နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြု
နေပြည်တော်၊ ဇန်နဝါရီ - ၄
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ် ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းပေး သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာ သရေစည်သူ စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဇေယျကျော်ထင် သရေ စည်သူ ဦးညိုစောနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ်နှင့်ဇနီး၊ ကော်မရှင်အတွင်း ရေးမှူးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် လက်ခံ ရယူကြမည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် လွတ်လပ်ရေးဟူသည်မှာ မိမိတို့မြန်မာတစ်မျိုးသားလုံးအတွက် အဖိုးအနဂ္ဃ ထိုက်တန်သည့် ရတနာတစ်ပါးပင်ဖြစ် ကြောင်း၊ ထို့ကြောင့် နှစ်စဉ်ကျရောက်မြဲဖြစ်သည့် လွတ်လပ်ရေးနေ့သည် နိုင်ငံသူနိုင်ငံ သားအားလုံးအတွက် တန်ဖိုးထားဂုဏ်ယူဖွယ်ရာအမွန်မြတ်ဆုံးသော နေ့ထူးနေ့မြတ်အခါ သမယတစ်ခုပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ နေ့ထူးနေ့မြတ်ဖြစ်သည့် လွတ်လပ်ရေးနေ့ အခါ သမယရောက်တိုင်း နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲ ရေးအတွက် သက်စွန့်ကြိုးပမ်းတာဝန်ထမ်းရွက်ခဲ့ကြသည့် သူရဲကောင်းစစ်သည်တိုင်းကို တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးအပ်လျက်ရှိ ကြောင်း။
ယနေ့အခမ်းအနားတွင်လည်း နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် မိမိတို့အသက်နှင့်ခန္ဓာကို ပဓာနမထားဘဲ သူရဲကောင်းတို့ထုံး နှလုံးမူပြီး ပြည့်ဝသည့် ရဲစွမ်းသတ္တိနှင့် တာဝန်ထမ်းဆောင်ခဲ့ကြသူများကို တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း။
လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် နိုင်ငံအတွင်း၌ ဝါဒစွဲကြီးမားမှုမှ အခြေခံပြီး ဂိုဏ်းဂဏကွဲပြားမှုများကတစ်ဆင့် ပြည်တွင်းသောင်းကျန်းမှုကာလကို ရင်ဆိုင်ကြုံတွေ့ ခဲ့ရပြန်ကြောင်း၊ ယင်းကာလအတွင်း အစိုးရအဖွဲ့အမျိုးမျိုး၊ နိုင်ငံရေးစနစ်အမျိုးမျိုးနှင့် ဆူကြုံနိမ့်မြင့်ဖြတ်သန်းခဲ့ရာတွင်လည်း တပ်မတော်သည် ဒို့တာဝန် အရေးသုံးပါးကို အခြေခံပြီး အမျိုးသားရေးတာဝန်များကို ဦးလည်မသုန် ကျေပွန်အောင် ထမ်းရွက်နိုင်ခဲ့ ကြောင်း၊ တပ်မတော်သည် ဆူကြုံနိမ့်မြင့် ခရီးအသွယ်သွယ်တွင် စစ်ရေးတိုက်ပွဲများကို သာမက နိုင်ငံရေးတိုက်ပွဲများကိုလည်း မလွဲမသွေရင်ဆိုင်ဆင်နွှဲရင်း အမျိုးသားနိုင်ငံရေး ဦးဆောင်မှု ဟူသည့် ထူးခြားသည့်သမိုင်းမှတ်တိုင်တစ်ခုကိုပါ စိုက်ထူနိုင်ခဲ့ကြောင်း၊ ယင်းသည် သမိုင်းစဉ်များကချီးမြှင့်သည့် မိမိတို့တပ်မတော်၏ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ဒြပ်တစ်ခုလည်း ဖြစ်ကြောင်း။
လွတ်လပ်ရေးသမိုင်းစဉ်၏ညွှန်းဆိုပြသမှု၊ ပြည်တွင်းသောင်းကျန်းမှု ကာလသမိုင်း စဉ်များ၏ ညွှန်းဆိုပြသမှုများနှင့် ယနေ့မျက်မှောက် တာဝန်ကျေပွန်ခဲ့မှုများကို ကြည့်ရ မည်ဆိုပါက တပ်မတော်သည် မျိုးချစ်စိတ်ကိုအခြေခံပြီး သန္ဓေတည်မွေးဖွားလာသည့် မျိုးချစ်တပ်မတော်တစ်ရပ်ဖြစ်ကြောင်းကို သိသာထင်ရှားစွာ တွေ့မြင်ကြရမည်ဖြစ် ကြောင်း၊ ထို့အပြင် အမိမြန်မာနိုင်ငံတော်အတွက် ခိုင်မာအားကောင်းပြီး စွမ်းရည် (၃)ရပ်နှင့်ပြည့်စုံသည့် တပ်မတော်တစ်ရပ်ဖြစ်သည်ဟူသည့် ဂုဏ်ဒြပ်တစ်ခုကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ကြရမည်ဖြစ်ကြောင်း။
