ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်               ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်ဦးစီးပဓာနနာယက သက်တော်ရှည်မဟာထေရ်မြတ်ကြီးအား ချီးမြှင့်ထားရှိသည့်

Monday, January 19, 2026 - 02:15

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်               ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်ဦးစီးပဓာနနာယက သက်တော်ရှည်မဟာထေရ်မြတ်ကြီးအား ချီးမြှင့်ထားရှိသည့် “စည်သူ”ဘွဲ့ တံဆိပ်တော်များနှင့် အဆောင်အယောင်များကို လက်ရောက်ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇန်နဝါရီ - ၁၉

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် က နိုင်ငံတော်အတွက်ထူးကဲစွာအမှုထမ်းသူ၊ အကျိုးဆောင်သူ များနှင့် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ သည့် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ဆက်ကပ် ချီးမြှင့် အပ်နှင်းခဲ့သည်။

ထိုသို့ ဆက်ကပ်ချီးမြှင့်အပ်နှင်းရာတွင် ပါဝင်ခဲ့သည့် “စည်သူဘွဲ့”တံဆိပ်တော်ရ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ ဘဒ္ဒန္တခေမာစာရ သက်တော်ရှည်မဟာထေရ်မြတ်ကြီးအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ကျိုင်းယင်းကျောင်းတိုက်၊ ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တက် ရောက်၍ ဘွဲ့တံဆိပ်အား ကိုယ်တိုင်လက်ရောက်ဆက်ကပ်လှူဒါန်းသည်။

အဆိုပါအခမ်းအနားသို့ ဆရာတော်ကြီးများအမှူးပြု၍ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ် ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများက ကျိုင်းတုံမြို့၊ နိုင်ငံတော်ဩဝါဒါ စရိယ၊ တူးယားကျောင်းတိုက် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က “စည်သူဘွဲ့”တံဆိပ်တော်ရ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ သက်တော်ရှည် မဟာထေရ်မြတ်ကြီးအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ် လှူဒါန်းခြင်းနှင့်စပ်လျဉ်း၍ ဖတ်ကြားလျှောက်ထားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ က ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ သက်တော်ရှည်မဟာထေရ်မြတ်ကြီးထံ “စည်သူ ဘွဲ့” တံဆိပ်တော်နှင့် အဆောင်အယောင်များ၊ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူတော် ငွေများကို ဆက်ကပ်လှူဒါန်းသည်။ ၎င်းနောက် ဆရာတော်ကြီးက နိုင်ငံတော်ယာယီ သမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံဓမ္မလက်ဆောင် ပြန်လည်ပေးအပ်သည်။

ထို့နောက် ကော်မရှင်အတွင်းရေးမှူးနှင့် တက်ရောက်လာကြသူများက ဆရာ တော်၊ သံဃာတော်များထံသို့ လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းကြ သည်။

ထိုကဲ့သို့ ဘွဲ့တံဆိပ်တော်ဆက်ကပ်ပြီးစီးသည့်အချိန်တွင် ကြွရောက်ချီးမြှင့်တော် မူကြသည့် သံဃာတော်များက မေတ္တာသုတ်အပါအဝင်ပရိတ်တရားတော်ကို ရွတ်ဖတ် ချီးမြှင့်ပူဇော်ကြသည်။

ထို့နောက် “စည်သူဘွဲ့” တံဆိပ်တော်ရ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ သက်တော်ရှည် မဟာထေရ်မြတ်ကြီးက ဝမ်းမြောက်ကြောင်းနှင့်ဆုတောင်းမေတ္တာပို့သလွှာ ဩဝါဒကထာ မိန့်ကြားတော်မူရာတွင် ပုဂံခေတ်မှစ၍ ကုန်းဘောင်ခေတ်အထိ သမိုင်းကြောင်း ကို ပြန်ကြည့်မည်ဆိုပါက ယခုကဲ့သို့ သက်တော်ရှည်ဆရာတော်ကြီးတစ်ပါးကို နိုင်ငံ တော်အစိုးရမှ နိုင်ငံတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းသည်ကို မတွေ့ဖူး၊ မကြားဖူးသဖြင့် မိမိကိုယ်တိုင်နှင့် တိုင်းပြည်အုပ်ချုပ်သည့်အစိုးရအဖွဲ့တို့ အတွက် ထူးခြားမှုတစ်ခုဟု မှတ်တမ်းတင်ရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် လက်ရှိ အချိန်တွင် သက်တော် တစ်ရာ့တစ်နှစ်အတွင်းသို့ ရောက်ရှိပြီဖြစ်ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ “စည်သူဘွဲ့”တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်လှူဒါန်းသည့် အတွက်လည်း အလွန်ဝမ်းသာဂုဏ်ယူကြောင်း၊ နိုင်ငံတော်ယာယီသမ္မတကြီး နှင့်တကွ တိုင်းသူပြည်သားများအားလုံး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် လုပ်ငန်းဆောင် တာများကို အောင်မြင်စွာဆောင်ရွက်နိုင်ပြီး လိုအင်ဆန္ဒများ ပြည့်ဝပြည့်စုံကြပါစေရန် ဆုတောင်းမေတ္တာပို့သပါကြောင်းဖြင့် မိန့်ကြားတော်မူသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အခမ်းအနားတက်ရောက်လာကြသူများသည် ကျိုင်းတုံမြို့၊ သာသနဝေပုလ္လပရိယတ္တိစာသင်တိုက် ပဓာန နာယက၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိဇယ ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။

ထို့နောက် ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်း အနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

အဆိုပါ “စည်သူဘွဲ့”တံဆိပ်တော်ရ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက် ဦးစီး ပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ သက်တော်ရှည်မဟာ ထေရ်မြတ်ကြီးသည် မိုင်းပျဉ်းမြို့၊ ပိန်းဆန်းကျောင်းစာသင်တိုက်၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ယန်းလောစာသင်တိုက်၊ ပါလျှံလုံကျောင်းစာသင်တိုက်များ တည်ထောင်ဖွင့်လှစ်၍ ပြည်နယ်အတွင်းပရိယတ္တိသာသနာတည်တံ့အောင် စွမ်းဆောင် လျက်ရှိခြင်းကြောင့်လည်းကောင်း၊ ဆရာတော်ကြီးသည် ဂုံရှမ်းသံဃာတော်များ၏ အဓိ ပတိဖြစ်ပြီး ဂုံရှမ်းဘာသာဖြင့် နှစ်စဉ်သံဒိဋ္ဌပြက္ခဒိန်တွက်ချက်ရေးဆွဲခြင်းနှင့် မိုင်းခတ်မြို့၊ နှီးဘုရားကြီးပြုပြင်ခြင်းအားဦးဆောင်ပြုပြင်ခြင်းဖြင့် ဘာသာသာသနာအကျိုးတို့ကို ထမ်းဆောင်တော်မူခြင်း၊ ဒေသအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်တော်မူခြင်းတို့ ကြောင့်လည်းကောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတက ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များမှ “စည်သူဘွဲ့”တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်း ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။