တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်အပ်နှင်းခြင်းခံရသော အရာရှိ၊ စစ်သည်များနှင့် အမွေခံများ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၅

Monday, January 5, 2026 - 15:45

         တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်အပ်နှင်းခြင်း ခံရသော အရာရှိ၊ စစ်သည်များနှင့် အမွေခံမိသားစုဝင်များသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို ကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက် ထားသည့် ဂန္ဓကုဋိတိုက်များအတွင်း ကြည့်ရှုလေ့လာကြသည်။

         ထို့နောက်ဗိသုကာလက်ရာများဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်​ကြီး၊ ​ကျောက်စာရုံ စေတီတော်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်နှင့် အခြားသာသနိကအဆောက်အအုံများကို ဆက်လက်ဖူးမြော်ကြည်ညိုကြ သည်။

မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်အတွက် မိမိတို့၏ အသက်ကိုပင် စွန့်လွှတ် စွန့်စားစွာ ပေးဆပ်ခဲ့ကြသည့် အမွန်မြတ်ဆုံး တုနှိုင်းဖွယ်ရာမရှိသော ဂုဏ်ဒြပ်များကို ပိုင်ဆိုင်ကြသည့် သူရဲကောင်းတစ်ဦးစီကို မော်ကွန်းတင် ကမ္ပည်းရေးထိုးထားရှိသည့် အထိမ်းအမှတ်ဗိမာန်တစ်ခု ဖြစ်သည့် သူရဲကောင်း ဗိမာန်(နေပြည်တော်)သို့ သွားရောက် ဂါရဝပြု အလေးပြုကြကြောင်း သတင်းရရှိသည်။