ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဘယ်လာရုစ်ပါတီ ဥက္ကဋ္ဌ Ms. Vohla N. Chamadanova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ နေပြည်တော်  ဇန်နဝါရီ  ၂၃

Friday, January 23, 2026 - 07:30

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဘယ်လာရုစ်ပါတီ ဥက္ကဋ္ဌ Ms. Vohla N. Chamadanova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်  ဇန်နဝါရီ  ၂၃

            ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း သည် ဘယ်လာရုစ် သမ္မတနိုင်ငံ၊ ဘယ်လာရုစ်ပါတီ (Belarusian Party Belaya Rus) ဥက္ကဋ္ဌ Ms. Vohla N. Chamadanova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၂-၁-၂၀၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ Park Royal Hotel ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

          တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) တို့ကို ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာမှုရှိစွာ လွတ်လပ်မျှတစွာကျင်းပနိုင်ခဲ့သည့် အခြေအနေများ၊ နိုင်ငံတကာနှင့် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များကို ဖိတ်ခေါ်၍ စောင့်ကြည့်လေ့လာခွင့်ပြုခဲ့သည့် အခြေအနေ များ၊ ပြည်တွင်း / ပြည်ပသတင်းမီဒီယာများကို ပွင့်လင်းမြင်သာစွာ သတင်းရယူနိုင်ရေး ဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ ကျင်းပပြီးသည့် အပိုင်းလိုက်ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးမှုအခြေအနေများနှင့် မဲပေးရာတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (Myanmar Electronic Voting Machine) အသုံးပြုခဲ့မှုအခြေအနေများ၊ ပြည်တွင်း၊ ပြည်ပ ကြိုတင်ဆန္ဒမဲပေးမှု အခြေအနေများ၊ ပြောင်းလဲကျင့်သုံးသည့် ရွေးကောက်ပွဲစနစ်ဆိုင်ရာ အကြောင်းအရာများ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ် အဆင့်ဆင့်ကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ပြီး ရွေးကောက်ပွဲ အပိုင်း (၃) ကို အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများနှင့် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဘယ်လာရုစ်ပါတီဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့က မြန်မာ နိုင်ငံရွေးကောက်ပွဲသို့ လာရောက်လေ့လာစောင့်ကြည့်ပေးသည့်အတွက် အားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားသည်။

            ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဘယ်လာရုစ်ပါတီ ဥက္ကဋ္ဌ Ms. Vohla N. Chamadanova က မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) ကို လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်အောင် ကျင်းပ နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာ၊ အချက်အလက်များနှင့်စပ်လျဉ်း၍ ပြည့်စုံစွာ ရှင်းလင်း ပြောကြားပေး သည့်အတွက်လည်းကောင်း၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရန် ဖိတ်ကြားပေးသည့် အတွက်လည်းကောင်း ကျေးဇူးတင်ရှိပါ ကြောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံမှ ဗဟိုရွေးကောက်ပွဲ ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် ရွေးကောက်ပွဲ အပိုင်း (၁) တွင် လာရောက်လေ့လာခဲ့ကြပြီး ယခုအခါ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း(၃)သို့ ထပ်မံလာရောက်လေ့လာခွင့်ရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဟနွိုင်းအခြေစိုက် မြန်မာနိုင်ငံ ဆိုင်ရာ ဘယ်လာရုစ်သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Uladzimir BARAVIKOU က ရွေးကောက်ပွဲ အပိုင်း (၁) တွင် စောင့်ကြည့်လေ့လာခဲ့ရာတွင် တွေ့ရှိရသည့်အခြေအနေများ၊ ရွေးကောက်ပွဲကို ဥပဒေနှင့်အညီ စနစ်တကျဖြင့် ပွင့်လင်းမြင် သာမှုရှိစွာ ဆောင်ရွက်ထားမှုများအပေါ် သုံးသပ် တွေ့ရှိချက်ကို ပြောကြားပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။ ယင်းနောက် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

            အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့်အတူ ရန်ကုန်တိုင်း ဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်‌ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။