ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်၊ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ                            ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်ဆန္ဒမဲပေး  

Sunday, December 28, 2025 - 19:00

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို ယနေ့နံနက် ၆ နာရီမှစတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ် ရာ မဲဆန္ဒရှင်ပြည်သူများအားလုံးအနေဖြင့် သက်ဆိုင်ရာမဲရုံများတွင် ဆန္ဒမဲများပေးကြ သည်။

ထိုသို့ ဆန္ဒမဲများပေးကြရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ အနော်ရထာရပ်ကွက်ရှိ မဲရုံအမှတ် (၁)၌ ပါဝင် ဆန္ဒမဲပေးကြသည်။

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌသည် ဆန္ဒမဲပေးပြီးချိန်တွင် မဲရုံသို့လာရောက်သတင်းရယူကြသည့် ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။

မေး။  ။ ရွေးကောက်ပွဲကို ဦးစီးဦးဆောင်ကျင်းပဖို့ စီစဉ်ခဲ့သူတစ်ဦးအနေနဲ့ လွတ်လပ်ပြီး တရား မျှတတဲ့ရွေးကောက်ပွဲဖြစ်ကြောင်း ဘယ်လောက်အာမခံချက်ပေး နိုင်ပါသလဲ။ ပြည်သူကို ဘာသတင်းစကားများပါးချင်ပါသလဲ။

ဖြေ။   ။ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို ဒီနေ့မဲပေးတာ ကြည့်လိုက်ရင် သိလိမ့် မယ်။ နောက်ပြီး မဲပေးဖို့အတွက် ကြိုတင်ကဏ္ဍတွေရှိတယ်။ အကြိုကာလ တွေပေါ့။ အဲဒီမှာ ပါတီ တွေရဲ့လုပ်ဆောင်ချက်တွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်တွေ၊ ရွေးကောက်ပွဲ ကော်မရှင်တွေရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်လိုက်ရင်လည်း တွေ့ပါလိမ့်မယ်။ ဒီနေ့မဲပေးတဲ့ အခါမှာလည်း မဲပေးပြီး ညနေကျ ရင်လည်း အသံထွက်လာမှာပဲလေ။ မဟုတ်ဘူးလား။ အဲဒီကျရင် ပြောလို့ရတာပေါ့။ ကျွန်တော်တို့က လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ရွေးကောက်ပွဲ ဖြစ်မယ်လို့ အာမခံ ထားတယ်။ တပ်မတော်က လုပ်တာ နာမည်ပျက်မခံဘူး။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အကြီးအကျယ် နာမည်ပျက်ခဲ့တယ်။ တော်တော်ဆိုးဆိုးရွားရွား ကိုဖြစ်ခဲ့တယ်။ ရုပ်ပျက်ဆင်းပျက်ကို နိုင်ငံတကာမှာလည်း အရှက်တကွဲဖြစ်ခဲ့တယ်။ တချို့ကျတော့လည်း မသိ ကျိုးကျွန်ပြုနေတာ။ တကယ်တော့ ကျွန်တော်က တကယ် စစ်ခဲ့သူ၊ ကျွန်တော် သိပါတယ်။ တကယ်ကို ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်။ ဘယ်လိုမှကို နားလည်ပေးလို့မရတဲ့အတွက်ကြောင့် ဒီအခြေအနေထိ ရောက်သွားတာပဲဖြစ်တယ်။ ဒါကြောင့် ပြီးတဲ့အချိန်ကျလို့ရှိရင် ကြည့်ပါလို့ ကျွန်တော်ပြောချင်တယ်။ ဒါပေမယ့် ဒီနေ့တစ်ကြိမ်၊ ပြီးရင် လာမယ့်ဇန်နဝါရီ ၁၁ ရက်မှာ တစ်ကြိမ်၊ ဇန်နဝါရီ ၂၅ ရက်မှာ တစ်ကြိမ် သုံးကြိမ်ပေးမယ်။ အဲဒီမှာ ကြည့်ပါ။ အဲဒါပြီးမှ ပြောပါလို့ ပြောချင်ပါတယ်။

မေး။  ။ ဗိုလ်ချုပ်မှူးကြီးရဲ့နိုင်ငံရေးရည်မှန်းချက်ကိုလည်း သိချင်ပါတယ်ခင်ဗျာ။ ရွေးကောက် ပွဲ အလွန်အခင်းအကျင်းမှာ ဘယ်လိုစဉ်းစားထားပါသလဲ။ သမ္မတလုပ်မှာ လား ခင်ဗျ။

ဖြေ။   ။ ကျွန်တော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံ့ဝန်ထမ်း။  ကျွန်တော် ဘာမှ တော်ရုံတန်ရုံသွားပြီးတော့မှ လုပ်ချင်ပါတယ်။ ပြုချင်ပါတယ်လို့ သွားပြော လို့မရဘူး။ နိုင်ငံရေး ပါတီခေါင်းဆောင်လည်းမဟုတ်ဘူး။  ပြီးတော့ လွှတ်တော်ခေါ်တဲ့အခါကျမှ လွှတ်တော်ကနေပြီး သမ္မတရွေးချယ်ရေးနဲ့ပတ်သက်တဲ့ Process တွေရှိပါတယ်။ အဲ့ဒီကျမှ သူတို့လုပ်ပါလိမ့်မယ်။ အဲဒီ ကျမှသာ ကျွန်တော်တို့ ပြောဖို့သင့်မယ်လို့ ယူဆပါတယ်။

မေး။  ။ မဲပေးသင့်/ မပေးသင့် တွေဝေနေတဲ့ပြည်သူတွေအပေါ် ဘာများ ပြောချင်ပါသလဲ။

ဖြေ။   ။ ပေးသင့်တာပေါ့။ ပါတီစုံဒီမိုကရေစီစနစ် လက်ခံတယ်လို့ပြောထားရင် ဒီမိုကရေစီရဲ့ အနှစ်သာရက ရွေးကောက်ပွဲကတော့ တကယ်လုပ်ဖို့ကောင်းတယ်။ ရွေးကောက်ပွဲကတော့   ပေးသင့်တယ်။ ကြိုက်ရင်ကြိုက်မယ်။ မကြိုက်ရင်မကြိုက်ဘူး။ ကိုယ်မကြိုက်တဲ့လူကိုမပေးနဲ့ ပေါ့၊ ကြိုက်တဲ့လူကိုပေးပေါ့။ အဲဒီအထဲမှာ Choice ဆိုတာ ရှိပါတယ်။ တချို့ပါတီတွေ၊ တချို့နေရာ တွေကျလည်း Choice မရှိတာပါတယ်။ နည်းတာပါတယ်။ တချို့နေရာကျတော့လည်း Choice များတာပါတယ်။ ကြိုက်တဲ့ လူကိုပေး။ ရတာပဲ။ ဒါကပေးသင့်တဲ့ကိစ္စပဲ။ ဒါပေမယ့်မပေးဘူး ဆိုလို့ရှိရင် သူဟာ ဒီမိုကရေစီစနစ်ကို အပြည့်အဝနားမလည်ဘူးလို့ ကျွန်တော်ယူဆလို့ရတာပေါ့။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့ နယ်တို့မှ သက်ဆိုင်ရာမဲရုံများအလိုက် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

အလားတူ နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ သည် ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက် မဲရုံအမှတ်(၂)တွင် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲပေးနေမှုများအား လာရောက်ကြည့်ရှုလေ့လာကြသည့်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကာဇက်စတန်နိုင်ငံနှင့် ဘယ်လာရုစ် နိုင်ငံတို့မှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။