မိုင်းပန်မြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၊ မဲရုံနေရာများအား သွားရောက် ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၆

Tuesday, January 6, 2026 - 15:30

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါမြို့ရှိ နယ်မြေခံတပ်ဌာနချုပ် အစည်းဝေးခန်းမ၌ ပြုလုပ်ရာ အ‌ရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်မှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင် စွာကျင်းပနိုင်ရေး မဲစာရင်းများမှန်ကန်မှုရှိစေရေး၊ မဲရုံလုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ မဲဆန္ဒရှင်များ သွားလာရေးအဆင်ပြေစေရန် မော်တော်ယာဉ်များစုဖွဲ့ ပြင်ဆင်ဆောင်ရွက် ထားရှိမှု၊ မဲဆန္ဒရှင်များအတွက် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများပြုလုပ်ရန်  ပြင်ဆင်ထားရှိမှုနှင့် မဲရုံမီးဘေးလုံခြုံ‌ရေးအတွက် မီးသတ်ဆေးဘူးများ ပြင်ဆင်ဆောင် ရွက်ထားရှိမှု၊ မဲပေးရာတွင်ကြန့်ကြာမှုမရှိစေရေး အဆိုင်း(၂)ဆိုင်းခွဲ၍ ကွန်ပျူတာ TABLET စနစ်များဖြင့် လွယ်ကူလျှင်မြန်စွာ မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုတို့နှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ရွေးကောက် ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍ အလိုက်ပြင်ဆင်ဆောင်ရွက် ထားမှုအခြေအနေများအား ဆွေးနွေးတင်ပြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း လျာထားမဲရုံနေရာ များအား သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။