မြန်မာနိုင်ငံက တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အား ကန့်ကွက်ရှုတ်ချ

Sunday, January 18, 2026 - 02:30

မြန်မာနိုင်ငံက တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အား ကန့်ကွက်ရှုတ်ချ

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနသည် တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာ က ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) အား ၁၄-၁-၂၀၂၆ ရက်တွင် လက်ခံတွေ့ဆုံ၍ ဒေသတွင်းတရားမျှတမှုနှင့် တာဝန်ခံမှုရှိရေး ဆွေးနွေးခဲ့သည့်သတင်းအား တီမောလက်စ်တေသမ္မတရုံး၏ website တွင် တရားဝင်ထုတ်ပြန်ထားခြင်းကို စိတ်မကောင်းဖွယ်တွေ့ရှိခဲ့သည်။

တီမောလက်စ်တေအနေဖြင့် ဒီလီမြို့တွင် ၁-၇-၂၀၂၃ ရက်၌ ကျင်းပခဲ့သော အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားသို့ မြန်မာအစိုးရက မတရားအသင်း ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်း “NUG” မှ ဇင်မာအောင်နှင့်အဖွဲ့အား ဖိတ်ကြားခဲ့ပြီး သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာ က လက်ခံတွေ့ဆုံခဲ့သည်။

          အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ တည်ဆဲအစိုးရအပေါ် ဆန့်ကျင်နေသည့် အကြမ်းဖက်အဖွဲ့အစည်းအား ဤကဲ့သို့ ထိတွေ့ဆက်ဆံမှုပြုခြင်းသည် နိုင်ငံတကာ ကျင့်ဝတ် ဖောက်ဖျက်ခြင်းဖြစ်၍ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံအား ၅-၇-၂၀၂၃ ရက်တွင် ဆင့်ခေါ်ကာ ကန့်ကွက်ခဲ့သည်။ ထို့နောက် သံရုံးယာယီတာဝန်ခံကိုလည်း ၁-၉-၂၀၂၃ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံမှ ထွက်ခွာရန် နှင်ထုတ်ခဲ့သည်။ ထို့အပြင် တီမောလက်စ်တေ နိုင်ငံ၏ အာဆီယံအဖွဲ့ဝင် လျှောက်ထားမှုကိုလည်း အာဆီယံပဋိညာဉ်ပါ အခြေခံမူများကို လိုက်နာခြင်းမရှိ၍ ကန့်ကွက်ကြောင်း အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများအားလုံးထံ စာရေးသား ပေးပို့အကြောင်းကြားခဲ့သည်။

          အထက်ဖော်ပြပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ တီမောလက်စ်တေ နိုင်ငံခြားရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးက ၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပစဉ်ကာလအတွင်း ၈-၇-၂၀၂၅ ရက်၌ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ် ဦးကျော်ညွန့်ဦးထံ တွေ့ဆုံခွင့်တောင်းခံ၍ တွေ့ဆုံခဲ့စဉ်တွင်လည်းကောင်း၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ၁၀-၇-၂၀၂၅ ရက်တွင် စာပေးပို့၍လည်းကောင်း၊ ၁၈-၉-၂၀၂၅ ရက်တွင် တီမောလက်စ်တေနိုင်ငံခြားရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံစဉ်တွင်လည်းကောင်း တီမောလက်စ်တေနိုင်ငံသည် အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုပါကြောင်းနှင့် အာဆီယံပဋိညာဉ်ပါ အခြေခံမူများကို အပြည့်အဝ လေးစားလိုက်နာမည်ဖြစ်ပါကြောင်း အကြိမ်ကြိမ်ကတိကဝတ် ပြုခဲ့သည့်အတွက် တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် လျှောက်ထားမှုကို မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ကန့်ကွက်ခြင်းမပြုတော့ဘဲ အာဆီယံတူညီဆန္ဒဖြင့် လိုက်ပါ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို ၉-၁၀-၂၀၂၅ ရက်တွင် ထိုစဉ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှား နိုင်ငံခြားရေးဝန်ကြီးထံသို့ အသိပေးခဲ့သည်။

          တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်ပါ အခြေခံမူများနှင့်အညီ အခြား နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့် အပြုအမူများ ဆောင်ရွက်မည် မဟုတ်ကြောင်း အကြိမ်ကြိမ်ကတိပြုခဲ့သော်လည်း မြန်မာနိုင်ငံ၏ တည်ဆဲအစိုးရကို တီမော လက်စ်တေ၏ Public Prosecutor’s Office တွင် တရားစွဲဆိုတိုင်ကြားမည့် ချင်းလူ့အခွင့်အရေး အဖွဲ့အား တီမောလက်စ်တေသမ္မတက လက်ခံတွေ့ဆုံ၍ အားပေးအားမြှောက်ပြုခြင်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းပင် ဖြစ်သည်။

          မြန်မာအစိုးရသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့် တီမောလက်စ် တေနိုင်ငံ၏ အဆိုပါထိတွေ့ဆက်ဆံမှု၏ အကြောင်းအရာ၊ သဘောသဘာဝနှင့် အကျိုးဆက်များ အပေါ် ကန့်ကွက်ပြီး တရားဝင်ဆန့်ကျင်ကြောင်း မှတ်တမ်းတင်သည်။ သတင်းမှားများဖြန့်ဝေပြီး မတည်ငြိမ်မှုများကိုလှုံ့ဆော်ရန် ကြိုးပမ်းကာ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေရန် ဆောင်ရွက်နေသည့် အစိုးရဆန့်ကျင်ရေးအဖွဲ့များနှင့် တီမော လက်စ်တေအစိုးရက တရားဝင်ထိတွေ့ဆက်ဆံခြင်းသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားရန်နှင့် အခြားအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းမှရှောင်ကြဉ်ရန် ပြဋ္ဌာန်းထားသည့် အာဆီယံပဋိညာဉ်ပါ အခြေခံမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်။

          အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ တီမော လက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံအား ၁၆-၁-၂၀၂၆ ရက်တွင် နေပြည်တော်သို့ ဆင့်ခေါ်၍ တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်ပါ အခြေခံမူများအား ချိုးဖောက်၍ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဖြေရှင်းပြန်ကြားပေးရန် တောင်းဆိုကြောင်း ဖော်ပြသည့် သတိထောက်လွှာအား ပေးအပ်ခဲ့သည်။

 

 

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်