နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၄၁ ဦးနှင့် အမျိုးသမီး ၈ ဦး၊ ပေါင်း ၁၄၉ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်
နေပြည်တော်၊ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး လျက်ရှိသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စဉ့်ကူး မြို့နယ်၊ သပိတ်ကျင်းမြို့နယ်များအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းဆက်သွယ်ရေးလမ်းကြောင်း၊ သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းများအား အပြည့်အဝပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေး နိုင်ခဲ့မှုအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံ လျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဝင်များ အနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ အကြမ်းဖက်လုပ်ရပ် ဆောင်ရွက်ခဲ့မှုများအပေါ် စိတ်ပျက်နောင်တရမှုများနှင့်အတူ ၎င်းတို့ အဖွဲ့အတွင်း အနိုင်ကျင့်ဗိုလ်ကျမှုများကို လက်ခံနိုင်ခြင်းမရှိတော့ဘဲ ဥပဒေဘောင် အတွင်းသို့ အသီးသီးပြန်လည်ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၄၁ ဦးနှင့် အမျိုးသမီး ၈ ဦး၊ ပေါင်း ၁၄၉ ဦး တို့ကို တာဝန်ရှိသူများက သက်ဆိုင်ရာ နယ်မြေများအလိုက် အသီးသီးကြိုဆိုလက်ခံခဲ့ကြသည်။
အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင် များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်း များအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံ အဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက် အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူး လွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်၍ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြို့နယ်မှ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၃)ဦး၊ မဟာအောင်မြေ မြို့နယ်မှ အမျိုးသား(၁၄)ဦး၊ ချမ်းမြသာစည်မြို့နယ်မှ အမျိုးသား(၁)ဦး၊ အမရပူရမြို့နယ်မှ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၁)ဦး၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသား(၃)ဦး၊ သပိတ်ကျင်း မြို့နယ်မှ အမျိုးသား(၆၉)ဦး၊ မိုးကုတ်မြို့နယ်မှ အမျိုးသား(၈)ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား(၆)ဦး၊ စဉ့်ကိုင်မြို့နယ်မှ အမျိုးသား(၉)ဦး၊ နွားထိုးကြီးမြို့နယ်မှ အမျိုးသား (၁)ဦး၊ ညောင်ဦးမြို့နယ်မှ အမျိုးသား(၃)ဦး၊ မြင်းခြံမြို့နယ်မှ အမျိုးသား(၅)ဦး၊ မတ္တရာ မြို့နယ်မှ အမျိုးသား(၅)ဦး၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်မှ အမျိုးသား(၁)ဦး၊ ငဖဲမြို့နယ်မှ အမျိုးသား(၁)ဦး၊ ပွင့်ဖြူမြို့နယ်မှ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦး၊ အောင်လံမြို့နယ်မှ အမျိုးသား(၃)ဦး၊ မင်းတုန်းမြို့နယ်မှ အမျိုးသား(၂)ဦး၊ စလင်းမြို့နယ်မှ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၃)ဦး၊ စုစုပေါင်း (၁၄၉)ဦး တို့အား တာဝန်ရှိသူများက စနစ်တကျ အသီးသီးကြိုဆိုလက်ခံခဲ့ကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများ ထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာ သူများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေပုဒ်မများနှင့်ပက်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများအား မောင်းပြန်ရိုင်ဖယ် ၁ လက်နှုန်းအတွက် ဆုကြေးငွေ ကျပ် သိန်း ၅၀ နှုန်းဖြင့် ၁၀ လက်အတွက် ငွေကျပ် သိန်း ၅၀၀ ၊ ပစ္စတိုသေနတ် ၁ လက်နှုန်း အတွက် ဆုကြေးငွေကျပ် သိန်း ၂၀ နှုန်းဖြင့် ၃ လက်အတွက် ဆုကြေးငွေ ကျပ်သိန်း ၆၀ ၊ လက်လုပ်သေနတ် တစ်လက်နှုန်းအတွက် ဆုကြေးငွေ ၅ သိန်း၊ လက်ပစ်ဗုံးတစ်လုံးစီအတွက် ဆုကြေးငွေကျပ် ၃ သိန်း နှုန်းဖြင့် လက်ပစ်ဗုံး ၁၁ လုံးအတွက် ငွေကျပ် ၃၃ သိန်း၊ စကားပြောစက် ၁ လုံးအတွက် ဆုကြေးငွေ ၂ သိန်းနှင့် တိုင်းဒေသကြီးအစိုးရမှ လက်နက်မပါရှိဘဲ အလင်းဝင်ရောက်လာသူများအတွက် တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် ၁၃၅ ဦးအတွက် ဆုကြေးငွေကျပ် ၁၃၅ သိန်း၊ စုစုပေါင်းငွေကျပ် ၇၃၅ သိန်းကျပ်အား ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် မောင်းပြန်ရိုင်ဖယ် ၁၀ လက်၊ ပစ္စတို ၃ လက်၊ လက်လုပ် သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁၁ လုံး၊ စကားပြောစက် ၁ လုံး၊ ကျည်အိမ် ၁၆ ခု၊ ကျည် ၁၂၆၇ တောင့် တို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် တိုင်းမှူးက ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများအား အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ကာ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူ များထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက်ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ၏ ရင်တွင်းစကားသံ များကိုလည်း ယခုကဲ့သို့ကြားသိရပါသည်-
အလင်းဝင်(၁)
ကျွန်တော်သည် အကြမ်းဖက်အဖွဲ့အစည်းအထဲ ဝင်ရောက်သွားတဲ့ပုံစံကတော့ ကျွန်တော့်အိမ်၊ မိသားစုနဲ့ အဆင်မပြေဖြစ်နေတဲ့အချိန် အပြင်ထွက်ပြီးသူငယ်ချင်းအိမ် သွားနေပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေအကုန်လုံးက ဒီအကြမ်းဖက်အဖွဲ့အစည်းအထဲ ဝင်သွားကြတာပါ။ ကျွန်တော်တစ်ယောက်ထဲကျန်ခဲ့တဲ့အချိန်မှာ ကျွန်တော်လည်းသူတို့ နောက်ကိုလိုက်ပြီးဝင်သွားပါတယ်။ အဲဒီမှာ ကျွန်တော်တို့ R-2 လို့ခေါ်တဲ့ လူသစ်စုဆောင်း ရေးဌာနကို