ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး(၆/၂၀၂၅) ကျင်းပ  နေပြည်တော်၊  ဒီဇင်ဘာ ၃၁

Thursday, January 1, 2026 - 02:30

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး (၆/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ရုံးအမှတ်(၁၈)  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ နှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက video conference စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၅) မှတ်တမ်းကို အတည်ပြုခြင်း ဆောင်ရွက်သည်။

ထို့နောက်နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် အစိုးရအနေဖြင့် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ  ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်၌အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊  နိုင်ငံတော်၏ လုပ်ဆောင်ချက်များအပေါ် ပြည်သူလူထုမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ၊ နိုင်ငံတကာနှင့် ပြည်တွင်း အခြေစိုက်နိုင်ငံခြားသံရုံးများမှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများကလည်း သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်၍ စောင့်ကြည့် လေ့လာမှုများ ဆောင်ရွက်ခဲ့ကြပြီး လုပ်ငန်းစဉ်များ အားလုံးတွင် ပြီးပြည့်စုံမှုရှိပြီး တာဝန်ခံမှုအပြည့်အဝဖြင့် အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့ဟု မှတ်ချက်များ ပေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ဆက်လက်ဆောင်ရွက်ရန်ရှိသည့် ပြည်သူလူထုက လိုလားတောင့်တ လျက်ရှိသော လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း ၂ နှင့် အပိုင်း ၃ တို့ကိုလည်း အောင်မြင်စွာ ကျင်းပပြီးဆုံးသည် အထိ အစိုးရ အဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းပါဝင်၍ ကဏ္ဍအသီးသီးမှ ဆောင်ရွက်သွား ကြရန် တိုက်တွန်းပြောကြား လိုကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ၊ တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှု တားဆီးကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်သတ်မှတ်၍ အစဉ် တစိုက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ "နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့" ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးရေး နှင့် မွေးမြူရေးအပါအဝင် ဒေသထွက်ကုန်ကြမ်းများကိုအသုံးပြုသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ စီးပွားရေးကောင်းမွန်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲကိုယ်တိုင်  တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့  သွားရောက်စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များလမ်းညွှန်ခဲ့သည့်အတွက် တစ်နှစ်ထက် တစ်နှစ် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခဲ့ကြောင်း။

“နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့် အညီ သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ သဘာဝတောများ ထိန်းသိမ်းခြင်း၊ လေကာတန်းများစိုက်ပျိုးခြင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုးနည်းစနစ်များကျင့်သုံး ခြင်း၊ ရေအရင်းအမြစ်များ စနစ်တကျစီမံခြင်းစတဲ့နည်းလမ်းကိုလည်း ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်သည် ပွင့်လင်းခြောက်သွေ့သည့် ရာသီဖြစ် သည့်အတွက် မီးဘေးအန္တရာယ်မဖြစ်ပွားအောင် ဂရုပြုကြရန်လိုကြောင်း၊ မီးလောင် ကျွမ်းမှုအများစုသည် ပေါ့ဆမှုကြောင့်ဖြစ်ပွားရခြင်းဖြစ်သဖြင့် မီးအသုံးပြုမှု စနစ်တကျ ရှိရန်လိုအပ်ကြောင်း၊ လျှပ်စစ်မီးအသုံးပြုရာတွင် ဝါယာလျှော့ဖြစ်ပွားခြင်းကဲ့သို့ ပေါ့ဆ မှုကြောင့် မီးလောင်မှုများပြားသည်ကိုတွေ့ရသည့်အတွက် အသိပညာပေး လုပ်ငန်း များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်ကြောင်း။

“နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့" ဟူသောဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ  လူငယ်များအားလုံး ပညာသင်ကြားနိုင်ရေး ကိုစီမံဆောင်ရွက်ပေးလျက်ရှိသည့်အပြင်  အခမဲ့ပညာရေးစနစ်ကိုလည်း အကောင် အထည်ဖော်ဆောင်ရွက်ပေးနေကြောင်း၊ လာမည့် ဖေဖော်ဝါရီလတွင် အခြေခံပညာ မူလတန်းအဆင့် ပြီးမြောက်မှု စစ်ဆေးခြင်း Grade-5 ၊ အလယ်တန်းအဆင့် ပြီးမြောက်မှု စစ်ဆေးခြင်း Grade-9 စာမေးပွဲများနှင့် ကျန်ရှိသည့် အခြေခံပညာအတန်း များအတွက် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများ ဖြေဆိုကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသား /ကျောင်းသူများ အောင်မြင်စွာ ရာနှုန်းပြည့်ဖြေဆိုနိုင်ရေးအတွက် တိုင်း ဒေသကြီး/ ပြည်နယ်အစိုးရနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ဝိုင်းဝန်း ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ နိုင်ငံတော် အကြီး အကဲအနေဖြင့် “ဆေးရုံတိုင်း ဆရာဝန်ရှိစေရမည်” ဟူသည့် မူဝါဒကို ချမှတ် ပေးထားကာ နိုင်ငံတစ်ဝန်းရှိဆေးရုံများတွင် ကျန်းမာရေးဝန်ထမ်းများ နှစ်စဉ် ဖြည့်ဆည်းခန့်ထားပေးလျက်ရှိပြီး  ရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာ ကွယ်ရေး လုပ်ငန်းများနှင့် ရောဂါဖြစ်ပွားလာပါကလည်း အရည်အသွေး ပြည့်ဝသည့် ဆေးဝါးကုသမှုပေးနိုင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။

မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့်နေရာများ၌  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းများ သတ်မှတ်ကာလ အတွင်း အချိန်မီဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး နှင့်ပြည်နယ်များက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း။

ဘဏ္ဍာရေးနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှစ်အလိုက် လျာထားခွင့်ပြုထားသည့် ဘဏ္ဍာငွေများနှင့်ဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများကိုလည်း  သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ်မကုန်မီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသားစာရင်းအင်းစနစ် ခိုင်မာအားကောင်း ရေးသည် အထူးလိုအပ်ကြောင်း၊ စာရင်းဇယားများ မှန်ကန်တိကျမှုရှိစေရေး ဆောင်ရွက် ရာတွင်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တင်ပြသည့် စာရင်းဇယား အချက်အလက်များသည် မြေပြင်အခြေအနေနှင့် အနီးစပ်ဆုံး မှန်ကန်မှု ရှိမှသာလျှင် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်ကိုသုံးသပ်သိရှိနိုင်မည် ဖြစ်သကဲ့သို့ သုံးသပ်မှု မှန်ကန် မှသာလျှင် မှန်ကန်သည့်ဆုံးဖြတ်ချက်များနှင့် မူဝါဒများကိုချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက အမှာစာများ အား ရှင်းလင်းဖတ်ကြားကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြ ကြသည်။

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုဝန်ကြီးများ၏ တင်ပြ ဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။