၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုများအပေါ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြန်လည်ဖြေကြားချက်

Sunday, January 11, 2026 - 16:15

မေး။   ။ ရွေးကောက်ပွဲပထမပိုင်းမှာ (၅၂)ရာခိုင်နှုန်းကျော် မဲပေးခဲ့တယ်လို့ သိရှိရပါတယ်။ မဲပေးရာမှာ ပြည်သူပြည်သားတွေ ပါဝင်အောင်လို့ ဘယ်လိုလုံခြုံရေးအစီအမံတွေ လုပ်ခဲ့လဲဆိုတာ သိချင်ပါတယ်။

ဖြေ။    ။ အဓိကတော့ ကျွန်တော်တို့က ရွေးကောက်ပွဲအပိုင်း (၁)မှာ ပြည်သူတွေ မဲပေးတာပေါ့နော်။ ပြည်သူ တွေ မဲပေးတာကြည့်ရတာ တော်တော်လေး အားရဖွယ်ကောင်းတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ ဒါဟာ အစိုးရရဲ့အောင်ပွဲလည်း မဟုတ်ဘူး။ ပြည်သူ့အောင်ပွဲပေါ့နော်။ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေ၊ ငြိမ်းချမ်း မှုကို လိုလားတဲ့ပြည်သူတွေရဲ့ အောင်ပွဲပါ။ အခု အပိုင်း (၂) မှာလည်း ခင်ဗျားတို့ ကျွန်တော်တို့ တွေ့ကြတာပဲ။ အပိုင်း (၂) မှာလည်း ရန်ကုန်မြို့ကို ရောက်နေတဲ့ နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ဒီနေ့မဲရုံတွေကို လိုက်ကြည့်တယ်။ ကြည့်တဲ့အခါမှာလည်း တော်တော့်ကို တက်တက်ကြွကြွ မဲပေး နေကြတာကို မြင်တွေ့ခဲ့ရမှာပဲ။ ဥပမာ - ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင်လည်း ပြည်သူတွေနဲ့ တွေ့ဆုံပြီး မေးမြန်း ခဲ့တယ်။ မေးမြန်းခဲ့တဲ့အခါမှာလည်း ခင်ဗျားတို့ ကျွန်တော်တို့ မြင်လိမ့်မယ်။ မဲပေးစက်နဲ့ ပတ်သက်ပြီးလည်း မဲပေးတဲ့ပြည်သူတွေကို သူကိုယ်တိုင်မေးတယ်။ ခင်ဗျားနှိပ်တဲ့ ခလုတ်အတိုင်း စက္ကူက ထွက်လားဆိုတော့ ထွက်တယ်ပေါ့နော်။ ဒါဟာ ပွင့်လင်းမြင်သာတဲ့ဟာပါပဲဗျ။ နောက်တစ်ခုကတော့ တချို့ဆိုရင် မနက် ၄ နာရီ ကတည်းက ထပြီး မဲပေးကြရတာ။ အပိုင်း (၂) မှာလည်း ညနေ မဲစာရင်းတွေပြီးရင်တော့ ထွက်လာမှာ ပေါ့ဗျာ။ အောင်မြင်မယ်လို့ ယုံကြည်တယ်။ အပိုင်း (၃) မှာလည်း အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ အရင်တုန်းက ၁၉၅၂ ခုနှစ်မှာ ပါလီမန်ဒီမိုကရေစီရွေးကောက်ပွဲ လုပ်ခဲ့တယ်။ အပိုင်း သုံးပိုင်း ခွဲပြီးလုပ်တာ ၅ လ လောက် ကြာတယ်။ အပိုင်းတစ်ပိုင်းကို (၇) ရက်လောက်၊ (၁၀) ရက်လောက် ကြာတယ်။ အဲ့ဒီမှာ မဲပေး ခွင့်ရှိတဲ့သူ ၈ သန်းမှာ ၁ ဒသမ ၅ သန်းပဲ ပေးတာဆိုတော့ ၂၀ ရာခိုင်နှုန်းလောက်အထိ ရောက်သွားတာ ပေါ့နော်။ အခုတော့ ကျွန်တော်တို့နိုင်ငံမှာ မဲပေးတာနဲ့ပတ်သက်ပြီး တချို့ ပြောနေကြတာတွေရှိတယ်။ မဲပေး တာနဲ့ပတ်သက်ပြီး မဲမပေးဖို့ လှုံ့ဆော်နေကြတာတွေရှိတယ်။ အတိုက်အခံ လုပ်ကြတာပေါ့။ ဘယ်လိုပဲ ပြောပြော ဒီမိုကရေစီစနစ်ကို ထူထောင်တဲ့နေရာမှာ ရွေးကောက်ပွဲကနေပဲ တစ်ဆင့်ဖြတ်သန်းရမှာ ဖြစ်တယ်။ ဒီနေ့ပြောချင်တာကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စိတ်ပါဝင်စားစွာ လုပ်ဆောင်ပေးတဲ့၊ လာပြီးမဲပေးတဲ့ ပြည်သူပြည်သားတွေအားလုံး၊ ပြီးရင် မဲရုံမှာကြီးကြပ်နေတဲ့လူတွေအားလုံး၊ လုံခြုံရေးဝန် ထမ်းတွေအပါအဝင် ကူညီတဲ့လူတွေအားလုံးက ပြည်သူကို စိတ်ချမ်းသာစွာ မဲပေးနိုင်ဖို့လုပ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်တယ်။

