မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှု၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိမှုတို့နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပ

Wednesday, January 14, 2026 - 16:00

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှု၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိမှုတို့နှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်အစိုးရ၏ သတင်းစာရှင်းလင်းပွဲကျင်းပ

ဖော်ထုတ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများသို့သွားရောက်၍ မြေပြင်ကွင်းဆင်းလိုက်လံရှင်းလင်းပြသ

နေပြည်တော်၊  ဇန်နဝါရီ  ၁၄

လူသားမျိုးနွယ်တစ်ခုလုံးကို လူညွှန့်တုံးပျက်စီးစေသည့် ဘိန်းဖြူ၊ မက်သ်အဖက်တမင်း (Methamphetamine)၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများနှင့် မူးယစ် ဆေးဝါးများကို အဓိကချက်လုပ်သည့်နေရာဟု ယူဆသည့်နေရာများ၊ အွန်လိုင်း လိမ်လည် လောင်းကစားမှုများပြုလုပ်သည့်နေရာနှင့် အသုံးပြုသည့်ပစ္စည်းများကို လုံခြုံရေး တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ရှင်းလင်းဖော်ထုတ်ဖမ်းဆီးရမိသည့် သတင်းအား  ဇန်နဝါရီ လ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးများကိုချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှု၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု ပြုလုပ် ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိမှုတို့နှင့်ပတ်သက်၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်၌ ကျင်းပပြုလုပ်ရာ ကော်မရှင် အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊  အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၊   အဖွဲ့ခေါင်းဆောင်   ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း တို့က ရှင်းလင်းပြောကြား ကြသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲသို့  နီပေါနိုင်ငံ ၊ လာအိုနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဘရူနိုင်း နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ သံအမတ်ကြီးများ၊ သံတမန်များ၊ စစ်သံမှူးများ၊ တရုတ်နိုင်ငံ၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင်(NNCC)၊ ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB)၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)တို့မှ တာဝန်ရှိသူများ၊  ပြည်တွင်းသတင်းဌာနများ၊   နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်း ရုပ်မြင် သံကြားသတင်းဌာနများ၊ ပြည်တွင်း အခြေစိုက်ပြည်ပသတင်းဌာနမှ    သတင်းထောက်များ  တက်ရောက်သတင်းရယူကြသည်။

ဦးစွာ ကော်မရှင် အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က မြန်မာနိုင်ငံအနေဖြင့် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးကို အမျိုးသားရေးတာဝန်အဖြစ် ချမှတ်ထားပြီး ဦးစားပေး ဆောင် ရွက်ရမည့် လုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊  မူးယစ်ဆေးဝါး ပြဿနာသည် မြန်မာနိုင်ငံ တစ်ခု တည်းနှင့် မြန်မာပြည်သူများအပေါ်သာ သက်ရောက်မှုရှိခြင်း မဟုတ်ဘဲ နိုင်ငံတိုင်းရှိ ပြည်သူ များအပေါ် ဆိုးကျိုးသက်ရောက်မှုများရှိနေပြီး ထိုကဲ့သို့ လူသားမျိုးနွယ်စုတစ်ခုလုံးနှင့် သက်ဆိုင်သည့်ပြဿနာအပေါ် လူမျိုးစွဲ၊ ဘာသာစွဲ၊ နိုင်ငံရေး ဝါဒအစွဲများနှင့် ဆောင်ရွက် နေကြသည့် အချို့အဖွဲ့အစည်းများနှင့်နိုင်ငံများ၏ဆောင်ရွက်ချက် များကို စိတ်မကောင်းဖွယ် တွေ့မြင်နေကြရသည့်အခြေနေများ၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပတ်သက်လာပါက နိုင်ငံတကာကို ပေးအပ်ထားသည့် ကတိ များအတိုင်း မမှိတ်မသုန် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ။

