နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၇)သင်တန်း ဆင်းပွဲများ ကျင်းပပြုလုပ်
နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၂၉
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး သုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရန် အတွက် နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ် များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၇)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံ သင်တန်း ကျောင်းအသီးသီး၌ ကျင်းပပြုလုပ်ကြသည်။ အဆိုပါ သင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်းဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။
ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆု များဖြစ်သည့် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင်အကောင်းဆုံးဆု ရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော နေပြည်တော်ကောင်စီဉက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၇)မှ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကား ပြောကြားကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၇)မှ သင်တန်းသားများကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် စသည့် ဘာသာရပ်များနှင့် အထွေထွေဘာသာရပ်များကို အဆင့်ဆင့် လေ့ကျင့်သင်ကြားပေး ခဲ့ကြကြောင်း သိရှိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ပုဒ်မ-၃၈၅ တွင် နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ် စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ-၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန် နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်း ထားသည်။ နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့် အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့ တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်း ဆောင်ရန်ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေ ကြပြီဖြစ်သည်။
ယနေ့တွင် သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်း စစ်သည်များသည်လည်း အဖွဲ့အစည်းဖြင့် စည်းစနစ်ကျစွာလုပ်ကိုင် ဆောင်ရွက်တတ် သည့် အလေ့အကျင့်များ(TeamWork)ရရှိခဲ့ပြီး နိုင်ငံချစ်စိတ်(Nationalism)၊ မျိုးချစ်စိတ်(Patriotism)၊ အဖွဲ့အစည်းစိတ်(Team Sprit)၊ ရဲဘော်ရဲဘက်စိတ်(esprit de corps) အပြည့်ဖြင့် တာဝန်ကျရာ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးသို့ သွားရောက်၍ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာ ထမ်းဆောင်ကြတော့ မည်ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၇)တွင် တက်ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက် တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ သင်တန်း ဆင်း နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ကြားသိရပါတယ်။
ထို့နောက် ညပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၇)မှ နိုင်ငံ့သားကောင်းစစ်သည်များကို သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲများပြုလုပ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
စစ်မှုထမ်းသင်တန်းဆင်း အင်တာဗျူး (၂၉-၁၂-၂၀၂၅)
၁။ လာရောက်တက်ဖြစ်တာကတော့ မိဘတွေလည်း သဘောတူညီမှုရှိပါတယ်။ ကျွန်တော့်စိတ်ဆန္ဒတစ်ခုကြောင့်လည်း တက်ရောက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ အခုလိုသင်တန်း ကြီးပြီးဆုံးသွားပြီးဆိုတော့ ပိတိလည်းဖြစ်ပါတယ်။ အရမ်းလည်း ကျေနပ်အားရပါတယ်။ တပ်မတော်သားကောင်းတစ်ယောက်ဖြစ်အောင် နိုင်ငံတော်ကပေးအပ်တဲ့တာဝန်ကို ကျေပွန် အောင်ထမ်းဆောင်မယ့် တပ်မတော်သားတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာဖြစ်ပါ တယ်။
၂။ သင်တန်းဆင်းရတာ ပျော်တော့ပျော်ပါတယ်။ ဒါပေမယ့် ခွဲခွာရတဲ့အချိန်ကျ တစ်ယောက်နဲ့တစ်ယောက် ဝမ်းနည်းမိတယ်။ ဘယ်လိုသင်ခန်းစာတွေရလဲဆိုတော့ ကြုံတွေ ရတဲ့အချိန်မှာတော့ ကျွန်တော်သဘောကျပါတယ်။ Uniform ဝတ်တာအစ သဘောကျပါ တယ်။ ကျွန်တော်လည်းစစ်သားကောင်းတစ်ယောက် ပိသစွာ နေထိုင်ကျင့်ကြံမယ်လို့ ကျွန်တော်လည်းဆုံးဖြတ်ချက် ချထားပါတယ်။ စစ်သားဆိုတာတော့ ကျရာနေရာမှာ တာဝန် ကျေပွန်အောင်ထမ်းဆောင်ရမယ်။ ဒီနေရာမသွားနဲ့ဆို မသွားရဘူး။ ဒီနေရာသွားဆိုသွား မယ်။ ဒါလုပ်ဆိုလုပ်လိုက်မယ် ၊ ဒါမလုပ်နဲ့ဆို မလုပ်ဘူး။ စစ်သားကောင်းတစ်ယောက်ပိသ စွာနေထိုင်မယ်လို့ ကျွန်တော်ခံယူထားပါတယ်။











