နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဟိုင်းကြီးကျွန်းတပ်နယ်မှ  အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

Friday, January 9, 2026 - 17:30

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဟိုင်းကြီးကျွန်းတပ်နယ်မှ  အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားနေပြည်တော်၊  ဇန်နဝါရီ - ၉

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဟိုင်းကြီးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။

စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီး စဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များလိုက်ပါ၍ ဟိုင်းကြီးကျွန်းတပ်နယ်သို့ရောက်ရှိကြ ရာ နယ်မြေခံရေတပ်စခန်းဌာနချုပ်၊ အစည်းအဝေးခန်းမ၌ ရေတပ်စခန်းဌာနချုပ်မှူးက တပ်နယ်ဆိုင်ရာအချက်အလက်များ၊ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တပ်နယ်သို့ လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ တပ်နယ်အတွင်းနှင့် စည်းရုံးရေးနယ်မြေအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်ပြည်သူများ၏ အခွင့် အရေးများ ဆုံးရှုံးမှုမရှိစေရေး၊ လုံခြုံစိတ်ချစွာဖြင့် ဆန္ဒမဲပေးနိုင်ရေးတို့အတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာများ ဆောင်ရွက်ထားရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် သက်သာချောင်ချိရေးဆောင်ရွက်ပေးနိုင်မှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။    

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဟိုင်းကြီးကျွန်းတပ်နယ်အနေ ဖြင့် စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးလုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်သွားရန်လိုအပ်သကဲ့သို့ ဒေသလုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးနှင့် ပတ်သက် ၍ အစဉ်အမြဲဂရုပြုနေရန်နှင့် အလေးအနက်ထားဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် စစ်သည်တစ်ဦးချင်းစီအလိုက် ကျန်းမာကြံ့ခိုင်သန်စွမ်းမှု ရှိစေရေး၊ ရဲစွမ်းသတ္တိရှိစေရေးနှင့် တိုက်ပွဲဝင်နိုင်စွမ်းရှိစေရေး၊ ကိုယ်စီလုပ်ငန်းတာဝန် များနှင့် ကိုင်ဆောင်ရသည့်လက်နက်ပစ္စည်းများ ကျွမ်းကျင်မှုရှိစေရေး လေ့ကျင့်ဆောင် ရွက်ပေးနေရမည်ဖြစ်ကြောင်း၊ တပ်နယ်အတွင်း တရားမဝင်သယံဇာတထုတ်ယူနေမှု များ၊ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်နေမှုများ၊ တရားမဝင်မှောင်ခိုသွားလာနေမှုများ မရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက်လည်း အမြဲမပြတ်ကြပ်မတ်စိစစ် ဆောင်ရွက်သွားရန်လိုကြောင်း။