မေး။   ။ ရွေးကောက်ပွဲပြီးလို့ ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ပေါ်လာတဲ့အခါ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာ ဆက်ဆံရေး တည်ဆောက်တဲ့အခါမှာ ဘာတွေ ဘယ်လိုအထိမျှော်လင့်ထားပါသလဲ။

ဖြေ။    ။ ကျွန်တော်တို့ကတော့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ အခုချိန်မှာတော့ ပိတ်ဆို့တဲ့ ဟာတွေ ရှိတာပေါ့။ ဒီဟာသည် ရွေးကောက်ခံအစိုးရမဟုတ်တဲ့အတွက် ပိတ်ဆို့တာတွေ ရှိတယ်။ သို့သော် ဆက်ဆံနေတဲ့နိုင်ငံတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ မိတ်ဆွေနိုင်ငံတွေလည်း အများကြီး ရှိတယ်။ ဥပမာဆိုရင် အိမ်နီးချင်းနိုင်ငံတွေနဲ့ဆိုရင် မြန်မာနိုင်ငံနဲ့က ဆက်ဆံနေတာပဲ။ တကယ့်ကို မိတ်ဆွေရင်းချာ လိုပဲ ဆက်ဆံနေတာပဲ။ ဒီရွေးကောက်ပွဲပြီးတဲ့အခါမှာတော့ ခုနကပြောတဲ့ ကန့်သတ်ချက်တွေ နည်းသွားတဲ့ အတွက်ကြောင့် နိုင်ငံတကာဆက်ဆံရေး ပိုပြီးပွင့်လင်းလာမယ်။ ပိုပြီး မြင်သာလာမယ်လို့ပဲ ကျွန်တော်မြင် တယ်။ ရင်းနှီးမြှုပ်နှံမှုတွေလည်း မြန်မာနိုင်ငံမှာ ပိုပြီးဝင်လာမယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်ဗျ။ ဒီဟာနဲ့အတူ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံးလည်း ပိုပြီးတော့ စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လင်းလာမယ်လို့ မြင်ပါတယ်။