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဆောင်ရွက်မှု၊ ဘိန်းခင်းများအား ဖျက်ဆီးခဲ့မှု၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့မှု၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအထူးစစ်ဆင်ရေး ဆောင်ရွက်ခဲ့မှု အခြေ အနေများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာနေရာများ ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ၌  ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် စခန်းငယ်များကိုသာ ဖော် ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ယခုဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးချက်လုပ်သော စခန်းများသည် ဖော်ထုတ်ဖမ်းဆီးရမိမှုများအနက် အကြီးမားဆုံးဖြစ်သည်ကို တွေ့ရှိရသည့်အခြေအနေများနှင့် အဆင့်ဆင့်ဖော်ထုတ်ဖမ်းဆီးရမိခဲ့မှုအခြေအနေများ၊ ယခုဖမ်းဆီးရမိသော ဓာတုပစ္စည်းများ နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုနေသည့် ပစ္စည်းကိရိယာများအပေါ် လေ့လာ ဖော်ထုတ်ချက်အရ အဆိုပါနေရာများတွင် မူးယစ်ဆေးဝါးအမြောက်အမြားကို ထုတ်လုပ်နေ ကြောင်း စိစစ်တွေ့ရှိရသည့်အခြေအနေများ။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံတကာ အသိုက်အဝန်းနှင့်ပူးပေါင်းပြီး ဆောင်ရွက်သွားရန် ကတိပြုထားသည့်အတိုင်း ကြိုးပမ်းဆောင် ရွက်လျက်ရှိကာ ယခုကဲ့သို့ မူးယစ်ဆေးဝါးအမြောက်အမြားထုတ်လုပ်ရာ ပင်ရင်းနေရာတစ်ခု အား ဖော်ထုတ်ဖျက်ဆီးနိုင်ခဲ့ခြင်းကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုပြဿနာကို ထိရောက် ပြင်းထန်စွာတားဆီးနိုင်ခဲ့သည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာသို့ ပေးထား သည့်ကတိအတိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံအတွင်းရှိ ရနိုင်သမျှ သော စွမ်းအားစု၊ အရင်းအမြစ်များ အသုံးပြုပြီးဆက်လက်တိုက်ဖျက်သွားမည်ဖြစ်သည့် အခြေ အနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ  သတင်းထုတ်ပြန်ရေးအဖွဲ့  ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း က မြန်မာ နိုင်ငံအစိုးရအနေဖြင့် လူသားမျိုးနွယ်ကို လူညွှန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါးကို အမျိုးသား ရေးအန္တရာယ်အဖြစ်သတ်မှတ်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသား ရေးတာဝန်တစ်ရပ်ဟု သတ်မှတ်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ EAO အမည်ခံ သောင်းကျန်းသူအဖွဲ့များနှင့် အကြမ်းဖက်သမားများက နိုင်ငံအတွင်း တည်ငြိမ်မှု မရှိအောင် လုပ်ဆောင်ပြီး အဆိုပါအခြေအနေများကိုအခွင့်ကောင်းယူကာ ၎င်းတို့အတွက် ဝင်ငွေရလမ်း ဖြစ်သည့် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့်သယ်ဆောင်ရောင်းချသောအလုပ်များကို လုပ်ဆောင် နေသည့် အခြေအနေများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချခြင်းသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှုတို့ကို အထောက်အပံ့ဖြစ်စေသည့်အတွက်ကြောင့် နိုင်ငံ တော်အတွင်း တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေသော စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်ပေါ် လျက်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာတွင် အသုံး ပြုသော ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်း မရှိသည့်အခြေအနေ များနှင့် အဆိုပါ ပစ္စည်းများကို သောင်းကျန်းသူအဖွဲ့များအနေဖြင့် အခြားနိုင်ငံများမှ နည်းမျိုးစုံ သုံးပြီး  မြန်မာနိုင်ငံအတွင်းသို့ ချိတ်ဆက်သယ်ဆောင်ခဲ့သည့် အခြေအနေများ၊ ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် နိုင်ငံတော်၏ နိုင်ငံရေးမတည်ငြိမ်မှု၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးပျက်ပြားမှု အခြေအနေများကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး လုပ်ငန်းများကို ၎င်းတို့အနေဖြင့် ပိုမိုလုပ်ဆောင်လာကြသည့် အခြေအနေများ။