ကျွန်တော်တို့ကိုပို့ပါတယ်။ အဲဒီလူသစ်စုဆောင်းရေးဌာနမှာ ကျွန်တော်တို့ တစ်လလောက်နေခဲ့ရပါတယ်။ တစ်လလောက်နေပြီးတဲ့အချိန်မှာ ကျွန်တော်တို့ ပန်းအိုးကြီး ပန်းအိုးလေးနားက သင်တန်းကွင်းကိုတစ်ခါထပ်ပို့ပါတယ်။ သူတို့ကတော့ စိတ်ဓာတ်စစ်ဆင် ရေးဘာညာပြောတာပေါ့။ ဒါပေမယ့်အဲဒီသင်တန်းကွင်းမှာတင် အဲဒီလိုကြမ်းတမ်းပြီး သေတဲ့ သူလဲသေသွားကြပါတယ်။ ထမင်းကြတော့ မဝရေစာပဲကျွေးပါတယ်။ စားရတော့ ကန်စွန်း ရွက်ရေလုံပြုတ်၊ ခရမ်းသီးရေလုံပြုတ်တို့ပဲစားရတာများပါတယ်။ သင်တန်းဆရာတွေက လည်း မိန်းခလေးတွေဆိုရင် သားပြော မယားပြောပြောတာတွေရှိပါတယ်။ ကျွန်တော်သင် တန်းကာလပြီးသွားတဲ့အခါမှာ လုံခြုံရေးဌာနကိုရောက်သွားပါတယ်။ စဉ့်ကူးမြို့လို့ခေါ်တဲ့ စဉ့်ကူးမြို့မှာဂိတ်စောင့်ရပါတယ်။ ပြည်သူတွေရွှေလုပ်လာလို့ ပြည်သူတွေဆီကအခွန် ကောက်ရတာပေါ့။ ဆိုင်ကယ်တွေဖြတ်သွားလို့ရှိရင်လည်း အခွန်ကောက်ရတယ်ပေါ့။ ကျွန်တော်တို့အောက်က ရဲဘော်တွေအဲလိုလုပ်ရပါတယ်။ ဒါပေမယ့် အထက်ကအရာရှိပိုင်း တွေကတော့ စဉ့်ကူးမြို့နယ်ထဲက ရွှေတွင်းတွေမှာ သူကလိုက်ပြီးအခွန်ကောက်တယ်။ ဆက်ကြေးကောက်တယ်။ ပြီးရင် သူတို့ကိုယ်ကျိုးတွေအတွက်ပဲအသုံးပြုသွားကြပါတယ်။ ရပ်ရွာထဲကပြည်သူတွေက မင်းတို့လိုအကြမ်းဖက်အဖွဲ့အစည်းတွေကို ရေတောင်မတိုက်ချင် တော့ဘူးလို့ပြောပါတယ်။ မင်းတို့ကို ငါတို့ကမသဒ္ဒါတော့ဘူးပေါ့။ အဲဒီလိုစကားတွေကြားရ တော့ ကျွန်တော်တို့ရွေးချယ်ခဲ့တဲ့လမ်းက တော်တော်မှားနေပြီလို့ ကျွန်တော်သိခဲ့ရပါတယ်။ နောင်တလည်းတော်တော်ရပါတယ်။ ပြည်သူတွေလည်းအားနာမိတယ်။ အဲဒါနဲ့ ကျွန်တော် အလင်းဝင်ဖို့ကြိုးစားခဲ့ပါတယ်။ ကျွန်တော့်အစ်ကိုဆီ ကျွန်တော်ဆက်သွယ်ခဲ့ပါတယ်။ အဲဒီမှာ အစ်ကိုက ငါ့ညီဘာမှမဖြစ်ဘူး အာမခံတယ်။ အစ်ကိုကြီးကိုယ်တိုင်လိုက်ပို့ပေးမယ် ဆိုပြီး ကျွန်တော်သူ့ဆီသွားလိုက်ပါတယ်။ အဲဒီမှာသူက တပ်မတော်ကဗိုလ်ကြီးတွေဆီလိုက် ပြီးပို့ပေးပါတယ်။ သင်တန်းကွင်းမှာ တန်းစီတိုင်းမှိုင်းတိုက်ခံရတာကြတော့ မင်းတို့ဟိုဘက် ကိုအလင်းဝင်သွားရင်တော့ ဟိုဘက်ကမင်းတို့ကို ညှင်းပန်းနှိပ်စက်ပြီး သတ်မှာပဲ။ မင်းတို့ မိသားစုတွေလည်းဒုက္ခရောက်မှာ။ အဲဒီလိုမျိုးတွေမှိုင်းတိုက်ထားပါတယ်။ ကျွန်တော်တို့က လည်းအရဲစွန့်ပြီးလာရတာပါ။ တကယ့်တကယ်ကျတော့ တပ်မတော်ကညီအစ်ကိုတွေ ကျွန်တော်တို့ကိုကြိုဆိုကြတာ သူတို့ပြောတာနဲ့တခြားဆီပဲ။ အဲဒီလိုပဲ ကျန်ခဲ့တဲ့ညီအစ်ကို မောင်နှမတွေလည်း အမြန်ဆုံးအလင်းလာဝင်စေချင်ပါတယ်။ ဒီအကြမ်းဖက်အဖွဲ့အစည်းရှိ နေလို့ ကျွန်တော်တို့နိုင်ငံကြီးဟာလည်း တိုးတက်ဖွံ့ဖြိုးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အ နာဂတ်စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ဒီအကြမ်းဖက်အဖွဲ့ အစည်းတွေမရှိဖို့လိုပါတယ်။ ဒါကြောင့် ဒီအကြမ်းဖက်အဖွဲ့အစည်းထဲ ရောက်နေတဲ့ ညီအစ်ကိုတွေကိုလည်း အမြန်ဆုံးအလင်းလာဝင်ပြီးတော့ အမြင်မှန်ရပြီးဝင်စေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း နောက်နောင် ဒီအကြမ်းဖက်အဖွဲ့အစည်းထဲမှာဘယ်တော့မှ မပတ်သက်တော့ပါဘူးလို့ ပြည်သူတွေရှေ့မှာ ကတိသစ္စာပြုအပ်ပါတယ်။