ကမ်းရိုးတမ်းဒေသဖြစ်သဖြင့် ဖြစ်ပေါ်လာနိုင်မည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ များကို တွက်ချက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ထားရှိရန် လိုကြောင်း၊ သဘာဝဘေးအန္တရာယ်သည် ရှောင်လွှဲ၍ မရနိုင်သော်လည်း ကြိုတင်ကာ ကွယ်ခြင်းအားဖြင့် ထိခိုက်ပျက်စီးမှုများကို အနည်းဆုံးဖြစ်စေနိုင်ကြောင်း၊ ထို့ကြောင့် ဒီရေတောများနှင့် သစ်တောများစိုက်ပျိုးခြင်းအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်း များကို စနစ်တကျတွက်ချက်၍ဆောင်ရွက်သွားရန်လိုကြောင်း၊ တပ်နယ်အတွင်း ဒေသ နှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင် ရွက်သွားကြရန်လိုပြီး စဉ်ဆက်မပြတ်သည့် စိုက်ပျိုးမွေးမြူရေးစနစ်ဖြစ်စေရေး တွက် ချက်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တပ်နယ်အတွင်း အသား၊ ငါး၊ ဟင်းသီးဟင်း ရွက်ဖူလုံမှုအပြင် ပိုလျှံသည်များကို ဒေသခံပြည်သူများသို့ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသွားရန်လို ကြောင်း၊ ဆက်သွယ်မှုအလှမ်းဝေးသည့်ဒေသတစ်ခုဖြစ်သဖြင့် အရာရှိ၊ စစ်သည်များ၏ သက်သာချောင်ချိရေးကိုသာမက  မိမိတို့တာဝန်ထမ်းဆောင် ရသည့် ဒေသမှဒေသခံများ၏ သက်သာချောင်ချိရေးအတွက်ကိုလည်း ဖော်ဆောင်ပေး ကြရန်လိုပြီး တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင် ရွက်သွားကြရန်လိုကြောင်း၊ တပ်နယ်အတွင်း လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စ ရပ်များအပြင် ဒေသဖွံ့ဖြိုးရေး၊ နယ်မြေခံလူထု၏ အကျိုးစီးပွားဖော်ဆောင်ရေးတို့ကို လည်း တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်နယ်ခန်းမ၌ ဟိုင်းကြီးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဟိုင်းကြီးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်၌ အောင် မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မည်သည့်ဖိအား တစ်စုံတစ်ရာမျှ မပါရှိဘဲ မိမိတို့၏လွတ်လပ်သည့်သဘောထားဆန္ဒများအလျောက် တက်တက်ကြွကြွ စည်းကမ်းရှိရှိ နိုင်ငံကြီးသားပီသစွာဖြင့် ဆန္ဒမဲများပေးခဲ့ကြသည်ကို အားလုံး တွေ့မြင်ခဲ့ကြပြီးဖြစ်ကြောင်း၊ ထိုသို့ ပြည်သူများဆန္ဒမဲပေးနေမှုများကို နိုင်ငံ တကာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များကလည်း လာရောက်လေ့လာ တွေ့ရှိခဲ့ကြပြီး ကောင်းမွန်သည့်သုံးသပ်ချက်များရှိခဲ့ကာ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်သည်ဟုသုံးသပ်ပြောကြားခဲ့ကြကြောင်း၊ မိမိတို့အနေဖြင့်လည်း ရွေး ကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သမာသမတ်ရှိသည့် ရွေး ကောက်ပွဲဖြစ်စေရေးနှင့် သိက္ခာရှိသည့် လွှတ်တော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း၊  မကြာမီရက်ပိုင်းအတွင်း ရွေးကောက်ပွဲအပိုင်း(၂)နှင့် (၃)တို့တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများ၏ အခွင့်အရေးများ ဆုံးရှုံးမှု မရှိစေရေး၊ လုံခြုံစိတ်ချမှုအပြည့်ဖြင့် ဆန္ဒမဲများပေးနိုင်ရေး အားလုံးက ဝိုင်း ဝန်းပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ဆန္ဒမဲများပေးရာတွင်လည်း ဒေသအကျိုး၊ နိုင်ငံတော်အကျိုးကို ဖော်ဆောင်ပေး နိုင်မည့်သူ၊ အမျိုးဘာသာသာသနာအကျိုးကို ဖော်ဆောင်ပေးနိုင်မည့်သူ၊ ဒို့တာဝန် အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေး အမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအမြင်ရှိသူ၊ နိုင်ငံတော်တည်နေ သရွေ့ အခိုင်မာဆုံးသောအဖွဲ့အစည်းအဖြစ်တည်ရှိနေသည့် တပ်မတော်နှင့် လက်တွဲ ဆောင်ရွက်နိုင်မည့်သူများကို ရွေးချယ်၍ဆန္ဒမဲပေးကြရန်လိုကြောင်း၊ ရွေးကောက်ပွဲ အပိုင်း(၁)ရလဒ်များကိုလည်း ပြည်သူများအားလုံး ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရေး ထုတ်ပြန်ကြေညာပေးခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ နိုင်ငံ့အရေးကို လေးလေးနက် နက်ဖြင့် ဆောင်ရွက်လိုသည့် နိုင်ငံရေးသမားစစ်စစ်များ လိုအပ်နေဆဲဖြစ်သည်ကို ဖြတ် သန်းလာမှုအတွေ့အကြုံများအရ တွေ့ရှိရကြောင်း။