          မြန်မာနိုင်ငံအစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် အွန်လိုင်း လိမ်လည်လောင်းကစားလုပ်ငန်းများကို တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ ဒေသ တွင်း နိုင်ငံများနှင့်လက်တွဲပြီး တက်ကြွစွာပူးပေါင်းနှိမ်နင်းလျက်ရှိပြီး အမျိုးသားရေးတာဝန် အဖြစ်ခံယူ၍ အမြစ်ပြတ်ချေမှုန်းရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ ယခု မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု ပြုလုပ် သည့်ပစ္စည်းများ အမြောက်အမြားဖမ်းဆီးရမိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်နှင့် သီပေါအကြား၊ မိုင်းရယ်မြို့၏ အနောက်တောင်ဘက်နေရာများ၏ နောက်ခံသမိုင်းကြောင်း အခြေအနေများ၊ ၂၀၁၃ ခုနှစ်ခန့်တွင် ယင်းဒေသ၏ တောင်ဘက် ဟိုက်ပါ၊ ပါချီးလမ်းခွဲနေရာ များသို့ SSPP/SSA ဝမ်ဟိုင်းအဖွဲ့ဝင်ရောက်လာခဲ့သဖြင့် တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တပ်မတော်အနေဖြင့် ၎င်းတို့၏ဝမ်ဟိုင်းဌာနချုပ်နေရာအထိ ရောက်ရှိစစ်ဆင်ခဲ့ သော်လည်း ၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးနိုင်ရေးဆွေးနွေးဆောင်ရွက်မှုများအရ စစ်ဆင်ရေးကို ရပ်တန့်ပေးခဲ့သည့် အခြေအနေများ၊ ထို့နောက် ၎င်းဒေသတစ်ဝိုက်တွင် မူးယစ် ဆေးဝါးနှင့်ပတ်သက်သည့် သတင်းများရရှိခဲ့သဖြင့် တပ်မတော်မှဝင်ရောက်ရှင်းလင်းခဲ့ပြီး SSPP/SSA ဝမ်ဟိုင်းအဖွဲ့ကိုလည်း သတိပေးမှုများပြုလုပ်ခဲ့ရသည့်အခြေအနေများ။

ယင်းဒေသများ၌ ယခင်ကတပ်မတော်စိုးမိုးမှုရှိခဲ့ပြီး အဖြူရောင်ဒေသဖြစ်ခဲ့ကာ သီပေါ နှင့် မိုင်းရယ်အကြားဆက်သွယ်ထားသည့် လမ်းနှင့်အနီးတစ်ဝိုက်ရှိ စိန်ကြော့၊ ဆောင်ကြဲ၊ ဟိုယ နှင့် တောင်ဘက် နမ့်လန်တို့၌ တပ်မတော်မှ စိုးမိုးမှုရှိခဲ့သည့် အခြေအနေများနှင့် ၂၀၂၃ ခုနှစ်၌ ၁၀၂၇ အမည်ခံစစ်ရေးလှုပ်ရှားမှုပေါ်ပေါက်လာခဲ့ပြီးနောက်ပိုင်း လားရှိုးအပါအဝင် အဆိုပါဒေသများမှ ခေတ္တဆုတ်ခွာခဲ့ရသည့်အခြေအနေများ၊ ထို့နောက် နှစ်ဖက်ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူညီချက်များအရ တပ်မတော်အနေဖြင့် ရှေ့မတိုး၊ နောက်မဆုတ်သာ ရပ်တန့်နေခဲ့ရချိန်တွင် မူးယစ်ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းနှင့် ရင်းနှီးကျွမ်းဝင်နေသည့်သူ များ၊ ဝိသမလောဘသားများသည် ဒေသခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EAO)များနှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာများ ထူထောင်ခြင်း၊ မူးယစ်ဆေးဝါးချက်လုပ် ခြင်း၊ အွန်လိုင်းလိမ်လည်မှုကျူးလွန်ခြင်းများကို လုပ်ဆောင်လာကြခြင်းဖြစ်ပြီး ၎င်းတို့ အနေ ဖြင့် “တောမီးလောင်၊ တောကြောင် လက်ခမောင်းခတ်” ကြခြင်းပင်ဖြစ်သည့် အခြေအနေ များ။

          ၂၀၂၅ ခုနှစ်အတွင်း၌ တပ်မတော်အနေဖြင့် နယ်မြေ၌ အခြေကျလာသည်နှင့်အမျှ နယ် မြေဒေသအတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး တစ်ဆထက်တစ်ဆ တိုးမြှင့်ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ ထိုသို့ဆောင်ရွက်နိုင်ခဲ့မှု ကြောင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသ၊ နိုဝင်ဘာလအတွင်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့ အနီးနှင့်  ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ တောင်ထိပ် ကျေးရွာအနီးတို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်း လုပ်ကိုင်နေသည့် ပြည်ပ နိုင်ငံသားများနှင့် လောင်းကစားလုပ်ငန်း လုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့မှု အခြေအနေများ။

          ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့အကြား၌အွန်လိုင်းလိမ်လည်မှုလုပ်နေသည့်နေရာများရှိနေကြောင်း၊ သောင်းကျန်း သူများ၏ မတရားညှင်းပန်းနှိပ်စက်မှု၊ လူသစ်စုဆောင်းမှုများ၊ ဒေသခံများပိုင်ဆိုင်သည့် တန်ဖိုးရှိပစ္စည်းများကို အတင်းအဓမ္မယူဆောင်ခြင်း၊ အဆောက်အအုံများနှင့် လမ်းတံတား များကို အကြောင်းမဲ့ဖျက်ဆီးခြင်းစသည့် လူမှုစီးပွားဘဝများပျက်စီးဆုတ်ယုတ်စေသော လုပ်ဆောင်ခြင်းများကို နှစ်မြို့ခြင်းမရှိသည့် ဒေသခံတိုင်းရင်းသားများအနေဖြင့် အခွင့်မသာ ၍သာ တပ်မတော်စစ်ကြောင်းများအား သတင်းပေးပို့နိုင်ခဲ့ခြင်းမရှိဘဲ တပ်မတော် စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် နေရာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့မှုကြောင့် ဒေသခံပြည်သူများအနေဖြင့် တပ်မတော်အပေါ် ယုံကြည်အားကိုးမှုများ၊ စိတ်အားထက်သန်စွာအားပေးထောက်ခံမှုများ ပြုလုပ်လာကြပြီး အကြမ်းဖက်သမားများ၏ သတင်းများကို အချိန်နှင့်တပြေးညီ နီးစပ်ရာ တပ်မတော်စစ်ကြောင်းများထံသို့ သတင်းပေးပို့လာခဲ့သည့်အတွက် တပ်မတော်အနေဖြင့် လေကြောင်း ကင်းထောက်မှုများ၊ မြေပြင်သတင်းစုံစမ်းခြင်းများ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ရာ အွန်လိုင်းလိမ်လည်မှုသာမက မူးယစ်ဆေးဝါးနှင့်လည်း ပတ်သက်နေကြောင်း တွေ့ရသည့် အတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် လျှပ်တစ်ပြတ် အထူးစစ်ဆင် ရေးကို ထိရောက်ပြင်းထန်စွာဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပြီး စစ်ဆင်ရေးစတင်ခဲ့သည့် အခြေအနေများ၊ စစ်ဆင်ရေးကို ဆောင်ရွက်ရာတွင် တပ်မတော်က တပ်ရင်း(၃)ရင်း၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့က ရဲကွန်မန်ဒိုတပ်ခွဲ(၃)ဖြင့် အင်ပြည့်အားပြည့် ဆောင်ရွက်ခဲ့ပြီး သမိုင်းတစ်လျှောက်တွင် မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ဆင်ရေး၌ အကြီးမားဆုံးနှင့် ပမာဏအများဆုံးရှင်းလင်း၊ ဖျက်ဆီး၊ ဖမ်းမိသည့် စစ်ဆင်ရေး ဖြစ်သည့်အခြေအနေများ၊ စစ်ဆင်ရေးကို အောင်မြင်အောင် ခက်ခက်ခဲခဲဖြင့်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို နိုင်ငံ တော်အစိုးရနှင့် တပ်မတော်က ချီးကျူးလေးစား ဂုဏ်ယူအသိအမှတ်ပြုလျက်ရှိပြီး  နိုင်ငံတော် ယာယီသမ္မတ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် နိုင်ငံတော်အစိုးရအနေဖြင့် လည်း ဂုဏ်ပြုချီးမြှင့်ငွေများကို စစ်ဆင်ရေးနယ်မြေရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံသို့ လက်ရောက် ချီးမြှင့်သွားရန်လမ်းညွှန်မှာကြားခဲ့သည့် အခြေအနေများ။

