ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုးနဲမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၊ မဲရုံနေရာများအား သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၁၇ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါမြို့ရှိ ကမ္ဘောဇခန်းမတွင် ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်မှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ် နှင့်တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူ များနှင့် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့်ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးမှ အမှာစကားပြောကြားသည်။ ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများအားဆွေးနွေးတင်ပြရာ တိုင်းမှူးက လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေး သည်။
ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက မိုးနဲမြို့နယ်အတွင်း ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အတွက် မဲရုံနေရာများအားသွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
