နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၈)သင်တန်း ဆင်းပွဲများ ကျင်းပပြုလုပ် နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၂၃

Friday, January 23, 2026 - 07:45

  နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၈)သင်တန်း ဆင်းပွဲများ ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၂၃

                နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး သုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရန် အတွက် နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ် များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

                ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၈)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံ သင်တန်း ကျောင်းအသီးသီး၌ ကျင်းပပြုလုပ်ကြသည်။ အဆိုပါ သင်တန်းဆင်းပွဲများကို   သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်းဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။

                ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆု များဖြစ်သည့် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင်အကောင်းဆုံးဆု ရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

                သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော နေပြည်တော်ကောင်စီဉက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၈)မှ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကား ပြောကြားကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။

                အဆိုပါ  ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၈)မှ သင်တန်းသားများကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် စသည့် ဘာသာရပ်များနှင့် အထွေထွေဘာသာရပ်များကို  အဆင့်ဆင့် လေ့ကျင့်သင်ကြားပေး ခဲ့ကြကြောင်း  သိရှိရသည်။

                ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ပုဒ်မ-၃၈၅ တွင် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ် စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ-၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန် နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်း ထားသည်။ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့် အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့ တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်း ဆောင်ရန်ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေ ကြပြီဖြစ်သည်။

                ယနေ့တွင် သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း   နိုင်ငံ့သားကောင်း စစ်သည်များသည်လည်း အဖွဲ့အစည်းဖြင့် စည်းစနစ်ကျစွာလုပ်ကိုင် ဆောင်ရွက်တတ် သည့် အလေ့အကျင့်များ(TeamWork)ရရှိခဲ့ပြီး နိုင်ငံချစ်စိတ်(Nationalism)၊ မျိုးချစ်စိတ်(Patriotism)၊ အဖွဲ့အစည်းစိတ်(Team Sprit)၊ ရဲဘော်ရဲဘက်စိတ်(esprit de corps) အပြည့်ဖြင့် တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးသို့ သွားရောက်၍ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို  ဂုဏ်ယူစွာ ထမ်းဆောင်ကြတော့ မည်ဖြစ်သည်။

                ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၈)တွင် တက်‌ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက် တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ သင်တန်း ဆင်း နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရ ပါတယ် ----

                ထို့နောက် ညပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၈)မှ နိုင်ငံ့သားကောင်းစစ်သည်များကို သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲများပြုလုပ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၈) သင်တန်းဆင်း အင်တာဗျူး

၁။      ရရှိခဲ့တဲ့ဆုကတော့ စစ်ရေးပြအကောင်းဆုံးပါ။ တော်တော်လေး သင်ကြားခဲ့ရပါတယ်။ တော်တော်လည်း ခက်ခဲပါတယ်။ စစ်ရေးပြဆု ဆိုတာကလည်း လွယ်တော့မလွယ်ပါဘူး။ တော်တော်လေးလည်း ကြိုးစားခဲ့ရပါတယ်။ အများကြီးကြားထဲကမှ တစ်ယောက်တည်း ထူးထူးချွန်ချွန် ရခဲ့တာဖြစ်ပါတယ်။ ကျွန်တော် တပ်မတော်ကို ဝင်လာတဲ့ ရည်ရွယ်ချက်ရှိပါတယ်။ ကျွန်တော့်အဖေကလည်း စစ်မှုထမ်းပါ။ ကျွန်တော့်အကိုလည်း စစ်မှုထမ်းပါပဲ။ ဒီနိုင်ငံကို ဖျက်ဆီးနေတဲ့ ဒီသောင်းကျန်းသူလက်နက်ကိုင်တွေကို ချေမှုန်းချင်တဲ့ စိတ်လည်းပါပါတယ်။ အဲ့ဒီရည်ရွယ်ချက်ကြောင့် ဝင်လာတာပါ။ ကျွန်တော်တို့ စစ်သားဘဝက ဘယ်နေရာ ရောက်ရောက် တာဝန်ထမ်းဆောင်ရမှာပဲ ဖြစ်ပါတယ်။ ရောက်တဲ့နေရာမှာလည်း ကိုယ့်တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်မှာပါ။

၂။       ကျွန်တော် ရရှိခဲ့တဲ့ ဆုအမျိုးအစားကတော့ ကျင့်ဝတ်(၆၀) ဆု ဖြစ်ပါတယ်။ ကျွန်တော် ကျင့်ဝတ်(၆၀) တစ်စောင်လုံးကို အလွတ်ကျက်ခဲ့ပါတယ်။ တပ်မတော်ကခေါ်ဆောင်တဲ့ ပြည်သူ့စစ်မှုထမ်းကာလမှာ အရပ်သားတွေမသိတဲ့ စစ်ပညာတွေကို ကျွန်တော်တို့ လေ့လာခွင့် ရရှိခဲ့ပါတယ်။ အဲ့အတွက်လည်း တပ်မတော်ကြီးကို အထူးကျေးဇူးတင်ရှိပါတယ်။ စစ်မှုထမ်း သက်တမ်းပြည့်တဲ့အထိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ပါ့မယ်လို့ သန္နိဌာန်ချထားပါတယ်။ တပ်မတော်ဆိုတာ ပြည်သူလူထုကို ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့ အစည်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ဟာ မိမိရောက်ရှိတဲ့ တပ်ရင်းတွေမှာ၊ မိမိရောက်တဲ့ဒေသ၊ မိမိရောက်ရှိတဲ့ စစ်တိုင်းဌာနချုပ်တွေမှာ ပြည်သူလူထုကို ကာကွယ်ဖို့ တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။