(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ အနော်ရထာခန်းမရှေ့ စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်သည်။
အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်၊ စစ်သမီးများ တက်ရောက်ကြပြီး အခမ်းအနားတွင် နိုင်ငံတော်အလံအလေးပြုခြင်း၊ ကျဆုံး လေပြီးသော တပ်မတော်သားများအား အလေးပြုခြင်းတို့ကို စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်မိန့်ခွန်း ပြောကြားသည်။
ထို့နောက် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပြီး အားကစားနည်းများအလိုက် ဆုရရှိသူများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စခန်းမှူးနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
အလားတူ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားများကို တိုင်းစစ် ဌာနချုပ်များအလိုက် အသီးသီးကျင်းပပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ တပ်မတော် အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် အရာရှိ၊ စစ်သည်များ တက်ရောက်ကြပြီး စစ်ရေးပြအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ကြသည်။
၎င်းပြင် တိုင်းစစ်ဌာနချုပ်များအလိုက် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပြီး အားကစားပြိုင်ပွဲများအလိုက် ဆုရရှိသူ များအား တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်း သတင်း ရရှိသည်။