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် အွန်လိုင်းလိမ်လည်လောင်း ကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိရေးဆောင်ရွက်ခဲ့ရာ တွင် နားလင်းကျေးရွာ၏ အနောက်မြောက်ဘက် ၉ ကီလိုမီတာခန့်အကွာ၌ အွန်လိုင်းလိမ် လည်လောင်းကစားမှုလုပ်ကိုင်သည့်နေရာ၊ ၎င်းနေရာ၏ အရှေ့ဘက် မီတာ ၈၀၀ ခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာ၊ မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် ၂၆ ကီလိုမီတာ ခန့်အကွာ မန်ဖြတ်ကျေးရွာအနီး၌ မူးယစ်ဆေးဝါးချက်လုပ်သည့် ပထမနေရာ၊ မိုင်းရယ် မြို့၏ အနောက်တောင်ဘက် ၂၀ ကီလိုမီတာ ခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်သည့် ဒုတိယနေရာ၊ ယင်းနေရာ၏ အနောက်တောင်ဘက် ၁၉ ကီလိုမီတာခန့်အကွာ၌ မူးယစ်ဆေးဝါးအဓိကချက်လုပ်သည့် တတိယမြောက်နေရာစသည်ဖြင့် အဆင့်ဆင့် ဖော်ထုတ် ရရှိခဲ့သည့် အခြေအနေများ၊ ထိုကဲ့သို့ ဖော်ထုတ်ခဲ့ရာတွင် ၎င်းနေရာအသီးသီးမှ အွန်လိုင်း လိမ်လည်လောင်းကစားကျူးလွန်ရာတွင် အသုံးပြုသည့် ယာယီတဲများ၊ ကွန်ပျူတာများ၊ Star Link များအပါအဝင် အခြားဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြု သည့် ဓာတုဆေးရည်များနှင့် ဆက်စပ်ဓာတုပစ္စည်းများ၊ ဆေးပြားရိုက်စက်များ၊ မူးယစ်ဆေး ဝါးများထုပ်ပိုးရာတွင် အသုံးပြုသည့်(Parking)စက်ပစ္စည်းများ၊  စက်ယန္တရားကြီးများနှင့် ဆက် စပ် စက်ပစ္စည်းများ၊ အဆောက်အဦများကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည့်အခြေ အနေများ နှင့် SSPP/SSA တံဆိပ်ပါ ယူနီဖောင်းများ၊ အဆင့်တံဆိပ်များ၊ ပုခုံးတံဆိပ်များနှင့် ၎င်းတို့ အဖွဲ့နှင့် ဆက်စပ်နေသည့်သူများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် ပါဝင်ပတ်သက်နေ သူများ၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်နေသူများကို ဖမ်းဆီးရ မိခဲ့သည့် အခြေအနေများ။

          အဆိုပါ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ပစ္စည်းများ ကို ပညာရှင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့်  ပဏာမစစ်ဆေးမှုပြုလုပ်သောအခါ ဘိန်းဖြူ (Heroin)နှင့် မက်သ်အဖက်တမင်း (Methamphetamine)များ ထုတ်လုပ်နေခြင်း ဖြစ်ကြောင်းကို ကနဦးဖော်ထုတ်တွေ့ရှိရသည့်အခြေအနေများ၊ အထက်တွင်ပြောကြားခဲ့သည့် ဒုတိယနေရာမှ လက်ရှိသိမ်းဆည်းရမိသည့် ဓာတုပစ္စည်းများအပေါ်  ခန့်မှန်းတွက်ချက်မှုအရ အိုက်စ် ၂၇ တန်ခန့်(တန်ဖိုးငွေကျပ် ၅၄၀ ဘီလီယံ) ထုတ်လုပ်နိုင်ပြီး စိတ်ကြွဆေးပြား အဖြစ် ပြောင်းလဲထုတ်လုပ်မည်ဆိုပါက  စိတ်ကြွဆေးပြား သန်း ၈၁၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အကယ်၍ ယင်းစိတ်ကြွဆေးပြားများ ဈေးကွက်အတွင်းသို့ ရောက်ရှိသွားမည်ဆိုပါက ငွေကျပ် ၁,၆၂၀ ဘီလီယံခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများပျံ့နှံ့သွားမည်ဖြစ်သည့် အခြေအနေများ၊ ယင်းနေရာတွင် ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်  အသုံးပြုသည့် ပစ္စည်း ကိရိယာများအား လေ့လာဖော်ထုတ်သုံးသပ်ချက်အရ အိုက်စ် ၂၇ တန် (သို့မဟုတ်) စိတ်ကြွ ဆေးပြား သန်း ၈၁၀ ခန့်ထက် ပိုမိုများပြားသည့် မူးယစ်ဆေးဝါးများကို ပုံမှန် ထုတ်လုပ်နေ ခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိရသည့် အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း  ယခင်က ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများ၏ ထုပ်ပိုးမှု (Parking) ပုံစံများသည် ယခု တွေ့ရှိရသော စက်ကိရိယာများဖြင့် ထုတ်လုပ်ထားသည့် မူးယစ်ဆေးဝါးထုပ်ပိုးမှု (Parking) ပုံစံများအတိုင်း ထပ်တူကျနေသည်ကို တွေ့ရှိရသည့် အခြေအနေများ၊  ဖော်ထုတ်ဖမ်းဆီးရမိသည့် GUAN YIN WANG စာတန်းပါ မူးယစ်ဆေးဝါးထုပ်ပိုးသည့်ထုပ်ပိုးခွံများနှင့် တရုတ်စာတန်းပါရှိသည့် ထုပ်ပိုး ခွံများအပေါ်အခြေခံ၍ စိစစ်ချက်များအရ ဖမ်းဆီးရမိခဲ့သည့်နေရာနှစ်ခုမှ ထုတ်လုပ်ဖြန့်ဖြူးခဲ့ သည့်ပမာဏသည် ၂၀၂၅ ခုနှစ်အတွင်း တစ်နိုင်ငံလုံးတွင်ဖမ်းဆီးရမိခဲ့သည့် အိုက်စ်ပမာဏ၏ ၃၃ ဒသမ ၄၄ ရာခိုင်နှုန်းခန့်ရှိကြောင်းကို ဖော်ထုတ်တွေ့ရှိရသည့် အခြေအနေများ၊ လက်နက် ကိုင်အကြမ်းဖက်သမားများအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ် သယ်ယူပို့ဆောင်ခြင်းများကို ၎င်းတို့၏ ဝင်ငွေရလမ်းကြောင်းအဖြစ် အဓိကလုပ်ဆောင်လျက်ရှိပြီး ပင်လယ်ဘက်ထွက် ပေါက် လမ်းကြောင်းကို AA အဖွဲ့မှလည်းကောင်း၊ ထိုင်းနိုင်ငံဘက်သို့  KNU ၊ KNLA ၊ PDF  အဖွဲ့များမှလည်းကောင်း၊ အိန္ဒိယ နိုင်ငံဘက်သို့ PDF ၊ CNF အဖွဲ့များကလည်းကောင်း  အသီးသီးလုပ်ဆောင်နေကြသည် ကို တွေ့ရှိရသည့် အခြေအနေများ။

