏ်ရာရအကျအဆုံးတော့မရှိပါဘူး။ ရန်သူကျွန်တော်တို့နဲ့ ထိတွေ့တဲ့အချိန်မှာ ခန့်မှန်း ၃၅ / ၄၀ လောက်တော့ရှိပါတယ်။ ကျွန်တော်တို့က အင်အားများတော့ သူတို့ ချက်ချင်းပြန်ဆုတ်ပြေးပါတယ်။ သူတို့ခွဲခွဲပြီးလုပ်တာပါ။ ကျွန်တော်ထင်တာတော့ သူတို့တွေ စက်ရုံ တစ်ခုနဲ့တစ်ခုတော့ အချိတ်အဆက်တစ်ခုတော့ရှိမယ်ထင်ပါတယ်။ ဒီဂိုဒေါင်ကြီးက အလုံပိတ်ပါ။ မိုးလုံလေလုံနဲ့ အိုက်စ်အခြောက်ခံတာတွေထားတဲ့နေရာဖြစ်ပါတယ်။ လူဝင် မယ်ဆိုရင်တောင် တော်တော်နဲ့ ဝင်လို့မရပါဘူး။ ဂိုဒေါင်တစ်ခုနဲ့တစ်ခုက ဆက်စပ်ပါတယ်။
(၇)ရက်နေ့ကနေ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ရည်မှန်းချက်နေရာကို ရောက်ဖို့ အတွက် လေးညအိပ် ငါးရက် ညရောနေ့ရော မနားမနေဘဲ တောက်လျှောက် လာခဲ့ရပါ တယ်ဗျ။ အဲ့အချိန်မှာ ကျွန်တော်တို့ ချောင်းတွေမြောင်းတွေ အများကြီး ဖြတ်ခဲ့ရပါတယ်ဗျ။ နောက်ပြီးတော့ ရွာတွေတွေ့တဲ့အချိန်မှာ ရွာတွေကိုရှောင်ပါတယ်ဗျ။ လမ်းကို ကျွန်တော်တို့ လုံးဝမသုံးပါဘူးဗျ။ ကျွန်တော်တို့ တပ်မတော်ရော ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲကွန်မန်ဒိုတပ်ဖွဲ့တွေရော သွားတဲ့အချိန်မှာ တပည့်တွေ တအားပင်ပန်းဆင်းရဲပါတယ်ဗျ။ ဒါပေမဲ့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ရည်မှန်းချက်နေရာကို မရောက်မချင်း တောက် လျှောက်ချီတက်ခဲ့တဲ့အချိန်မှာ နောက်ဆုံးတော့ ငါးရက်မြောက်နေ့မှာ ကျွန်တော်တို့ရည်မှန်း ချက်နေရာကို ရောက်ရှိခဲ့ပါတယ်ဗျ။ ရည်မှန်းချက် နေရာကိုရောက်အောင်သွားရမယ်။ ဒီနေရာ ကို ကျွန်တော်တို့ သွားကိုသွားရမှာဖြစ်တဲ့အတွက် ဒီနေရာကို ငါတို့ မဖြစ်မနေသွား ကိုသွားရ မယ်ဆိုတဲ့ စိန်ခေါ်မှုတစ်ရပ်ရှိပါတယ်ဗျ။ ကျွန်တော်တို့ သွားတဲ့အချိန်မှာ ရန်သူက ကျွန်တော်တို့ကို ကြားဖြတ်ညမှာ တိုက်ခိုက်ခံရပါတယ်ဗျ။ ခန့်မှန်း ၃၅/၄၀ လောက်ရှိမယ်ဗျ။ ကျွန်တော် တို့လည်း သူတို့ကို ပြန်ပြီးပစ်ခတ်ခဲ့ပါ တယ်ခင်ဗျ။ ထိတွေ့မှုဖြစ်တဲ့အချိန်မှာ သူတို့ စွန့်ခွာ ပြေးသွားပါတယ်ဗျ။ လက်ရှိအနေနဲ့တော့ သူတို့ရဲ့ နယ်မြေဖြစ်တဲ့အတွက် လုံခြုံမှုရှိတယ် ဆိုတာတော့ ကျွန်တော်တို့က ပကတိ ပြောလို့မရပါ ဘူးဗျ။ တိုက်ပွဲကတော့ သူတို့က ကျွန်တော်တို့ကို ကြားဖြတ်တိုက်တယ်၊ ဟန့်တားတယ်။ အဓိက သူတို့ရည်ရွယ်ချက် ကတော့ ဒီနေရာတွေကို ကျွန်တော်မရောက်ဖို့အတွက် တားဆီးတဲ့ ပုံစံမျိုးဖြစ်ပါတယ်ဗျ။ လက်ရှိ အနေအထားတော့ ကျွန်တော်တို့အားလုံး စိုးမိုးထားနိုင်ပါပြီဗျ။ ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက် လာရင်တော့ ကျွန်တော်တို့က လုံးဝလက်မခံနိုင်ပါဘူးဗျ။ အားလုံး အမြစ်ပြတ်ပြီးတော့ ချေမှုန်းမှာပါဗျ။
မူးယစ်ဆေးဝါးတွေကို အကြီးအကျယ် ထုတ်လုပ်နေတဲ့ နေရာအမှတ် ၄ ဖြစ်ပါတယ်။ နေရာအမှတ် ၄ မှာ နှစ်နေရာလေး ကွဲနေတာပါ။ ရောက်ခဲ့တဲ့ နေရာကတော့ အသစ်ပေါ့။ ဒါကတော့ အဟောင်းပါ။ အဟောင်းဆိုပေမယ့်လည်း ချက်လုပ်တာကတော့ ချက်လုပ်နေတဲ့ အနေအထားရှိတယ်။ နေရာ ၄ မှာ အဓိက ဒါချက်တာကတော့ Methaphetamine ဖြစ်ပါတယ်။ နေရာ ၁ ၊ ၂ ၊ ၃ မှာသည် အိုက်စ်ပေါ့။ Crystal Meth ကို အဓိက ထားပြီး ထုတ်လုပ်နေပြီးတော့ ဒီမှာဆိုရင် Packaging တွေပေါ့၊ Tablet ထုတ်လုပ်တာတွေလည်း တွေ့ပါလိမ့်မယ်။ ဒါတစ်ခုရှိပါတယ်။ ဒီမှာ သူက ထုတ်လုပ်တဲ့ နည်းစဉ်တွေက ၄ ၊ ၅ ခုလောက်ရှိတယ်။ ရှိတဲ့ အခါကျတော့ ကျွန်တော်တို့က ကိုယ်တွေက ထုတ်လုပ်သူ မဟုတ်တဲ့ အခါကျတော့ ဘယ်လိုမျိုး ပြန်ကြည့်ရသလဲဆိုရင် သူတို့ ဘာ Chemical တွေ သုံးခဲ့လဲပေါ့။ စခန်းကို သိမ်းပိုက်ရမိတဲ့ အချိန်မှာ ဘာ Chemical တွေကျန်ခဲ့လဲပေါ့၊ အဲ့ဒါကို ကြည့်ပြီးတော့မှ နောက်ကြောင်းပြန်ပြီးတော့ Tracing လိုက်တဲ့ Method ကို သုံးပြီးတော့ ကြည့်နေတဲ့သဘောပေါ့။ ထုတ်လုပ်မှု နည်းစဉ် ၄ ၊ ၅ ခုမှာ သူက ၃ ခုလောက်ကတော့ ကျိန်းသေ သုံးတဲ့ အနေအထား ရှိပါတယ်။ အဓိက Methaphetamine ကို ချက်လုပ်တဲ့နေရာမှာ Precursor လို့ခေါ်တဲ့ Methaphetamine ရအောင် အစပျိုးရတဲ့ ဓာတုပစ္စည်း ရှိပါတယ်။ P2P လို့ခေါ်တဲ့ Precursor ပေါ့။ အဲ့ဒီ P2P က တိုက်ရိုက် ရတာမဟုတ်ပါဘူး။ P2P က Pre Precursor တွေကို ပြန်ပြီးတော့ ချက်တဲ့အနေအထားပါ။ P2P ဖြစ်အောင်ချက်ပြီးတော့ နောက်ထပ် နည်းစဉ် ပေါ့ လမ်းခွဲ ၄ ခုရှိတယ်။ အဲ့ဒီ လမ်းခွဲ ၄ ခု အတိုင်း ထည့်ပြီးတော့ ချက်လိုက်ရင် ကျွန်တော်တို့ မြင်နေရတဲ့ Methaphetamine Crystal အိုက်စ် ကိုရတာပေါ့။ အဲ့ဒီမှာတွေ့တဲ့ Chemical တွေအကုန်လုံးကလည်း အများအားဖြင့် နည်းလမ်း ၃ ခုလောက်ကို အသုံးပြုတဲ့ အနေအထားလေး တွေ့ရပါတယ်။