မေး။   ။ ရွေးကောက်ပွဲပြီးသွားရင် လွှတ်တော်ခေါ်မယ်၊ အစိုးရဖွဲ့မယ်၊ ပေါ်ပေါက်လာတဲ့အစိုးရသစ်ကို အာဏာလွှဲပြောင်းမှုတွေလုပ်မယ်။ အဲ့ဒီအချိန်ဇယားက ဘယ်နှစ်လပိုင်းလောက်ဖြစ်မလဲ။ ပုံမှန်ဆိုရင်တော့ ဧပြီမှာ လွှဲတဲ့အခြေအနေမျိုးတွေရှိတာပေါ့၊ ဗိုလ်ချုပ်အနေနဲ့ ပြောပြလို့ရနိုင်လား။

ဖြေ။    လွှတ်တော်ကတော့ မတ်လထဲမှာ ခေါ်ပြီးလုပ်ရမှာပဲ။ လုပ်ပြီးရင် အစိုးရသစ်တာဝန်တွေကတော့ ဧပြီလထဲမှာ ထမ်းဆောင်မှာပဲ။ ယခင်တုန်းကလုပ်ခဲ့တဲ့ ပုံမှန်ဇယားတွေအတိုင်းပဲ လုပ်ပါလိမ့်မယ်။

 မေး။  ။ ကြိုတင်မဲနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးပါတီများက ဗိုလ်ချုပ်မှူးကြိးကို တင်ပြတောင်းခံထားတာ တွေရှိတယ်လို့ သိရပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လိုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ရှိပါသလဲ။

ဖြေ။    ။ ဒါကတော့ ကော်မရှင်ရဲ့ကိစ္စပဲ။ ကော်မရှင်က လုပ်ပါလိမ့်မယ်။ အဓိကတော့ ကြိုတင်မဲနဲ့ပတ်သက် ပြီး သူတို့ပြောနေတာများတယ်။ ကြိုတင်မဲ ရေတွက်တဲ့အခါမှာလည်း ကိုယ်စားလှယ်လောင်းတွေ အကုန် လုံးဖိတ်တာပဲ။ ခင်ဗျားတို့လည်း မြင်ပြီးသားပဲ။ ကျွန်တော်သိရသလောက် တချို့ကိုယ်စားလှယ်တွေက မလာဘူး။ မလာဘဲနဲ့ ပြောတာပေါ့နော်။ ဥပမာဆိုရင် မရမ်းကုန်းဆိုရင် ပထမအကြိမ်မှာ ပြီးသွားပြီ။ ခင်ဗျားတို့ ကျွန်တော်တို့လည်း ကြားခဲ့မှာပဲလေ။ ပုဂ္ဂလိက ကိုယ်စားလှယ်လောင်း ဒေါက်တာ ခင်ခင်ကျော့ သူဆိုရင် သူကိုယ်တိုင်လည်း ပြောခဲ့တာပဲ။ သူဆိုရင် တော်တော်လေးစားဖို့ကောင်းပါတယ်။ သူ ရှုံးခဲ့တယ်။ ကြိုတင်မဲတွေရေတွက်တဲ့နေရာမှာ သူကိုယ်တိုင်လည်း သွားကြည့်တယ်။ သွားကြည့်တဲ့အခါမှာ ဒီလိုပဲ ပွင့်လင်းမြင်သာတာပါပဲ။ အကုန်လုံးက ကျွန်တော်တို့က ကွယ်ဝှက်ပြီးလုပ်လို့မရပါဘူး။ ပွင့်လင်းမြင်သာစွာပဲ လုပ်ရတာပဲ။ သို့သော် ချို့ယွင်းချက်လေးတွေရှိတာကို ကျွန်တော်တွေ့ရတယ်။ ဘာချို့ယွင်းချက်ရှိတာလည်း ဆိုတော့ ကိုယ်စားလှယ်လောင်းတွေကို မဲရေတွက်တဲ့အချိန် ခေါ်တဲ့အခါ မလာတာတွေရှိတယ်။ မလာဘဲနဲ့ ပြောနေတာတွေရှိတာပေါ့နော်။ ဒါ ကျွန်တော်တွေ့ခဲ့တဲ့ဟာကိုပဲ ပြောခြင်းဖြစ်ပါတယ်။ တစ်ဖက်သတ်ပြော ခြင်း မဟုတ်ပါဘူး။ သို့သော် ချို့ယွင်းချက်တွေလည်း ရှိကောင်းရှိနိုင်တယ်။ ရှိရင်လည်း ကော်မရှင်နဲ့ ရှင်းလို့ရ ပါတယ်။ ကော်မရှင်နဲ့ ပြောလို့ရပါတယ်။ အားလုံး ပွင့်လင်းမြင်သာစွာပဲ သူတို့ဆောင်ရွက်ပေးပါလိမ့်မယ်။