          မူးယစ်ဆေးဝါးလုပ်ငန်းများသည် မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းနိုင်ငံများ အတွက်ပါ အန္တရာယ်သဖွယ် ဖြစ်ပေါ်လျက်ရှိသဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း များကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသ တွင်း နိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မူးယစ်ဆေးဝါး ပပျောက်ရေးကို နိုင်ငံတိုင်းကလည်း အမျိုးသားရေးတာဝန်အဖြစ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်မှသာ ပိုမိုအောင်မြင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏မူးယစ်ဆေး ဝါးတိုက်ဖျက်ရေးလုပ်ငန်းများတွင် နိုင်ငံတကာမှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြမည် ဆိုပါက ယခုထက်ပိုမို၍ လျင်လျင်မြန်မြန်ဖြင့် အောင်မြင်နိုင်မည်ဖြစ်သည့်အခြေအနေများ။

          မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး တစ်မျိုးသားလုံး ကို လူညွှန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းချသည့် လုပ်ငန်းများ နှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံ ယူပြီး အမြစ်ပြတ်တိုက်ဖျက်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် ယခုဖမ်းဆီရမိသည့် မူးယစ်ဆေးဝါးဖြစ်စဉ်များ တွင် အဓိကပါဝင်ပတ်သက်လျက်ရှိသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက်ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည့်အခြေအနေများ၊ မူးယစ်ဆေးဝါးထုတ်လုပ် သယ် ဆောင်ရောင်းချသည့်လုပ်ငန်းများနှင့် အွန်လိုင်း လိမ်လည်လောင်းကစားမှုလုပ်ငန်းများသည် မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် အကျိုးယုတ်စေမည့် လုပ်ငန်းများဖြစ်သကဲ့သို့ ဒေသ တွင်းနိုင်ငံများကိုပါ အန္တရာယ်ကျရောက်စေမည့်လုပ်ငန်းများဖြစ်သည့်အတွက် ပြည်သူအားလုံး က ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် ရရှိလာသောသတင်းအချက်အလက်များကို တာဝန်ရှိသူများထံ အချိန်မီပေးပို့ကြရန် တိုက်တွန်းလိုကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများက မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ဖမ်းဆီးရမိပစ္စည်းများနှင့် မှတ်တမ်းဓာတ်ပုံများကို လှည့် လည်ကြည့်ရှုလေ့လာခဲ့ကြသည်။