ဥပမာဆိုရင် ကျွန်တော်တို့ ဒီမှာ ဒါ အဆင့်တွေမှာဆိုရင်တော့ ထားပါတော့နော်၊ ဒါ ဆိုဒီယမ် ဆိုင်ယာနိုက် (Sodium Cyanide) ကို ဘန်ဇိုင်းကလိုရိုက် (Benzyl Chloride) ရယ်၊ အယ်လ်ကိုဟော (Alcohol) ရယ်၊ အဲဒါတွေနဲ့ ပေါင်းလိုက်တယ်ဆိုရင် ကျွန်တော်တို့ ဘန်ဇိုင်းဆိုင်ယာနိုက် (Benzyl Cyanide) ရသွားပြီ။ ဘန်ဇိုင်းဆိုင်ယာနိုက်ကို သန့်လိုက်ပြီ။ သန့်တဲ့အခါမှာ ဆာလ်ဖျူရစ်အက်ဆစ် (Sulfuric Acid)၊ ဆိုဒီယမ်ဘိုင်ကာဗွန်နိတ် (Sodium Bicarbonate)၊ ဆိုဒီယမ်ကလိုရိုက် (Sodium Chloride) နဲ့ ထပ်ပေါင်းတယ်ဆိုရင် ဒါ ဘန်ဇိုင်းဆိုင်ယာနိုက်ကို ပိုပြီးတော့ သန့်တဲ့ဟာ ရသွားပြီ။ ရပြီးတော့မှ အဲဒီ ဘန်ဇိုင်း ဆိုင်ယာနိုက်ကို တစ်ခါ အခု ကျွန်တော် ရွတ်သွားတဲ့ Chemical တွေ အကုန်လုံး ဒီမှာ မြင်နေရတဲ့အတိုင်းပဲ၊ ကျွန်တော် မှတ်တမ်းတင်ထားပြီးသားပေါ့နော်။ ဆိုဒီယမ် ၊ အီသိုင်းအက်စီတိတ် (Ethyl Acetate)၊ အီသာ (Ether) စသဖြင့်ပေါ့။ အဲဒါတွေ ရတယ်။ ပြီးရင် APAAN ဆိုတာလေး ရှိတယ် ခင်ဗျ။ အဲဒီ APAAN ကနေပြီးတော့ P2P ကို သွားတာ သူတို့က နှစ်ဆင့် သုံးဆင့် ခံပြီးတော့ သွားတာပေါ့နော်။ အဲဒီတော့ ဒီ Chemical နဲ့ ယူတဲ့အခါမှာ နည်းလမ်း သုံးခုလောက်နဲ့ သူတို့ ချက်ပါတယ်။ သုံးထားတဲ့ Chemical တော်တော်များများကို ဒီမှာ မျက်မြင်ပေါ့၊ စမ်းသပ်စစ်ဆေး လို့ရပါတယ်။ ဒါသည် တော်တော်ကြီးကိုမှ အကြီးအကျယ်ထုတ်လုပ်နေတာ။ ရသမျှ Chemical တွေအားလုံးကို ရသမျှနည်းလမ်းပေါင်းစုံနဲ့ တော်တော်ကြီးကို ထုတ်လုပ်နေတဲ့ အနေအထားရှိတယ်။ နောက်တစ်ခုက အိုက်စ်ပဲ မဟုတ်ဘူး၊ Methaphetamine Tablet တွေလည်းပါတယ်။ အခု မီဒီယာ ရောက်နေတဲ့ စခန်းမှာဆိုရင် မျက်မြင်လည်း တွေ့ခဲ့ရပြီ။ ဒါ ဟီးရိုးအင်း (Heroin) ပေါ့၊ ဘိန်းဖြူ ထုတ်လုပ်နေတဲ့ အနေအထားလေး ရှိတာပေါ့။ ဘိန်းဖြူ ထုတ်လုပ်တဲ့ ပစ္စည်းတွေ ကျွန်တော် ပြခဲ့တယ်၊ ဖန်ပေါင်းချောင် သေးသေးလေးထဲမှာ မည်းမည်း အရည်တွေပေါ့၊ အဲဒီ အရည်က ဘိန်းဖြူ Raw Opium ပေါ့၊ သူတို့ အစပျိုး ချက်လုပ်ထားတဲ့ ဟာတွေ ဖြစ်ပါတယ်။ ဒီမှာတွေ့ခဲ့တဲ့ သံမဏိတိုင်ကီလေးလုံး ရှိတယ်။ အနံ့နည်းနည်းဆိုး ပါတယ်။ ဘိန်းဖြူစပြီးတော့ချက်လုပ်တဲ့အရာတွေလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီအဖွဲ့တွေ အနေနဲ့ မူးယစ်ဆေးဝါးမျိုးစုံကို နည်းလမ်းပေါင်းစုံနဲ့ သူတို့ရဲ့ကိုယ်ကျိုး စီးပွားအကျိုး အမြတ်အတွက် ချက်လုပ်နေတာဖြစ်ပါတယ်။ ဘယ်လိုပဲပြောပြော ကျွန်တော်တို့ မြန်မာနိုင်ငံ မြန်မာ့မြေကတော့ ဒဏ်ရာတွေ အများကြီး ရခဲ့တာပေါ့။ ပြီးခဲ့တဲ့ နေရာမှာ ကြည့်ခဲ့ရတယ်၊ သစ်တောတွေ အကုန်လုံးကလည်း ခမ်းခြောက်နေတာ၊ ဒါမျိုး ပြန်ဖြစ်ဖို့ စိမ်းလန်းစိုပြည်တဲ့ သစ်တောတွေ ပြန်ဖြစ်ဖို့ ခက်ခဲသွားပြီ။ ရင်နာစရာလည်းကောင်းတယ်။ မြန်မာ့မြေကို ဒဏ်ရာတွေရ အောင်လုပ်တယ်။ ဒါတွေကို ဆက်မဖြစ်အောင် ဝိုင်းဝန်းပြီးတားဆီးရမယ်။ ကာကွယ်ရမယ်။ ယခင်က မူးယစ်ဆေးဝါးဆိုတာ ဘိန်းစိုက်တာ၊ Organic ပေါ့၊ ဘိန်းစိုက်ပြီး ဘိန်းကနေတစ်ဆင့် ဒီလိုမျိုး ဟီးရိုးအင်းတွေ ချက်တာ။ အခုနောက်ပိုင်းကျတော့ ကျွန်တော်တို့ Synthetic ခေါ်တာပေါ့။ အခု မြင်တဲ့အတိုင်းပဲ ဒီ Chemical တွေ အကုန်လုံး ကလည်း လောင်စားမယ်၊ အသက်ရှူလမ်းကြောင်း ပိတ် ဆို့မယ်၊ အက်ဆစ်တွေဆိုတော့ တော်တော်ဆိုးတဲ့ Chemical တွေ ဖြစ်ပါတယ်။ အဲဒါတွေကို ပေါင်းပြီးတော့ သူတို့နည်းစဉ်မှာထည့်ချက်မယ်။ ဒီ Chemical အကုန်လုံးက အဆိပ်တွေပါ။ ဒီအဆိပ်တွေကို လူငယ်တွေပေါ့၊ ဒါ မသိတော့ သူတို့က End product လေးကိုပဲ ကြည့်ပြီးတော့ မွှေးတယ်ပေါ့၊ ကောင်းတယ်ပေါ့ ဆိုရင်တော့ ဒါ အဆိပ်တွေကို စားနေရတဲ့အတွက် သိပ်တော့ အဆင်မပြေဘူး။ ကျန်းမာရေးတွေ၊ အသက်အန္တရာယ်တွေ၊ လူညွန့်တုံးမဲ့အနေအထား အများကြီးရှိတယ်။ ဒါကြောင့် ဒီနေရာကို လာကြည့်ရုံသာမကဘဲ လူငယ်တွေကို ဒါနဲ့ပတ်သက်ပြီး အသိပညာတွေ လက်ဆင့်ကမ်း စေချင်တယ်။ Happy Water ဆိုရင် သူတို့ သုံးမျိုးလောက် စပ်သုံးတယ်၊ သုံးမျိုးလောက် စပ်သုံးတာ ကောင်းတယ် ဆိုးတယ် စတာတွေပေါ့၊ ဒါပေမဲ့ သူက ပြီးသွားရင် ကျန်းမာရေး