ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ  နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၃၁

Thursday, January 1, 2026 - 02:30

          ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

           ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် အပိုင်း(၁)ရွေးကောက်ပွဲတွင် ဆောင်ရွက်ခဲ့သည့် မြို့နယ် (၁၂)မြို့နယ်၏ အားသာချက်၊ အားနည်းချက်များကို မြို့နယ်အုပ်ချုပ်ရေးမှူးများက အကြံပြုဆွေးနွေးတင်ပြပြီး အပိုင်း(၂) ရွေးကောက်ပွဲတွင် ဆောင်ရွက်မည့် မြို့နယ်(၁၇)မြို့နယ်၌ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိမှုများကို ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များက အသီးသီး ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။