(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ  ၄

Sunday, January 4, 2026 - 18:15

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ  ၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေ ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး ဥပစာမြက်ခင်းပြင်၌ ကျင်းပသည်။

ဦးစွာ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဇေယျကျော်ထင် သရေစည်သူ ဦးညိုစောနှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ဂုဏ်ပြုဆောင်ခန်းမ ဥပစာမြက်ခင်းပြင် သို့ရောက်ရှိကြပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး တို့နှင့်အတူ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံရေး ပါတီများမှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ  မီးရှူးမီးပန်းများ ပစ်ဖောက်မှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတို့သည်  ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာ ကြသူများနှင့် အတူ ညစာကိုအတူတကွသုံးဆောင်ကြသည်။ ညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်း ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေကြ သည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဂုဏ်ပြု ဆောင်ခန်းမ၌ပြုလုပ်သည့် ပဒေသကပွဲကို ကြည့်ရှုအားပေးကြသည်။

ပဒေသာကပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့သည် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာ၊ အနုပညာဦးစီးဌာနတို့မှ တေးသံရှင်များနှင့် အနုပညာရှင်များကို ဂုဏ်ပြု ပန်းခြင်းပေးအပ်ပြီး ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တက်‌ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

အဆိုပါ(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဇေယျကျော်ထင် သရေစည်သူ ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊  ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့်သံရုံး တာဝန်ခံများ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များ၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင် ဘွဲ့ရရှိကြသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားတိုင်းရင်းသူများ၊ အနုပညာရှင်များ၊ အစိုးရမဟုတ် သော အသင်းအဖွဲ့များနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။