တော်တော်ကြီးကို ထိခိုက်ပြီးတော့ နောက် နှစ်ရက် သုံးရက်လောက် သူတို့ ဘာမှ မလုပ်နိုင်တော့ဘူး၊ အဲဒီတော့ ကျွန်တော်တို့ လုပ်အားတွေ ဆုံးရှုံးတာပေါ့။ ဒါကြောင့် အသိစိတ်နဲ့ကာကွယ်ရမယ်။ Chemical နဲ့ ပတ်သက်လို့ရှိရင်လည်း အချို့က ဘာလုပ်တာလဲဆိုတော့ လမ်းလွဲသုံးတာပေါ့၊ ဥပမာ ကော်စတစ်ဆိုဒါ (Caustic Soda)၊ ဒါက Industrial use၊ အဲဒါတွေကို နည်းပညာပိုင်းဆိုင်ရာ လမ်းလွဲ သုံးလိုက်တဲ့အခါကျတော့ ဒီလို မူးယစ်ဆေးဝါးတွေ ထွက်လာတာပေါ့။ ဒါကြောင့် ကျွန်တော်နိုင်ငံမှာ သတ်မှတ်ထားတဲ့ မူးယစ်ဆေးဝါးတွေ၊ စိတ်ပြောင်းဆေးဝါးတွေ ထိန်းချုပ် ထားရုံမဟုတ်ဘဲ ကျွန်တော်တို့မှာ Surveillance ပေါ့၊ စောင့်ကြည့်ရမယ့် Chemical တွေလည်း နည်းနည်း ရှိနေသေးတာပေါ့။ ဒီ Surveillance Chemical တွေကို ကျွန်တော်တို့ ထိန်းချုပ်နိုင်မှသာ ဒီလိုနေရာတွေ မရောက်ဘဲ နိုင်ငံတော်အတွက် အဆင်ပြေမှာပါ။ ကျွန်တော်တို့က နိုင်ငံတကာမှာ သွားပြီးတော့ အစည်း အဝေးတက်ရင်လည်း ရွှေတြိဂံဒေသ မြန်မာနိုင်ငံလို့ပဲပြောနေကြတာ။ နာလိုခံခက်နဲ့နားထောင်ခဲ့ ရတာပေါ့။ အခုလိုမျိုးဒီလိုမျိုး တွေဖြစ်တယ်ဆိုတော့ ခုလို ချေမှုန်းနိုင်တယ်၊ သိမ်းပိုက်နိုင်တယ်။ Production လျော့သွား ရင် အဆင်ပြေမှာပေါ့။ လူသားအရေးဆိုတော့ ကမ္ဘာ့ကြီးရဲ့အရေးပေါ့။ မြန်မာ့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့အပါအဝင် ကျွန်တော်တို့တွေ အကုန်လုံးက ကမ္ဘာကို ကယ်တင်ဖို့ လုပ်နေတာပေါ့၊ We are trying to save the world ပေါ့၊ ကမ္ဘာကို ကယ်တင်ဖို့ လုပ်နေတာ။ ဒီ Chemical တွေအားလုံးတော်တော်များများက မြန်မာနိုင်ငံကထုတ်လုပ်တာ တစ်ခုမှမရှိပါဘူး။ သက်ဆိုင်ရာကတော့ ခုနကျွန်တော်ပြောခဲ့တဲ့ ထိန်းချုပ်ထားတဲ့အရာ တွေကို သေချာစစ်ဖို့လို မယ်။ Coltrol မလုပ်ထားတဲ့အရာတွေ လည်းရှိတယ်။ ထိန်းချုပ် ရတာ နည်းနည်းခက်တယ်။ အများစုက ဒါတွေအကုန်လုံး နယ်စပ်ဒေသကနေ သောင်းကျန်းသူကိစ္စတွေဖြစ်ပေါ် လာတဲ့အခါ ၊ နယ်မြေစိုးမိုးမှု လျော့သွားတဲ့အခါ လွတ်လွတ် လပ်လပ်သယ်ဆောင်ပြီး လုပ်နိုင်တဲ့ အနေအထားကိုရောက်သွားတာပေါ့။



