ထို့နောက် ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့   အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိ သူများသည် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် သံတမန်များနှင့် ပြည်တွင်း၊ ပြည်ပမှ မီဒီယာအဖွဲ့များအား ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် ၂၆ ကီလိုမီတာအကွာ မန်ဖြတ်ကျေးရွာ အနီးရှိ မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာသို့ ရဟတ် ယာဉ်များဖြင့် ရောက်ရှိကြပြီး မူးယစ်ဆေးဝါးချက်လုပ်ရာ၌အသုံးပြုခဲ့သည့် ယာယီအဆောက် အဦများ၊ ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်း များကို နေရာတစ်ခုချင်းစီအလိုက် လိုက်လံရှင်းလင်းပြသခဲ့ကာ သိရှိလိုသည့်မေးမြန်း မှုများအပေါ် တာဝန်ရှိသူများနှင့် ဖော်ထုတ် သိမ်းပိုက်ရာတွင်ပါဝင်ခဲ့ကြသည့် လုံခြုံရေးတပ် ဖွဲ့ဝင် များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြ သည်။

ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုး သား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့   အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ သံတမန်များ၊ သတင်းမီဒီယာ အဖွဲ့များသည် ယင်းနေရာ၏ အနောက်တောင်ဘက် ၁၉ ကီလိုမီတာခန့်အကွာ၌ မူးယစ် ဆေးဝါးအဓိကချက်လုပ်သည့်နေရာသို့  ရောက်ရှိကြရာ ဆေးဝါးချက်လုပ်ရာ တွင်အသုံးပြု သော ဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် သန့်လွင်မောင် နှင့် တာဝန်ရှိသူများက ရှင်းလင်းပြောကြားပြီး သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေ ကြားသည်။

ယင်းနောက် လူသားမျိုးနွယ်ကို လူညွှန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါးများချက်လုပ်ခဲ့ သည့်နေရာများအား ဖမ်းဆီးရမိရေး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် စွမ်းစွမ်းတမံ ဖော် ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပေးအပ်ချီးမြှင့်သည့် ငွေကျပ် သိန်း ၁၀၀၀ အား ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီသတင်း ထုတ်ပြန်ရေးအဖွဲ့   အဖွဲ့ခေါင်းဆောင်   ပြန်ကြားရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းတို့က ပေးအပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး နှင့် ဒုရဲချုပ် ရဲဗိုလ်ချုပ် ဝင်းဗိုလ် တို့က လက်ခံ ရယူကြ သည်။

ထို့နောက် မူးယစ်ဆေးဝါးချက်လုပ်ရာ၌ အသုံးပြုခဲ့သည့် ယာယီအဆောက်အဦများ၊ ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းများကို နေရာ တစ်ခုချင်းစီအလိုက် လိုက်လံရှင်းလင်းပြသခဲ့ကာ သိရှိလိုသည့်မေးမြန်းမှုများအပေါ် တာဝန်ရှိ သူများနှင့် ဖော်ထုတ် သိမ်းပိုက်ရာတွင်ပါဝင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။

ဆက်လက်ပြီး ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ် ပြန်ရေးအဖွဲ့   အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ သံတမန်များ၊ သတင်းမီဒီယာ အဖွဲ့များသည် မိုင်းရယ်မြို့၏ အနောက်တောင်ဘက် ၂၀ ကီလိုမီတာခန့်အကွာ၌ မူးယစ် ဆေးဝါးချက်လုပ်သည့်နေရာအား ရဟတ်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုခဲ့ကြပြီး ပြန်လည် ထွက်ခွာခဲ့ကြသည်။

ယနေ့တွင်မြေပြင်ကွင်းဆင်းသွားရောက်ခဲ့သည့် မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာ များအား ဖော်ထုတ်သိမ်းပိုက်ခဲ့ရာတွင် ပါဝင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်း မီဒီယာများ၏ မေးမြန်းမှုများအပေါ် ဖြေကြားမှုများကိုလည်း ယခုလိုပဲ ကြားသိရပါတယ် -