ထို့ကြောင့် ယနေ့မျက်မှောက်ခေတ်ကာလတွင် တပ်မတော်သားများ၊ တပ်မတော် သား မိသားစုဝင်များအနေဖြင့် တပ်မတော်၏ဂုဏ်ဒြပ်ကို လေးစားတန်ဖိုးထားကြ ရမည်ပင်ဖြစ်ကြောင်း၊ ထို့အပြင် တန်ဖိုးကြီးမားသည့် လွတ်လပ်ရေးနှင့်အတူ နိုင်ငံတော် ကာကွယ်ရေးတာဝန်၏ နက်ရှိုင်းကျယ်ပြန့်မှုကိုသိရှိပြီး ကျရာကိုယ်စီတာဝန်များကို ရဲရဲဝံ့ဝံ့ ကျေပွန်စွာထမ်းဆောင်သွားကြရန် လေးလေးနက်နက် တိုက်တွန်းမှာကြားလို ကြောင်း။
နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံးသော အာမခံချက်သည် စွမ်းရည်ထက်မြက်သည့် ကာကွယ်ရေးစွမ်းအားစု တစ်ရပ် တည်ဆောက်ပိုင်ဆိုင်ထားနိုင်ခြင်းပင်ဖြစ်ကြောင်း၊ မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံ အသီးသီးကို ကြည့်မည်ဆိုပါကလည်း မိမိနိုင်ငံ၏ နယ်နိမိတ်အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေး အတွက် စစ်အင်အားများတိုးချဲ့ခြင်းနှင့်ခေတ်မီလက်နက်အသစ်အဆန်းများ စမ်းသပ် တီထွင်ထုတ်လုပ်ခြင်းများ အပြိုင်အဆိုင်ဆောင်ရွက်နေကြသည်ကို တွေ့ကြရမည်ပင်ဖြစ် ကြောင်း၊ ထို့အပြင် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင်လည်း Balance of Power ဟုခေါ် သည့် အင်အားချိန်ခွင်လျှာပျက်ယွင်းခြင်း၊ ဗိုလ်ကျစိုးမိုးခြင်း၊ အင်အားပြိုင်ဆိုင်မှု ကိစ္စရပ် များနှင့် ရုပ်သေးအစိုးရဖြစ်စေရေး ကြိုးစားမှုများ များပြားလျက်ရှိသည်ကို တွေ့ရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ပြီး သမားရိုးကျစစ်ပွဲများ ဆင်နွှဲနိုင်ရေးနှင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် အသုံးချခံမဖြစ်စေရေးအတွက် မိမိတို့နိုင်ငံ၏ တပ်မတော် ကိုလည်း တိုက်စွမ်းရည်နှင့်တိုက်စွမ်းအားရှိသည့် အင်အားတောင့်တင်းပြီး စွမ်းရည် ထက် မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော် (Standard Army)တစ်ရပ် အဖြစ် ရည်မှန်းချက် ထား တည်ဆောက်လျက်ရှိကြောင်းကို ပြောကြားလိုကြောင်း။
တပ်မတော်သည် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၏မူဝါဒနှင့် ဦးတည်ချက်များ ကို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ လက်ရှိအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်များမှ စတုတ္ထ အချက်ဖြစ်သည့် “ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင် ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင် စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရေး” လုပ်ငန်းစဉ်တွင်လည်း ယနေ့ထက်တိုင် လိုက်ပါအကောင်အထည်ဖော် ဆောင်နေလျက်ရှိသည်ကိုလည်း တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ဒီမိုကရေစီစနစ်ပီပြင်ခိုင်မာရန်ဆိုပါက ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့်လည်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ပါဝင်ကြရမည်ဖြစ်ပြီးတပ်မတော်အနေဖြင့်လည်း ပြည်သူလူထုနှင့်အတူ လက်တွဲကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ယနေ့နိုင်ငံတော်သည် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ လမ်းကြောင်း ပေါ်တွင် ပြည်သူလူထု၏ဆန္ဒနှင့်အညီ လျှောက်လှမ်းနိုင်ရေး ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း(၁)ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ဆက်လက်ပြီး ရွေးကောက်ပွဲအပိုင်း(၂)နှင့်(၃)ကို ယခုလ အတွင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းသည် တပ်မတော်၏ နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ်အလေးထားမှု၊ ကတိကိုကတိအတိုင်းဆောင်ရွက်မှု၊ သစ္စာရှိမှုကို ပြသခြင်းပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့ရွေးကောက်ပွဲအောင်မြင်အောင် ဆောင်ရွက် နိုင်ခြင်း သည် မိမိတို့တပ်မတော်သားအဆင့်ဆင့်၏ ကျရာတာဝန်ကို ကျေပွန်ခဲ့မှုကြောင့်ဖြစ် ကြောင်း၊ ယင်းကို နိုင်ငံတော်နှင့် တပ်မတော်က အစဉ်အသိအမှတ်ပြုဂုဏ်ယူနေမည် ဖြစ် ကြောင်း။
