(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကျင်းပ နေပြည်တော် ဇန်နဝါရီ   ၄

Sunday, January 4, 2026 - 16:15

၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်း အနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မြို့တော်ခန်းမရှေ့ရင်ပြင်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားကို (၁) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ် မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့သည် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံး အမျိုးသားရေးရည်မှန်းချက်၊ အမျိုးသားရေးတာဝန်ဖြစ်သည့်အတွက် နိုင်ငံသားအားလုံးက ထိန်းသိမ်းစောင့်ရှောက်ရေး (၂) ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရန် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရေး၊ (၃)လွတ်လပ်မှုနှင့် တရားမျှတမှုကို ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ ရယူ အသုံးချပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အပြည့်အဝ အကောင်အထည်ဖော်ရေး၊ (၄)ဒေသအလိုက် သဘာဝထွက်ကုန်များကိုအခြေခံကာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME)များကို အားပေး မြှင့်တင်၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း တိုးတက်အောင်ဆောင်ရွက်ရေး ဟူသည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များနှင့် အညီ အနှစ်သာရ ပြည့်ဝစွာကျင်းပခြင်းဖြစ်သည်။

ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကိုကျင်းပရာ အလံတင် တပ်စု က တိုင်းရင်းသား၊ တိုင်းရင်းသူများခြံရံ၍ နိုင်ငံတော်အလံကို လွှင့်တင်သည်။

ထို့နောက် နံနက် ၆ နာရီတွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင် စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ တပ်မတော်အရာရှိကြီး များ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ တိုင်းရင်းသား တိုင်းရင်းသူများ၊ မိဘပြည်သူများသည် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနား ကျင်းပမည့် မြို့တော်ခန်းမရှေ့ ရင်ပြင်သို့ဝင်ရောက်နေရာယူကြသည်။

ယင်းနောက် နံနက် ၇ နာရီတွင် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ် ရေးနေ့ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကိုကျင်းပရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမရှေ့ ရင်ပြင်သို့ ချီတက်နေရာ ယူကြသည်။

ထို့နောက် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော် ဝန်ကြီးချုပ် ဇေယျကျော်ထင် သရေစည်သူ ဦးညိုစော က အလေးပြုခံစင်မြင့်သို့ ရောက်ရှိပြီး ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူသည်။

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ် ဇေယျကျော်ထင် သရေစည်သူ ဦးညိုစော နှင့် အခမ်းအနား သို့ တက်ရောက်လာကြသူများသည် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံကို အလေးပြုကြသည်။ ဆက်လက်၍ ဂုဏ်ပြုတပ်ဖွဲ့က ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြု၍ သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆိုကြသည်။

၎င်းနောက် နိုင်ငံတော်ဝန်ကြီးချုပ် ဇေယျကျော်ထင် သရေစည်သူ ဦးညိုစော က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေး ကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင် ထံမှ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဇေယျကျော်ထင် သရေစည်သူ ဦးညိုစော သည် ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ သည်။