နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  ဆင်တဲနှင့်ထုံးဘိုတို့ရှိတပ်မတော်အကြီးစားစက်ရုံများ၌လယ်ယာသုံးစက်ကိရိယာများနှင့်မော်တော်ယာဉ်များထုတ်လုပ်နေမှုအားသွားရောက်ကြည့်ရှုစစ်ဆေး

Thursday, January 8, 2026 - 15:30

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ဆင်တဲနှင့် ထုံးဘို တို့ရှိ တပ်မတော်အကြီးစားစက်ရုံများ၌ လယ်ယာသုံးစက်ကိရိယာများနှင့် မော်တော်ယာဉ်များ ထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ - ၈

          နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဆင်တဲနှင့်ထုံးဘိုတို့ရှိ နယ်မြေခံတပ်မတော်အကြီးစားစက်ရုံများ၌ လယ်ယာသုံးစက် ကိရိယာများ၊ မော်တော်ယာဉ်များ ထုတ်လုပ်နေမှု အခြေအနေများကိုသွားရောက် ကြည့်ရှု စစ်ဆေးသည်။  

          ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နံနက်ပိုင်းတွင်တပ်မတော်အကြီးစားစက်ရုံ (ဆင်တဲ) သို့ ‌ရောက်ရှိကြပြီး စက်ရုံမှထုတ်လုပ်ထားရှိသည့် လက်ဆွဲကောက်စိုက်စက်နှင့် Manual Drum Seeder များအားကြည့်ရှုစစ်ဆေးကာ  တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

          ထို့နောက် စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးက စက်ရုံသမိုင်းအကျဉ်း၊ ဝန်ထမ်းများခန့်အပ်ထားရှိမှု၊ ရည်မှန်းချက်တာဝန်များ၊ စက်ရုံမှ လယ်ယာသုံးစက်ပစ္စည်း များနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်လျက်ရှိမှု၊ စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် စက်ကိရိယာများ၊ လက်သုံးကိရိယာများ ထုတ်လုပ် မှု၊ လယ်ယာသုံးစက်ကိရိယာများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် သုတေသန လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကစီးပွားရေးအဖြစ်ဆောင်ရွက်သည့် နိုင်ငံဖြစ်သဖြင့် နိုင်ငံတော်၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရေးအတွက် လိုအပ်သည့် လယ်ထွန်စက်များနှင့် စက်ကိရိယာများအား ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ စက်ရုံ၏ကုန်ထုတ် လုပ်ငန်းများအတွက် လိုအပ်သောကျွမ်းကျင်လုပ်သားများ ရရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ထုတ်လုပ်လိုက်သည့် စက်ပစ္စည်းများ အရည်အသွေး ပြည့်မီစေရေးအတွက် စနစ်တကျသုတေသနပြု ထုတ်လုပ်သွားရန်လိုကြောင်း၊ ဝန်ထမ်း များ၏ စားသောက်နေထိုင်ရေးနှင့် သက်သာချောင်ချိရေးလုပ်ငန်းများ  ဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုအပ်သကဲ့သို့ လုပ်ငန်းခွင်ကျွမ်းကျင်မှုအလိုက် ချီးမြှင့်မှုများကိုလည်း ဆောင်ရွက် ပေးသွားရန်လိုကြောင်း၊ စားရေးကိုအထောက်အကူဖြစ်စေသည့် တပ်ပိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ဝန်ထမ်း မိသားစုဝင်သားသမီးများ၏ ပညာရည်မြင့်မားရေးကိုလည်း ဆောင်ရွက်ပေးသွားရန်လို ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

          ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်‌ အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်းအလုပ်ရုံများအား လှည့်လည်၍ လက်ဆွဲကောက်စိုက်စက်၊ Manual Drum Seeder များနှင့် ဆက်စပ် ပစ္စည်းများ ထုတ်လုပ်နေမှု၊ သံရည်ကြိုအလုပ်ရုံအတွင်း စက်ပစ္စည်းအစိတ်အပိုင်းများ သွန်းလောင်းထုတ်လုပ်နေမှု၊ သံဂဟေချောင်းအလုပ်ရုံအတွင်း သံဂဟေချောင်းများ အဆင့်ဆင့်ထုတ်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များ အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်‌ အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ စက်ရုံမှူးက လက်ခံရယူသည်။

          ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်‌ အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် တပ်မတော် အကြီးစားစက်ရုံ(ထုံးဘို)သို့ ရောက်ရှိကြရာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးက စက်ရုံသမိုင်းအကျဉ်း၊ ဝန်ထမ်းများခန့်အပ်ထားရှိမှု၊ ရည်မှန်းချက်တာဝန်များ၊ ထုတ်လုပ် နိုင်မှုစွမ်းရည်များနှင့် တစ်နှစ်ထုတ်လုပ်နိုင်မှုအခြေအနေများ၊ လမ်းညွှန်မှာကြားချက်များ အား လိုက်နာဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မော်တော်ယာဉ်များအား ထုတ်လုပ် လျက်ရှိမှု၊ သုတေသနပြုဆောင်ရွက်လျက်ရှိမှုနှင့် စမ်းသပ်မောင်းနှင်ခြင်းများဆောင်ရွက် ပြီးစီးပါက တပ်မတော်နှင့်ဌာနဆိုင်ရာများသို့ ထုတ်ပေးလျက်ရှိမှုတို့နှင့် ဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေများကိုရှင်းလင်းတင်ပြသည်။

          ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်လုံခြုံရေးနှင့်‌အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မော်တော်ယာဉ်များအား ထုတ်လုပ်ရာတွင် အစိတ်အပိုင်းများအားလုံးကို မိမိတို့ကိုယ်တိုင်ထုတ်လုပ်အသုံးပြုနိုင်ရန်လိုပြီး အစိတ် အပိုင်းများအား ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ ထုတ်လုပ်ပြီး စက်ပစ္စည်းအစိတ်အပိုင်းများအား တစ်ခုချင်းစီအလိုက် အရည် အသွေးစမ်းသပ်ခြင်းများ ဆောင်ရွက်ပြီးမှသာ တပ်ဆင်အသုံးပြုခြင်းဆောင်ရွက်ရန်နှင့် မော်တော်ယာဉ်အရည်အသွေးစစ်ဆေးခြင်း၊ စမ်းသပ်မောင်းနှင်ခြင်းများကိုလည်း စနစ် တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ အရေအတွက်ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် အရည်အသွေးပိုမိုကောင်းမွန်လာရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

          ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်‌ အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်းရှိ အလုပ်ရုံများ အတွင်း မော်တော်ယာဉ်များထုတ်လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ ထုတ်လုပ်ပြီး မော်တော်ယာဉ်များအား စစ်ဆေးစမ်းသပ်နေမှုနှင့် ထုတ်လုပ်ထားရှိသည့် မော်တော်ယာဉ် များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ လမ်းညွှန်မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်‌ အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ စက်ရုံမှူးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။