မေး။   ။ ဒီရွေးကောက်ပွဲအပေါ် နိုင်ငံတကာရဲ့အမြင်ကရော ဘယ်လိုရှိပါသလဲ။

ဖြေ။    ။ နိုင်ငံတကာအမြင်ကတော့ ပထမဦးဆုံးအကြိမ် ရွေးကောက်ပွဲမှာ နိုင်ငံတကာစောင့်ကြည့်လေ့လာ ရေးအဖွဲ့တွေ လာတယ်။ စောင့်ကြည့်လေ့လာရေးအဖွဲ့က သေချာလေ့လာခဲ့တယ်။ လေ့လာပြီးမှ သူတို့ တွေ့ပြီးတာတွေကို ပြောခဲ့တာရှိတယ်။ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခဲ့တာတွေရှိတယ်။ အနှစ်ချုပ်ပြန်ပြောရ ရင် နံပါတ်တစ်က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို ဒီလောက် အောင်အောင်မြင်မြင် လုပ်နိုင်လိမ့်မယ်လို့ သူတို့ ထင်မထားဘူး။ ဒီလောက် လူများလိမ့်မယ်လို့လည်း သူတို့ ထင်မထားဘူး။ သူတို့သွားကြည့်တဲ့အခါမှာ  မဲရုံမှာ တန်းစီပြီးတော့ လူတွေ မဲပေးနေတာကို တွေ့ရတယ်။ ဒါကြောင့်မို့ သူတို့ကိုယ်တိုင်လည်း အံ့ဩတယ်။ နောက်တစ်ခုက မဲပေးစက်ပေါ့။ မဲပေးစက်နဲ့ပတ်သက်ပြီး သူတို့ကိုယ်တိုင်လည်း လေ့လာခဲ့ပါတယ်။ ပွင့်လင်း မြင်သာမှုရှိတဲ့ မဲပေးစက်၊ ဘယ်လိုမှ လိမ်လို့မရတဲ့ မဲပေးစက်ဆိုပြီး ပြောသွားတယ်။ နောက်တစ်ခုက ကျွန်တော်တို့ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့စိတ်ကို သူတို့ထုတ်ဖော်ပြီးတော့ ချီးကျူးသွားတာရှိတယ်။ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာလည်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ သံရုံးတွေက စောင့်ကြည့်ရေးကိုယ်စားလှယ်တွေ သူတို့ လွှတ်ထားတယ်။ အယောက် ၁၀၀ ကျော်ရှိတယ်။ အများအားဖြင့် မြို့ကြီးတွေမှာပဲ များတယ်။ အပေါ်မြို့တွေမှာ ရန်ကုန်၊ မန္တလေး၊ ပြီးရင် အောက်မှာ မော်လမြိုင်၊ ဟိုဘက်က တောင်ကြီးတို့၊ စစ်ကိုင်းတို့ အဲ့ဒီအထိ လွှတ်ထားတာရှိပါတယ်။ သူတို့လည်း အလျဉ်းသင့်တဲ့အချိန်မှာ ဒီစောင့်ကြည့်ရေးအဖွဲ့တွေက သူတို့တွေ့တာနဲ့ပတ်သက်ပြီး ပြန်ပြီးပြောပါလိမ့် မယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။