ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ
( အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ် ၁ / ၂၀၂၆ )
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက်
(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်)
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဆ) ၏ နောက်တွင် ပုဒ်မခွဲ (ဇ)၊ (ဈ)၊ (ည)၊ (ဋ) နှင့် (ဌ) တို့အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“(ဇ) တင်သွင်းလွှာဆိုသည်မှာ ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ စိစစ်ခြင်း သဘောထား ရယူရန်ကိစ္စများနှင့်စပ်လျဉ်း၍ ဥပဒေအရ သတ်မှတ်ထားသည့် ပုဂ္ဂိုလ် နှင့် အဖွဲ့အစည်းတို့က ခုံရုံးသို့ တင်သွင်းသည့် တင်သွင်းလွှာကို ဆိုသည်။
(ဈ) အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဆိုသည်မှာ ဤဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) အလို့ငှာ အဓိပ္ပာယ်ဖွင့်ဆိုပေးရန် တင်သွင်းလာသော တင်သွင်းလွှာများအတွက် ခုံရုံး၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဆိုသည်။
(ည) သဘောထား ဆိုသည်မှာ ဤဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ) နှင့် (ဂ)တို့ အလို့ငှာ စိစစ်ပေးရန် တင်သွင်းလာသော တင်သွင်းလွှာများအတွက် ခုံရုံး၏ စိစစ်ပြန်ကြား သော သဘောထားကို ဆိုသည်။
(ဋ) ဆုံးဖြတ်ခြင်း ဆိုသည်မှာ ဤဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဃ)၊ (င)၊ (စ) နှင့် (ဆ)တို့ အလို့ငှာ ဆုံးဖြတ်ပေးရန် တင်သွင်းလာသော တင်သွင်းလွှာများအတွက် ခုံရုံး၏ ဆုံးဖြတ်ချက်ကိုဆိုသည်။
(ဌ) အီလက်ထရောနစ်ဆက်သွယ်ရေးနည်းလမ်း ဆိုသည်မှာ စာရွက်စာတမ်း၊ ရုပ်ပုံ၊ အသံ သို့မဟုတ် ရုပ်ပုံနှင့် အသံတို့ကို အပြန်အလှန် ပေးပို့ဆက်သွယ်နိုင်သည့် ဖက်စ် (Fax)၊ အီးမေးလ် (E-mail)၊ ဝက်ဘ်ဆိုက် (Website) တို့အနက် တစ်နည်း နည်းဖြင့် ဆက်သွယ်ဆောင်ရွက်သည့် သို့မဟုတ် ဗီဒီယိုကွန်ဖရင့်စနစ် (Video Conferencing) သို့မဟုတ် တိုက်ရိုက် ရုပ်မြင်သံကြားဆက်သွယ်မှု (Live Television Link) သို့မဟုတ် အခြားအီလက်ထရောနစ် နည်းပညာဖြင့် ဆက်သွယ် ဆောင်ရွက်သည့် နည်းလမ်းတစ်ခုခုကို ဆိုသည်။”
၃။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄)၊ ပုဒ်မခွဲငယ်စိတ် (ဂဂ) ၏နောက်တွင် ပုဒ်မခွဲငယ်စိတ် (ဃဃ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက် ရမည်-
“သို့မဟုတ်
(ဃဃ) ထင်ပေါ်ကျော်ကြားသည့်ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ။”
၄။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (ခ) ကို ပယ်ဖျက်ရ မည်။
၅။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၆ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၆။ နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦးနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ရွေးချယ် ထားသည့် အဖွဲ့ဝင် သုံးဦး စုစုပေါင်း ကိုးဦး၏ အမည်စာရင်းကို လည်းကောင်း၊ ယင်းတို့ အနက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏ အမည်ကိုလည်းကောင်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်။”
၆။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဈ) ကို ပယ်ဖျက် ရမည်။
၇။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၂၀ ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၂၀။ (က) တင်သွင်းလွှာနှင့်စပ်လျဉ်း၍ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်အားလုံးက ကြားနာ ဆုံးဖြတ်ရမည်။ တာဝန်တစ်ရပ်ရပ်အရ ဖြစ်စေ၊ အခြားအကြောင်း တစ်ခုခု ကြောင့်ဖြစ်စေ အဖွဲ့ဝင်အားလုံးဖြင့် ဖွဲ့စည်းရုံးထိုင်နိုင်ခြင်း မရှိပါက ဥက္ကဋ္ဌ အပါအဝင် အနည်းဆုံး ခုနစ်ဦးဖြင့် ဖွဲ့စည်းကြားနာဆုံးဖြတ်နိုင်သည်။