အသိပညာ၊ အတတ်ပညာ ကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ရေး

ပညာသင်ကြားရေးနှင့်ပတ်သက်၍ မကြာခင်ကာလအတွင်း အခြေခံပညာ ကျောင်းများ၌ အတန်းတင်စာမေးပွဲများကျင်းပတော့မည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများစာမေးပွဲကို အောင်မြင်စွာဖြင့် ဖြေဆိုအောင်မြင်နိုင်ရေး တာဝန်ရှိသူများ နှင့် မိဘများက ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များ၏ ပညာသင်ကြားရေးအတွက် မိဘများအနေဖြင့် ငွေကြေးကုန်ကျမှုများရှိသကဲ့သို့ ကျောင်းသား၊ကျောင်းသူများအနေဖြင့်လည်း အချိန်များပေး၍ပညာသင်ကြားကြရခြင်း ဖြစ်သဖြင့် အတန်းတင်စာမေးပွဲများကို အောင်မြင်စွာဖြင့်ဖြေဆိုနိုင်ရေး  မိဘများ အနေ ဖြင့် မိမိတို့၏ သားသမီးများကို တိုက်တွန်းအားပေးဆောင်ရွက်ပေးကြစေလို‌ကြောင်း၊ တပ်မတော်အနေဖြင့် မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီ ကျောင်း ပိတ်ရက်ကာလကို အကျိုးရှိရှိအသုံးချနိုင်ရေး ယဉ်ကျေးလိမ္မာသင်တန်း၊ ကွန်ပြူတာ ပညာအခြေခံသင်တန်းနှင့် အခြားအကျိုးရှိစေမည့်သင်တန်းများကိုဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း၊ အလားတူ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင် ကြသည့် တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများကိုလည်း ပြည်ပ နိုင်ငံများသို့ လေ့လာရေးခရီးများစေလွှတ်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် ပညာရေးကို အလေးထားမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသကဲ့ သို့ အရာရှိ၊ စစ်သည်များအနေဖြင့်လည်း မိမိတို့၏ သားသမီးများ ထူးချွန်မှုရှိစေရေး ပညာရေးကိုအားပေးဆောင်ရွက်ပေးကြစေလိုကြောင်း။

မိမိတို့နိုင်ငံ၏ ဖြတ်သန်းလာခဲ့သည့် သမိုင်းကြောင်းအခြေအနေများကို လေ့လာ သုံးသပ်ကြည့်မည်ဆိုပါက ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ပြီး ပညာရေးကို အလေးထားမြှင့်တင်ခြင်းအားဖြင့် နိုင်ငံတော်၏ အနာဂတ်ကို ကောင်းမွန်အောင်ဖော်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ အတန်းပညာရှိ မှသာလျင် အတတ်ပညာနှင့် အသိပညာများရရှိနိုင်မည်ဖြစ်ကြောင်း၊ အတတ်ပညာ သည်လူတော်ဖြစ်စေနိုင်ပြီး အသိပညာသည်လူကောင်းဖြစ်စေနိုင်ခြင်းကြောင့် လူတော် လူကောင်းများ ဖြစ်လာစေရေး အတတ်ပညာသာမက အသိပညာများပါကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများရရှိလာစေရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း အတန်းပညာများ တက်ရောက်မှုအပေါ်တွင် မူတည်၍ ၎င်းတို့၏ အသိပညာ၊ အတတ်ပညာသိရှိမှုနှင့် စည်းကမ်းလိုက်နာမှုများ ကွာခြားသွားကြသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ငယ်ရွယ် စဉ်ကလေးဘဝကတည်းက ပညာအားပြည့်ဝစွာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးရန် လိုကြောင်း။

နိုင်ငံရေးသည် ပညာရေးနှင့်ဆက်နွယ်လျက်ရှိပြီး နိုင်ငံအတွင်း ပညာတတ် လူသားအရင်းအမြစ်များပေါကြွယ်ဝမှသာ  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံ၏ ပညာရေးကဏ္ဍကိုမြှင့်တင်နိုင် ရန်အတွက် KG+9 အဆင့်အထိ မဖြစ်မနေသင်ကြားနိုင်ရေး ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း၊ ပညာရေးသည် နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးကြောင်း၊ ထို့ကြောင့် KG+9 အထိ မသင်မနေရ ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတော်၏ ပညာရေးကဏ္ဍ အဆင့်မြင့်တင်နေခြင်းပင်ဖြစ်၍ စဉ်ဆက်မပြတ် ဆက်လက်ဆောင် ရွက်သွားရန်လိုကြောင်း၊ အလားတူ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် စက်မှုပညာများတတ် ကျွမ်းသည့် လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှု အခြေခံပညာကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အလားတူ လာမည့်ပညာသင်နှစ်တွင်လည်း Grade- 7 မှ Grade-9 အထိ ကျောင်းသား၊ ကျောင်း သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာရပ်များကို အခြေခံအဖြစ် သင်ကြားပေးနိုင်ရန် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိစေရေး မိမိတို့အနေဖြင့် ဒီမိုကရေစီ နည်းလမ်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုး မှုရှိမှသာ ပြည်သူများ အလုပ်အကိုင်များအဆင်ပြေချောမွေ့ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်ကြောင်း။

