တပ်မတော်စစ်ကြောင်းများက  မိုးကုတ် - သပိတ်ကျင်းလမ်းကြောင်းပေါ်ရှိ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် အုန်ဒန်ကျေးရွာ၊ ကင်းကျေးရွာနှင့် ရန်သူ့စခန်းတစ်ခုတို့အား ဆက်လက်သိမ်းပိုက်ရရှိ နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၁၅

Thursday, January 15, 2026 - 18:00

              တပ်မတော်စစ်ကြောင်းများအနေဖြင့် PDF အမည်ခံအကြမ်းဖက်သောင်း ကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာ မြို့နယ်၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်များအား တစ်ခုပြီးတစ်ခု ပြန်လည် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေး လမ်းကြောင်းအား အပြည့်အဝ ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးခဲ့သည့် သတင်းအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် လည်းကောင်း၊ သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်း တစ်လျှောက်ရှိ ညောင်ပင်သာကျေးရွာ၊  ပိုးဇာနွယ် ကျေးရွာ ၊ ကျောက်လှည်းဘီးကျေးရွာ ၊ နယ်မြေခံတပ်ရင်းဌာနချုပ်နှင့် စိန်ကုန်း ကျေးရွာတစ်ဝိုက်တို့အား ပြန်လည်သိမ်းပိုက်ရရှိခဲ့သည့် သတင်းအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်နေ့တွင် လည်းကောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

              ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါ သပိတ်ကျင်း- မိုးကုတ် လမ်းကြောင်းပေါ်ရှိ  စိန်ကုန်းကျေးရွာနှင့် မိုးကုတ်မြို့အကြား လမ်းပိုင်းတွင် ခိုအောင်းနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်းပြီး မိုးကုတ်-သပိတ်ကျင်း-မန္တလေးမြို့များသို့ဆက်သွယ်ထားသည့် လမ်းကြောင်းများအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စစ်ကြောင်းများခွဲ၍ နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဟန်ချက်ညီဆောင်ရွက်ခဲ့ရာ ယနေ့တွင် စိန်ကုန်းကျေးရွာဘက်မှ နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပြီး ချီတက်လာသည့် တပ်မတော် စစ်ကြောင်းသည် အဆိုပါ လမ်းကြောင်းပေါ်ရှိ အုန်ဒန်ကျေးရွာအားလည်းကောင်း၊ မိုးကုတ်မြို့ဘက်မှ နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ချီတက်လာသည့် တပ်မတော်စစ်ကြောင်း သည် မိုးကုတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၁၀၀၀၀ ခန့်အကွာ အကြမ်းဖက် သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ကင်းကျေးရွာ၊ ကင်းတံတားနှင့် အဆိုပါ ကျေးရွာအနီးရှိ ရန်သူ့စခန်းနေရာတို့အား အသီးသီး တိုက်ခိုက်ချေမှုန်း သိမ်းပိုက်နိုင်ခဲ့ သည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အဆိုပါကျေးရွာများအား ယာယီ စိုးမိုးထားစဉ် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအဆောက် အအုံများနှင့် ကျေးရွာအနီးရှိ တံတားနေရာတို့တွင် ဘန်ကာများပြုလုပ်၍ အခိုင်အမာ ခံစစ်စခန်းတည်ဆောက်ခြင်း၊ ယာယီဂိတ်စခန်းဖွင့်လှစ်၍ ဆက်ကြေးကောက်ခံခြင်း များ ပြုလုပ်ခဲ့ကြောင်းကို တွေ့ရှိရသည်။

            တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါလမ်းကြောင်းတစ်လျှောက်၌ ကျန်ရှိနေသည့်လမ်းပိုင်းအား ဆက်လက်ရှင်းလင်းနိုင်ရေးလိုအပ်သည့် နယ်မြေ စိုးမိုးရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး  မိုးကုတ်- သပိတ်ကျင်း -မန္တလေးမြို့ များသို့ ဆက်သွယ်ထားသည့် လမ်းကြောင်းများအား အမြန်ဆုံးပြန်လည် ဖွင့်လှစ် နိုင်ရေးတို့ကို ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။