အများသူငါ လုပ်ဆောင်နိုင်ရန် ခဲယဉ်းသည့်တာဝန်များကို အသက်ကို မငဲ့ကွက်ဘဲ စွန့်လွှတ်စွန့်စားမှုအပြည့်ကျေကျေပွန်ပွန် ထမ်းဆောင်ခဲ့သူများအတွက် နှစ်စဉ် လွတ်လပ် ရေးနေ့ အခါသမယရောက်တိုင်း တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် များ ချီးမြှင့်ပေးလျက်ရှိရာ ယခုအခမ်းအနားတွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ရရှိ သူ(၅၁)ဦးကို အစဉ်အလာကောင်းများနှင့်အညီ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း။
ကိုယ်ကျိုးမဖက် တိုင်းပြည်နှင့်လူမျိုးအပေါ်ထားသည့် သစ္စာတရားများကြောင့် ယခု ကဲ့သို့ထိုက်တန်သည့် ဂုဏ်ပြုချီးမြှင့်ခြင်းများအပြင် တပ်မတော်မိသားစုဝင်များ၏ နောင် ရေးစိတ်အေးချမ်းသာစေရေး လိုအပ်သည်များကို စီမံဆောင်ရွက်ပေးလျက်ရှိပြီး စွန့်လွှတ် စွန့်စားသည့် စစ်သည်တော်ကောင်းများဖြစ်လာစေရေး နိုင်ငံတော်၊ တပ်မတော် အနေဖြင့် ဆောင်ရွက်ပေးသင့်သည်မှန်သမျှကို ဆက်လက်စီမံဆောင်ရွက်ပေးရန် အမြဲအသင့်ရှိ ကြောင်းကို အသိပေးပြောကြားလိုကြောင်း၊ ထို့ကြောင့် တပ်မတော်သားများ၊ တပ်မတော် သားမိသားစုဝင်များအနေဖြင့် တပ်မတော်၏ အစဉ်အလာကောင်းများကို ထိန်းသိမ်း စောင့်ရှောက်ရင်း တပ်မတော်၏ဂုဏ်ကို မြှင့်တင်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
“လုံ့လလည်းရှိ၊ ဉာဏ်ကဝိနှင့်၊ သတ္တိရဲရောင်၊ ပွဲကြီးအောင်သည်၊ စွမ်းဆောင် လုံ့လ အကျိုးတည်း”ဟူသည့် လင်္ကာအတိုင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ဇွဲ၊ လုံ့လ၊ ဝီရိယ သူရသတ္တိပြောင်မြောက်စွာထမ်းဆောင်ရင်း ဆုတံဆိပ်နှင့်လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်းခံရသူများသည် တပ်မတော်၏ အစဉ်အလာကောင်းများကို အမွန်မြတ် ဆုံး ပေးဆပ်မှုများနှင့်သက်သေပြခဲ့သူများဖြစ်သဖြင့် ပြည့်သူ့သားကောင်း အာဇာနည်များ အဖြစ် အမြဲအမှတ်ရ လေးစားဂုဏ်ယူနေမည်ဖြစ်ကြောင်းကို ပြောကြားလိုကြောင်း၊ ထို့ အပြင် ဆုများချီးမြှင့်ခြင်းမခံရသော်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် ကျရာနေရာ အသီးသီးတွင် ပေးအပ်သည့်ရည်မှန်းချက် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နေ ကြသူများကိုလည်း အသိအမှတ်ပြုကြောင်းကို ပြောကြားလိုကြောင်း၊ ဆက်လက်၍လည်း အစဉ်အလာကောင်းများနှင့်အတူ နောင်လာမည့် မျိုးဆက်သစ်များကို လွတ်လပ်ရေး၏ တန်ဖိုးနှင့်အနှစ်သာရများ၊ သူရသတ္တိတို့နှင့် ပြည့်စုံခဲ့သည့် စစ်သည်တို့၏ ဂုဏ်ဒြပ်များနှင့် အတူ နိုင်ငံ့သမိုင်းဂုဏ်ရှိန်ထည်ဝါခဲ့သည့် မြန်မာတို့၏ရာဇဝင်များကို ဆင့်ကဲမျှဝေရင်း ဇာတိသွေး၊ ဇာတိမာန် ထက်သန်သည့် မျိုးဆက်သစ်ကောင်းများ ပေါ်ထွန်းလာအောင် လက်ဆင့်ကမ်း အမွေပေးသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ဗိုလ်မှူးကြီး ၇ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၆ ဦး၊ ဗိုလ်မှူး ၁၄ ဦး၊ ဗိုလ်ကြီး ၄ ဦး၊ ဗိုလ် ၁ ဦး၊ ဒုတိယ အရာခံဗိုလ် ၄ ဦး၊ အုပ်ခွဲတပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၃ ဦး၊ တပ်ကြပ် ၅ ဦး၊ ဒုတိယတပ်ကြပ် ၆ ဦး တို့အား ဆုတံဆိပ်များ အသီးသီးပေးအပ် ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ အမွေခံများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခံရသူများကို လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်း ဧည့်ခံခဲ့ ပြီး ပြည်သူဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။