နိုင်ငံရေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ် သဘောတူညီချက်များထားရှိပြီးဖြစ်ကြောင်း၊နယ်စပ်ဒေသများနှင့် တိုင်းရင်းသားဒေသ များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်းဒေသများ၌ တည်ငြိမ်အေးချမ်းမှုရှိရန်နှင့် ပညာ တတ်များပေါကြွယ်ဝရန် မဖြစ်မနေလိုအပ်မည်ဖြစ်ကြောင်း၊  ထို့ကြောင့် ပညာရေးအား နည်းသည့်ဒေသများတွင် ပညာတတ်များပေါကြွယ်ဝစေရေး မိမိတို့အနေဖြင့် ပညာရေး အားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားအခွင့်အရေးများရရှိအောင် ပညာရည်မြှင့်တင်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဒေသဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားများ အနေဖြင့် တိုင်းရင်းသားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးကို မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်နိုင်ရေး ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ နောင်တက်လာမည့် အစိုးရလက်ထက်တွင်လည်း အဆိုပါ ပညာရည်မြင့်မားရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်၌ တည်ငြိမ် အေးချမ်းစွာဖြင့် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

ဟိုင်းကြီးကျွန်းဒေသသည် ဝေးလံသည့်ဒေသတွင်တည်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့၏ စားရေးကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည့် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြစေ လိုကြောင်း၊ တပ်မတော်သားများ၏ သက်သာချောင်ချိရေးအတွက် တပ်မတော်အနေ ဖြင့်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ဘဝကို ထိခိုက်စေနိုင်သည့် အသောက်အစား အပျော်အပါးများကို တတ်နိုင်သမျှ ရှောင်ကျဉ်ကြရန်လိုကြောင်း၊ နေ့စဉ်ဆောင်ရွက်ရမည့် သမားစဉ်လုပ်ငန်းများသည် တပ်မတော်၏ ကောင်းမွန်သည့် အလေ့အကျင့်ကောင်းများဖြစ်သဖြင့် မိမိကိုယ်တိုင်နှင့် မိမိတို့၏ မိသားစုများကိုလည်း ကောင်းမွန်သည့် အလေ့အကျင့်များဖြစ်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များအား မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရာရှိ၊စစ်သည်၊မိသားစုများအတွက်စားသောက် ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တပ်နယ်မှူးက လက်ခံရယူသည်။

          ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဟိုင်းကြီးကျွန်းမြို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ပြီး သမိုင်းဝင် မဟာမကုဋရံသီ ဆံတော် ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီးသို့ရောက်ရှိကြရာ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စေတီတော်ကြီးအား မြသပိတ် ဆွမ်းတော်၊ သစ်သီးပန်းမန်နှင့် သောက်တော်ရေချမ်း တို့ကို ကပ်လှူပူဇော်ပြီး လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညိုသည်။ ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စေတီတော် ရင်ပြင်တော်တိုးချဲ့ခြင်း၊ ပြုပြင်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းဆောင် ရွက်ခဲ့မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် စေတီတော်ပရိဝုဏ်နှင့် သာသနိက အဆောက်အဦများအတွင်း ရေဝင်ရေထွက် ကောင်းမွန်စေရေးနှင့် သန့်ရှင်းသပ္ပါယ်ကြည်ညိုဖွယ်ဖြစ်စေရေး ဆောင်ရွက်သွားရန်၊ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ရာသီဥတုဒဏ်ခံနိုင်မှုရှိစေရေး စနစ် တကျတွက်ချက်ဆောင်ရွက်သွားရန်၊ ဘုရားဖူးလာ မိဘပြည်သူများ အဆင်ပြေစွာဖြင့် တည်းခိုနေထိုင်နိုင်ရေး စီမံဆောင်ရွက်ပေးသွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။

၎င်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေတီတော်ကြီးအတွက် ဘက်စုံအလှူတော်ငွေ များကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက  လက်ခံရယူခဲ့ကြပြီး ဓမ္မလက် ဆောင် ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။