ၐရဲတပ်ဖွဲ့ဝင်

          ကျွန်တော်တို့ ၈ရက်နေ့မှာ မိုင်းဖြတ်ကိုရောက်ပါတယ်။ ၉ ရက်နေ့ မိုင်းဖြတ်မှာ ရဲရော တပ်ရော ကွန်မန်ဒိုအဖွဲ့ရော သေချာစုဖွဲ့ပြီးတော့ ချီတက်ခဲ့ ကြပါတယ်။ ဒီဘက်ကိုလာဖို့ နှစ်ရက်ကြာပါတယ်။ ချောင်းတွေလည်း ဖြတ်ခဲ့ရပါတယ်။ ချောင်းအကျယ် ပေ ၂၀ ၊အနက် ၈ ပေ ခန့်ရှိတဲ့ချောင်းကို အန္တရာယ်မဖြစ်အောင်လို့ ကူးခဲ့ပါတယ်။ ကျွန်တော်တို့ ဒီကြားထဲမှာ တရားခံတွေလည်း မိပါတယ်။ နောက်ပြီးတော့ ယူနီဖောင်းတွေလည်း  မိပါ တယ်။ ဒီအဆောက်အအုံတွေလည်း အပျက်အစီးမရှိ အကောင်းပကတိ အတိုင်း ရခဲ့ပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ငန်း စဉ်အတိုင်း ပြည်ထဲရေးဝန်ကြီးရဲ့ လမ်းညွှန်ချက်၊ ရဲချုပ်ကြီးတို့ရဲ့ လမ်းညွန်ချက်နဲ့အညီ အနီးကပ်ကွပ်ကဲမှုညွှန်ကြားပေးတဲ့ တာဝန်ရှိသူတွေရဲ့  ကွပ်ကဲမှုတွေနဲ့အညီ ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်၊၊ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီးဆက်လက် တိုက်ဖျက်သွားမှာဖြစ်ပါတယ်။

တပ်မတော်သား

ကျွန်တော်တို့ကတော့ ၉ ရက်နေ့ကစပြီး မိုင်းဖြတ်ကစပြီး ချီတက်ခဲ့ပါတယ်။ အဓိက အကြောင်းအရင်းက မူးယစ်ဆေးဝါးနှိမ်နင်းမှုအတွက် ကျွန်တော်တို့ကို အထက်ဌာနက အမိန့်ပေးတဲ့အတွက် ကျွန်တော်တို့က မြေပုံမြေပြင်ကြည့်ပြီးတော့ ချီတက်ခဲ့ပါတယ်၊၊ တိုက်ပွဲက အကြမ်းအားဖြင့် ခဏတာနည်းနည်းပါးပါးပဲဖြစ်တာပါ။ ဖမ်းဆီးရမိမှုက တော့ စတင်ချီတက်တဲ့အချိန်မှာ တစ်ဦးပါခင်ဗျ။ အမျိုးသားတစ်ဦး အသက်(၃၇)လောက်ရှိပါတယ်။ နောက်ထပ် ဒီကို‌ရောက်ပြီးတော့ ရှင်းလင်းတဲ့အချိန်မှာ အမျိုးသား ခြောက်ဦး၊ စုစုပေါင်း ၇ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။ ဒီမှာအကြမ်းအားဖြင့် ကျွန်တော်တို့ ဝင်လာတဲ့အချိန်မှာ သူတို့မျှော်မှန်းထားတဲ့နေရာ မဟုတ်တဲ့ ကျွန်တော်တို့က ခက်ခက်ခဲခဲဖြစ်တဲ့ တောင်ကြောပေါ်ကိုတက်ခဲ့တယ်။ ဒီနားမှာရှိတဲ့ ချောင်းက တော်တော်လေးနက်ပြီး ရေစီးလည်း သန်ပါတယ်။ အဲ့ဒီချောင်းကိုဖြတ်ပြီး ခက်ခက်ခဲခဲနဲ့ တပ်စစ်ကြောင်းနဲ့ ရဲကွန်မန်ဒိုစစ်ကြောင်း နှစ်ကြောင်းပေါင်းပြီး ကူးလို့ရှိရင် အချိန်ကြာမြင့်မှာစိုးသည့်အတွက်  ကျွန်တော်က ရဲမှူးကို အကြံပြုပြီး စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ချောင်းကို ဖြတ်ပါတယ်။ မနက် ၇ နာရီမှာ ကျွန်တော်တို့ အလုံးအရင်းနဲ့ ဝင်လုံးပါတယ်။ အဲ့ဒီအချိန်မှာ ကစဉ့်ကလျားနဲ့ ထွက်ပြေးကြပါတယ်။