အလင်းဝင်(၂)
ကျွန်တော့်သူငယ်ချင်းအရင်းက ကျွန်တော့်ကို သူငယ်ချင်းမင်းအလုပ်လုပ်မှာလား၊ အလုပ်လုပ်ချင်လို့ရှိရင် အလုပ်ခေါ်မယ်။ ပိုက်ဆံလည်းအေးအေးဆေးဆေးလေးနဲ့ရမှာပါ။ အလုပ်ကလည်း သက်သာတယ်။ မင်းတို့ ကွန်ပျူတာလေးပဲ ထိုင်နှိပ်ရုံပဲလို့ပြောပြီးတော့မှ ကျွန်တော့်ကိုခေါ်သွားခဲ့တယ်။ အဲဒီလိုမက်လုံးတွေပေးပြီးတော့ အဲဒါနဲ့ကျွန်တော် လက်ပံလှ လူသစ်စုဆောင်းရေးကိုရောက်တယ်။ လက်ပံလှလူသစ်စုဆောင်းရေးမှာ တစ်ရက်နေခဲ့ရ တယ်။ အဲဒီမှာတစ်ရက်နေခဲ့ပြီးတော့ ကျွန်တော်တို့ R-2 ဆိုတဲ့ လူသစ်စုဆောင်းရေးကိုထပ် ရောက်တယ်။ အဲဒီမှာတော့ တစ်လခွဲလောက်နေခဲ့ရတယ်။ တစ်လခွဲလောက်နေပြီးတော့ ကျွန်တော်တို့ အဲဒီမိုးကုတ်ဆိုတဲ့ သင်တန်းကွင်းကိုရောက်ပါတယ်။ မိုးကုတ်ဆိုတဲ့သင်တန်း ကွင်းမှာ ပလောင်ဆရာတွေက သူတို့ရဲ့လူမျိုးရေးခွဲခြားဆက်ဆံမှုတွေရယ်၊ ဖိနှိပ်ဆက်ဆံမှု တွေရယ် အများကြီးပေါ့ဗျာ။ အဲဒီဒဏ်တွေကို ကျွန်တော်တို့ ခါးခါးသီးသီးခံခဲ့ရပါတယ်။ ကျွန်တော်တို့ ထမင်းစားရတဲ့အခါမှာလည်း ထမင်းကိုကောင်းကောင်းမွန်မွန်မစားရဘူး။ ထမင်းကို ဘူးသီးရေလုံပြုတ်၊ ခရမ်းသီးရေးလုံပြုတ် အဲလိုတွေကျွေးပါတယ်။ ထောက်ပို့ကို တစ်ပတ်လောက်လုပ်ပြီးတော့ ကျွန်တော်တို့ရှေ့တန်းကို သေနတ်ပေးပြီးတော့မှ ရှေ့တန်းကို လွှတ်ပါတယ်။ လွှတ်ပြီးတော့ ကျွန်တော်တို့ တပ်မတော်စစ်ကြောင်းနဲ့တွေ့ပါတယ်။ တပ်မတော်က စစ်ကြောင်းနဲ့တွေ့တော့ ကျွန်တော်တို့ ခွေးပြေး၊ ဝက်ပြေး ပြေးခဲ့ရပါတယ်။ လက်နက်တွေချပြီးတော့ ပြေးခဲ့ရတာတွေလည်းရှိပါတယ်။ ကျွန်တော်တို့ အသက်ဘေးက နေလုပြီးတော့ ပြေးခဲ့ရတာတွေလည်းရှိပါတယ်။ ပြည်သူတွေကို သူတို့တွေ အနိုင်ကျင့် နှိပ်စက်တာတွေကို ကျွန်တော်မကြိုက်လို့ ကျွန်တော့်ကို ကျွန်တော် ရုန်းထွက်ဖို့ကြိုးစားခဲပါ တယ်။ မြန်မာ့တပ်မတော်က ကောင်းကောင်းမွန်မွန်နွေးနွေးထွေးထွေးကြိုဆိုနေတဲ့အချိန်မှာ လာပြီးတော့ အလင်းဝင်ကြပါ။ အကြမ်းဖက်အဖွဲ့အစည်းကို အားပေးအားမြှောက်မပြုဖို့ လည်း ကျွန်တော့အနေနဲ့ပြောချင်ပါတယ်။ ကျွန်တော်ဆိုရင်လည်း နောင်တတွေအများကြီး ရခဲ့ပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့ ဒီအကြမ်းဖက်အဖွဲ့အစည်းနဲ့ ကျွန်တော်ပေါင်းပြီးတော့ ကျွန်တော်တို့ပြည်သူတွေကို ဖိနှိပ်ဆက်ဆံတာတွေ၊ ရိုက်နှက်တာတွေ လုပ်ခဲ့တာတွေလည်း ရှိပါတယ်။ အဲဒါတွေအကုန်လုံးအတွက် ပြည်သူတွေကို ကျွန်တော်စိတ်ရင်းနဲ့ ကျွန်တော့်ကို ခွင့်လွှတ်ကြပါလို့ တောင်းပန်ချင်ပါတယ်ခင်ဗျ။



