ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပန်းတောင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး

Thursday, January 8, 2026 - 15:30

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပန်းတောင်း မြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေး 

နေပြည်တော်၊  ဇန်နဝါရီ - ၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား ယနေ့နံနက်ပိုင်းတွင်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ အား ဆွေးနွေးပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူးဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပန်းတောင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ရပ်မိရပ်ဖများ၊ MSME လုပ်ငန်းရှင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ စိုက်ပျိုး ရေးလုပ်ငန်းများအတွက် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ဒေသအတွင်း အသား၊ ငါး၊ နို့နှင့် ဥ ဖူလုံမှုအခြေအနေများ၊ MSME လုပ်ငန်းများဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိမှု၊ အသက်မွေးဝမ်းကြောင်း သင်တန်းများ ဖွင့် လှစ်သင်ကြားပေးလျက်ရှိမှု၊ ဒေသတွင်း ပညာရည်မြှင့်တင်ရေးနှင့်၊ ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့မိမြို့ဖများက ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့သည် လမ်းဆုံ လမ်းခွနေရာတွင် တည်ရှိနေပြီး တိုင်းလေးတိုင်းဆုံရာ အချက်အခြာကျသည့်နေရာ တစ်ခုဖြစ်သဖြင့် လမ်းဆုံနေရာအား အထိမ်းအမှတ်နေရာတစ်ခုကို ခမ်းနားထည်ဝါစွာ ဖြင့် တည်ဆောက်ပေးစေလိုမှု၊ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပန်းတောင်းမြို့နယ်သို့ ပထမဦးဆုံးလာရောက်ခဲ့သည့် နိုင်ငံတော်အကြီးအကဲတစ်ဦး ဖြစ်သဖြင့် ဒေသခံများအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူလျက်ရှိမှု၊ နိုင်ငံတော်အကြီးအကဲ ၏ဦးဆောင်မှု၊ ပြည်သူလူထု၏ လိုက်ပါဆောင်ရွက်မှုတို့ဖြင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး ပန်းတောင်းမြို့နယ်မှ ဒေသခံများအနေဖြင့်လည်း ရွေးကောက်ပွဲအောင်မြင်မှုရှိစေရေး တညီတညွတ်တည်းပါဝင်ဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြ သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ ဦးမင်းနောင် တို့က ပန်းတောင်းမြို့နယ်အနေဖြင့်  စက်မှုလုပ်ငန်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်သည့် အခြေခံကောင်းများကို ပိုင်ဆိုင်ထားရှိမှု၊ စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်း Agro-Base Industry များကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် ရေခံမြေခံကောင်း များကို ပိုင်ဆိုင်ထားရှိသော်လည်း ထိုက်သင့်သည့်ဖွံ့ဖြိုးတိုးတက်မှုများရရှိနိုင်ရန် လိုအပ်ချက် များရှိနေမှု၊ ဝန်ဆောင်မှုလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေး လျှပ်စစ်ဓာတ် အားထုတ်လုပ်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်မှု၊ ဒေသတွင်းရှိ စက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို အားပေး ဆောင်ရွက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဖော်ဆောင်နိုင်မှု၊ နိုင်ငံတော်တွင် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက် စေရေးအတွက် MSME လုပ်ငန်းများကို နိုင်ငံအဝန်း အားပေးဆောင်ရွက်လျက်ရှိမှုနှင့် လို အပ်သည့် ရင်းနှီးမတည်ငွေများ၊ နည်းပညာများ၊ သွင်းအားစုများကို ဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိမှု၊  MSME လုပ်ငန်းများ ဒေသ အလိုက် ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ဒေသတစ်ခုချင်းစီအလိုက် အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုဖော်ဆောင်ပေးနိုင်သကဲ့သို့ဒေသနှင့် နိုင်ငံတော်၏ စီးပွားရေးသည် လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် စဉ်ဆက်မပြတ် အားပေးဆောင်ရွက်ရှိမှု၊ ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်စေရေး၊ သီးထပ်စိုက်ပျိုးမှုများ အောင်မြင်မှုရှိစေရေး တို့အတွက် စိုက်ပျိုးရေးရရှိရေးလုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိမှု၊ ဆိုလာစနစ်သုံး မြစ်ရေတင်စီမံကိန်းများဆောင်ရွက် ပေးခြင်း၊ ဆိုလာစနစ်သုံး မြေအောက်ရေထုတ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးခြင်း တို့ဖြင့် စိုက်ပျိုးရေလုံလောက်စွာရရှိအောင် ဆောင်ရွက်ပေးလျက်ရှိမှု၊ နိုင်ငံတော်မှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက် လျက်ရှိသဖြင့် ဒေသအနီးဝန်းကျင်ရှိ စိုက်ပျိုးမွေးမြူရေးသိပ္ပံများတွင်လည်း အတတ် ပညာများ တက်ရောက်သင်ကြား၍ လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်သွားကြ စေလိုမှု တို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားကြသည်။

            ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲအနေဖြင့် ပန်းတောင်းမြို့နယ်သို့ ပထမဆုံးလာရောက်သည်ဟု သိရှိရသည့်အတွက် မိမိအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ပန်းတောင်းမြို့သည် သမိုင်းကြောင်းအစဉ်အလာရှိသည့် နေရာတစ်ခုဖြစ်ပြီး ပထဝီနိုင်ငံရေးအရ ထူးခြားသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ဒေသ တွင်းစိုက်ပျိုးရေးနှင့်ပတ်သက်၍ ဆန်ဖူလုံမှုသည် ၂၀၀ ရာခိုင်နှုန်းကျော်၊ ပဲဖူလုံမှုသည် ၃၀၀ ရာခိုင်နှုန်းကျော်ရှိသည်ဟု သိရှိရကြောင်း၊ အရည်အသွေးပြည့်မီသည့် ဆန်များ ထုတ်လုပ်နိုင်ရေးအတွက် ပေါ်ဆန်းမွှေး စပါးကို စိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အထွက်နှုန်းကောင်းမွန်စေရေးအတွက် သွင်းအားစုများကို စနစ်တကျထည့်သွင်း စိုက်ပျိုးခြင်းဖြင့်ပန်းတောင်းဒေသအတွင် ပေါ်ဆန်းမွှေးစပါးကို အထွက်နှုန်းကောင်းမွန် စွာဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်စီးပွားရေးအရ တွက်ခြေကိုက် နိုင်သည့် တန်ဖိုးမြင့်ပေါ်ဆန်းမွှေးစပါး စိုက်ပျိုးထုတ်လုပ်ခြင်းကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း။

            ဆီထွက်သီးနှံစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် စားသုံးဆီများ ကို ပြည်ပမှများစွာတင်သွင်းနေရပြီး နိုင်ငံခြားငွေများ များစွာသုံးစွဲနေရကြောင်း၊ သို့သော် မိမိတို့နိုင်ငံမှ ထွက်ရှိသည့် မြေပဲနှင့် အခြားဆီထွက်သီးနှံများကို ပြည်ပသို့ တင်ပို့နေသော်လည်း ကုန်ကြမ်းအဖြစ်သာ တင်ပို့ခြင်းဖြစ်သဖြင့် ထိုက်သင့်သလောက် ဝင်ငွေမရရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကို အထောက်အကူပြု စေမည့် ဆီထွက်သီးနှံများဖြစ်ကြသည့် နေကြာ၊ ပဲပုပ် တို့အား ပိုမိုတိုးမြှင့်စိုက်ပျိုးသွား ကြရန်တိုက်တွန်းပြောကြားလိုကြောင်း၊ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အောင်မြင်ဖြစ် ထွန်းလျက်ရှိသဖြင့် ဒေသမှထွက်ရှိသည့် ပဲနှင့် ဆန်များကို အသုံးပြု၍ ကြာဆံများကို ထုတ်ကုန်တစ်ခုအဖြစ်ထုတ်လုပ်နိုင်ကြောင်း၊ အလားတူ ပန်းတောင်းမြို့နယ်အတွင်း ဝါ အားစမ်းသပ်စိုက်ပျိုးနေသည်ကို သိရှိရကြောင်း၊ စိုက်ပျိုးဖြစ်ထွန်းမှုအပေါ် မူတည်ပြီး ဝါကိုအခြေခံသည့် ဝါဂွမ်း၊ ချည်မျှင်နှင့် အထည် ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်သကဲ့သို့ ဝါစေ့ဆီကိုလည်း ထုတ်လုပ် နိုင်ကြောင်း၊ ထို့ကြောင့် ဒေသတွင်းဝါစိုက်ပျိုးခြင်းကို မြှင့်တင်ဆောင်ရွက်ကြစေလို ကြောင်း။