(ခ) အဓိပ္ပာယ်ဖွင့်ဆိုချက် သို့မဟုတ် စိစစ်ခြင်း ကိစ္စရပ်များတွင် ခုံရုံး၏ သဘောထား ရယူရန် တင်သွင်းလာသည့်အခါ ပြန်လည်ရှင်းလင်းရမည့် ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့အစည်းနှင့် တင်သွင်းလွှာနှင့်အကျိုးသက်ဆိုင်သော ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့ အစည်းမရှိလျှင် ပုဒ်မ ၂၀၊ ပုဒ်မခွဲ (က) ပါ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ တရားစီရင်ရေးဆိုင်ရာ ဆွေးနွေးခြင်းဖြင့် အဓိပ္ပာယ်ဖွင့်ဆိုချက် သို့မဟုတ် သဘောထားကို ပြန်ကြားနိုင်သည်။”
၈။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၂၁ တွင် ပယ်ဖျက်ထားသော ပုဒ်မခွဲ (စ) ကို အောက်ပါအတိုင်း ပြန်လည်ဖြည့်စွက်ရမည်-
“(စ) ခုံရုံးသည် ဤဥပဒေပါ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် တရားမကျင့်ထုံး ဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ သက်သေခံအက်ဥပဒေပါ ပြဋ္ဌာန်းချက်များမှ စပ်ဆိုင်သည့် ပြဋ္ဌာန်းချက်များကို ကျင့်သုံးဆောင်ရွက်နိုင်သည်။”
၉။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ဇ) ၏ နောက်တွင် ပုဒ်မခွဲ (ဈ) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“(ဈ) ခုံရုံးသည် တင်သွင်းလွှာကို ဆောင်ရွက်နေသည့်အမှု၏ မည်သည့်အဆင့်၌မဆို လိုအပ်ပါက အီလက်ထရောနစ် ဆက်သွယ်ရေး နည်းလမ်းတစ်ခုခုဖြင့် ဆက်သွယ် အသုံးပြု ဆောင်ရွက်နိုင်သည်။”
၁၀။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (က)၊ (ဂ) နှင့် (ဃ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၂၂။ ခုံရုံးသည် -
(က) တင်သွင်းလွှာကို ပုဒ်မ ၂၀၊ ပုဒ်မခွဲ (က) အရ ကြားနာပြီးနောက် ဖြစ်စေ၊ ပုဒ်မ ၂၀၊ ပုဒ်မခွဲ (ခ) နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များတွင် တရားစီရင်ရေး ဆိုင်ရာ ဆွေးနွေးပြီးနောက်ဖြစ်စေ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားကို ဆောလျင်စွာ ချမှတ်နိုင်ရန် နှင့် ပြန်ကြားနိုင်ရန် စီစဉ် ဆောင်ရွက်ရမည်။
(ဂ) ပုဒ်မ ၂၀၊ ပုဒ်မခွဲ (က) အရ ကြားနာသည့် ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားကို ဥက္ကဋ္ဌအပါအဝင် ကြားနာသည့် ခုံရုံးအဖွဲ့ဝင် ထက်ဝက်ကျော်၏ သဘောတူညီချက်ဖြင့် ချမှတ်ရမည်။
(ဃ) ပုဒ်မ ၂၀၊ ပုဒ်မခွဲ (ခ) နှင့်စပ်လျဉ်းသည့် ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ သဘောထားကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်ထက်ဝက်ကျော်၏ သဘောတူညီ ချက်ဖြင့် ပြန်ကြားရမည်။”
၁၁။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ အခန်း (၆) ၏ ခေါင်းစဉ်ကို အောက်ပါ အတိုင်း အစားထိုးရမည်-
“ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားတို့၏ အကျိုးသက်ရောက်မှု”
၁၂။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၂၃ နှင့် ပုဒ်မ ၂၄ တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၂၃။ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဆ) အရ တရားရုံးတစ်ရုံးက တင်သွင်းသော အကြောင်းကိစ္စ နှင့်စပ်လျဉ်း၍ ချမှတ်သော ခုံရုံး၏ ဆုံးဖြတ်ချက်သည် တူညီသော ဥပဒေဆိုင်ရာ အငြင်းပွားမှုအားလုံးနှင့်သက်ဆိုင်စေရမည်။
၂၄။ ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားအသီးသီးသည် အပြီးအပြတ်အတည်ဖြစ်စေရမည့်အပြင် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ် များသို့လည်းကောင်း၊ သက်ဆိုင်ရာ နေရာဒေသ အသီးသီးသို့လည်းကောင်း အာဏာ သက်ရောက်စေရမည်။”
၁၃။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၃၇ နှင့် ပုဒ်မ ၃၇-က တို့ကို ပယ်ဖျက်ရမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ယာယီသမ္မတ