            မွေးမြူရေးနှင့်ပတ်သက်၍ ပန်းတောင်းဒေသတွင် စားရေးကို အထောက်အကူ ပြုစေရေးအတွက် အသားစားကြက်၊ ဥစားကြက်၊ ဝက်နှင့် နို့စားနွားမွေးမြူရေးလုပ်ငန်း များကို ပိုမိုတိုးချဲ့မွေးမြူသွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်ပစ္စည်းများဖြင့် တိရစ္ဆာန်အစာများကို ထုတ်လုပ်၍မွေးမြူရေးလုပ်ငန်းများ ကိုဆောင်ရွက်နိုင်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသား အရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာ အထက်တန်းကျောင်းများအား ဒေသအလိုက်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း၊ ဒေသတွင်းမွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် ဒေသတွင်းသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားများ၏ စားရေးကိုလည်း အထောက်အကူပြုနိုင်သကဲ့သို့ ပိုလျှံသည့် အသား၊ ငါးနှင့် ဥများကို အခြားဒေသများ သို့လည်း တင်ပို့ရောင်းချနိုင်ကြောင်း၊

            စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသတွင်း ပညာတတ်အရင်းအမြစ်များလိုအပ်သဖြင့် နိုင်ငံတော်အနေဖြင့် ပညာရည်မြင့်မားရေး အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသအလိုက် ပညာရည် မြင့်မားရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အားလုံး အနည်းဆုံးအဆင့် အခြေခံပညာအဆင့် KG+9 အထိ သင်ကြားအောင်မြင်နိုင်စေရေးနှင့် တန်းစဉ်ကူးပြောင်းမှုများ မြင့်မားစေရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ အတန်းပညာမြင့်မားမှသာ အဆင့်မြင့်ပညာများကို သင်ယူနိုင်မည်ဖြစ်ပြီးအသိပညာ၊ အတတ်ပညာမြင့်မား လာမည်ဖြစ်ကြောင်း၊ ပညာတတ်များပေါများကြွယ်ဝမှသာ ဒေသတွင်းလူမှုစီးပွား ဘဝများပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊ ပန်းတောင်းမြို့သည် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် အခြေခံကောင်းများရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ပန်းတောင်းမြို့နယ် အတွင်းပညာ တတ် လူသားအရင်းအမြစ်များ ပိုမိုတိုးတက်လာပြီးဒေသဖွံ့ဖြိုးအောင် ကြိုးပမ်း ဆောင်ရွက်သွား ကြစေလိုကြောင်း။

            နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံပညာ အထက်တန်းကျောင်းများကို ခရိုင်အလိုက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ဖွင့်လှစ် ရန်ကျန်ရှိသည့် ခရိုင်များတွင်လည်း ထပ်မံဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် နိုင်ငံတစ်ခုဖြစ်သဖြင့် လာမည့်ပညာသင်နှစ်တွင် အခြေခံပညာအလယ်တန်းကျောင်းအဆင့်၌ စိုက်ပျိုး မွေးမြူရေးဆိုင်ရာအခြေခံပညာများကို ထည့်သွင်း သင်ကြားပေးနိုင်ရေးစီမံဆောင်ရွက် လျက်ရှိကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း သင်ကြားရေးဆိုင်ရာ ဆရာ၊ ဆရာမများအနေဖြင့် စာပေပညာရပ်များအပြင် ကျောင်းသား၊ ကျောင်းသူများ စည်းကမ်းတကျဖြင့် နေထိုင်သွားလာပြောဆိုလုပ်ကိုင် တတ်စေရေး သင်ကြားလေ့ကျင့်ပေးကြရန်လိုကြောင်း၊ စည်းကမ်လိုက်နာမှုရှိသည့် လူငယ်၊ လူရွယ်များကို မွေးထုတ်ပေးနိုင်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ် အေးချမ်းမှုကို များစွာအထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး အသုံး ပြုမှုများသည် လူငယ်များ၏ဘဝကို များစွာထိခိုက်စေသဖြင့် ပန်းတောင်းဒေသအတွင်း မူးယစ်ဆေးဝါးများ သုံးစွဲမှုမရှိစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားကြစေလိုကြောင်း။

            မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မဲမသမာမှုများအား ဖြေရှင်း ပေးရန်အတွက် ထိုအချိန်က တာဝန်ရှိသူများအား အကြိမ်ကြိမ်အကြောင်းကြားခဲ့သော် လည်း ဖြေရှင်းပေးမှုမရှိဘဲ နိုင်ငံတော်၏အာဏာကို မဲမသမာမှုရလဒ်များဖြင့် အနိုင် ရရှိလာသည့် ကိုယ်စားလှယ်များဖြင့်လွှတ်တော်ခေါ်ယူ၍ အဓမ္မနည်းဖြင့် ရယူရန် အတွက် ဆောင်ရွက်လာသည့်အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော်ကိုအရေးပေါ် အခြေအနေကြေညာပြီး တာဝန်ယူဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း။

            နိုင်ငံတော်အားစတင်တာဝန်ယူချိန်တွင် ဦးတည်ချက်များချမှတ်ဆောင်ရွက်ခဲ့ ပြီး ယခုအခါ မိမိတို့အစိုးရ၏အန္တိမရည်မှန်းချက်ဖြစ်သည့် ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသည့် အပိုင်း (၂) နှင့်အပိုင်း(၃)ကိုလည်း ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်အား ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနိုင် ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအပိုင်း(၁)တွင် ဆန္ဒမဲပေးမှု များ ပြားပြီး ပြည်သူများအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပါဝင်လျှောက်လှမ်း လိုသည့် ဆန္ဒများရှိသည်ကိုသိရှိရသဖြင့် အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်ကြောင်း၊ ထို့ကြောင့် ပန်းတောင်းဒေသတွင်လည်း ရွေးကောက်ပွဲ ကျင်းပချိန်တွင်ဆန္ဒမဲပေးချိန်၌ ရာခိုင်နှုန်းများပြားစွာ ပိုမိုပေးအပ်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြစေလို ကြောင်း၊ ဆန္ဒမဲပေးရာတွင်လည်း နိုင်ငံတော်နှင့်‌ ဒေသအကျိုးကို ဆောင်ရွက်ပေးနိုင် သည့်သူ၊ အမျိုးဘာသာသနာအကျိုးကို သယ်ပိုးထမ်းရွက်နိုင်မည့်သူ၊ နိုင်ငံတည်ရှိနေ သရွေ့ တည်တံ့ခိုင်မြဲစွာတည်ရှိနေမည့် တပ်မတော်နှင့် လက်တွဲဆောင်ရွက်နိုင်မည့် ကိုယ်စားလှယ်လောင်းများကိုရွေးချယ်၍ ဆန္ဒမဲပေးနိုင်ရန်လိုကြောင်း၊ အလားတူ ဥပဒေပြုရေးလုပ်ငန်းများကို ဆောင်ရွက်မည့်သူများဖြစ်သဖြင့် ဥပဒေကို သိရှိနား လည်ကြသူများလည်းဖြစ်ရန်လိုကြောင်း၊ အထူးသဖြင့် ပညာတတ်ကိုယ်စားလှယ် လောင်းများကို ရွေးချယ်နိုင်ရန်လိုကြောင်း၊ သို့မှသာ ပန်းတောင်းမြို့နယ်အတွက် ကိုယ်စားလှယ်ကောင်းများရရှိမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပန်းတောင်းမြို့နယ်အတွင်း ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြလုပ်နိုင်ရေး ဝိုင်းဝန်းဆောင် ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဥက္ကဋ္ဌ သည် ခင်းကျင်းပြသထားသည့် ပန်းတောင်းမြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ ၏တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။