ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၁) ကို ယနေ့ နံနက် ၆ နာရီမှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်ပေါင်း (၁၀၂)မြို့နယ်အတွင်းသတ်မှတ်မဲရုံအသီးသီး၌ ကျင်းပပြုလုပ် လျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)အနေဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ(၈)မြို့နယ်အတွင်းမှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများက ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိ မြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ် မဲရုံများမှာ လာရောက်ဆန္ဒမဲပေးလျက်ရှိကြတဲ့ မြင်ကွင်းကို တွေ့မြင်ရမည်ဖြစ်သည်။
အလားတူ ကချင်ပြည်နယ်တွင်(၆)မြို့နယ်၊ ကယားပြည်နယ်တွင်(၂)မြို့နယ်၊ ကရင်ပြည်နယ်တွင်(၃)မြို့နယ်၊ ချင်းပြည်နယ်တွင်(၂)မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၁၂)မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၄)မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် (၈)မြို့ နယ်၊ မကွေးတိုင်းဒေသကြီးတွင်(၉)မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် (၈)မြို့နယ်၊ မွန်ပြည်နယ်တွင်(၅)မြို့နယ်၊ ရခိုင်ပြည်နယ်တွင်(၃)မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးတွင် (၁၂)မြို့နယ်၊ ရှမ်းပြည်နယ်တွင်(၁၂)မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၈)မြို့နယ်၊ စုစုပေါင်းမြို့နယ်ပေါင်း(၁၀၂)မြို့နယ်၌ ကျင်းပပြုလုပ်ကြပြီး အဆိုပါ မြို့နယ်များရှိ သတ်မှတ်မဲရုံအသီးသီး၌ ဒေသခံတိုင်းရင်းသားပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက် (Myanmar Electronic Voting Machine - MEVM) အသုံးပြု၍ ဆန္ဒမဲပေး ခြင်းများကို ဆောင်ရွက်ကြသည်။
ထိုသို့ ဆန္ဒမဲပေးခြင်းများကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဒေသ ခံတိုင်းရင်းသား ပြည်သူများက စနစ်တကျဖြင့် ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်လျက်ရှိ သည့်အပြင်အဆိုပါ ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သား အရာရှိ၊ စစ်သည်၊ မိသားစုများကလည်း သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်၍ စနစ်တကျ ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ကြသည်။
ထိုသို့ ဆန္ဒမဲလာရောက်ပေးကြသည့် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်၊ အေးချမ်းစွာ နှင့် အဆင်ပြေချောမွေ့စွာဆန္ဒမဲပေးနိုင်ရေးအတွက် လိုအပ်သည့် မော်တော်ယာဉ်များ၊ ကျန်းမာရေးကဏ္ဍအတွက် ဆေးအဖွဲ့များနှင့် လုံခြုံရေးပိုင်းဆိုင်ရာများကို မဲရုံအသီးသီး၌ ကြိုတင်ပြင်ဆင်ထားရှိကြောင်း သိရှိရသည်။
ထို့အပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ မဲရုံများတွင်လည်း နံနက် ၆ နာရီ မဲရုံစတင်ဖွင့်လှစ်သည်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရုံး/ဌာနများအသီးသီးမှ အရာရှိ၊စစ်သည်၊ မိသားစုဝင်များက သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်၍ စနစ်တကျ ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ကြသည်။
မဲပေးမှုပြီးဆုံးချိန်တွင် မဲရုံမှူးများနှင့် အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ရှေ့မှောက်၌ မဲပေးစက် (Control Unit)မှ ရလဒ်များကို ထုတ်ယူကာ စနစ်တကျ ရေတွက်ခြင်းနှင့် ကြိုတင် မဲများကို စနစ်တကျ ရေတွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြသည်။
ထို့သို့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပမှုနဲ့ ပတ်သက်၍ မဲရုံအသီးသီးတွင် လာရောက်မဲပေးကြသည့်မဲဆန္ဒရှင်ပြည်သူများရဲ့ ရင်တွင်းစကားသံ များကိုလည်း အခုလို ကြားသိရပါတယ်(-)
၁။ မှော်ဘီမြို့နယ် (အမျိုးသမီး)
ကျွန်မတို့နိုင်ငံ ဒီထက်ပိုမိုကောင်းမွန်လာမယ်လို့ မျှော်လင့်ပါတယ်။ အခုလိုမျိုး လာရောက်ပြီးတော့ မဲပေးရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ အခုလို ပေးချင် လို့လည်း အချိန်ပေးပြီးတော့ လာရောက်မဲပေးတာ ဖြစ်ပါတယ်။ ဒီမိုကရေစီ လမ်း ကြောင်းပေါ် ကျွန်မတို့ လျှောက်လှမ်းနေတဲ့ အပေါ်မှာလည်း ကောင်းမွန်တဲ့ လမ်း ကြောင်းတစ်ခုလို့ မြင်ပါတယ်။ ဒီ MEVM မဲပေးစက်နဲ့ မဲပေးရတဲ့အတွက် အချိန် ကုန်သက်သာတယ်။ မြန်မြန်ဆန်ဆန် ဖြစ်တယ်။ စာရေးဖို့ အဆင်မပြေတဲ့ သူတွေ အတွက်လည်း အဆင်ပြေပါတယ်။ ပြီးတော့ ရလဒ်လည်း မြန်မြန်ဆန်ဆန် နဲ့ တိတိကျကျ ထွက်တာပေါ့။
၂။ တောင်ကြီးမြို့နယ် (အမျိုးသမီး)
မဲလာပေးရတာ အဆင်ပြေမှုရှိပါတယ်။ အရင်တုန်းကတော့ စာရွက်ပေါ်မှာ အမှန်ခြစ် ခြစ်တဲ့အတွက် တချို့ အမှန်ခြစ်ကို မခြစ်တက်တဲ့သူတွေ ရှိတော့ ပယ်မဲ တွေလည်းများပါတယ်။ အခုကျတော့ ကိုယ်ကြိုက်တဲ့ပါတီကို စက်ခလုတ်နှိပ်ရတဲ့အတွက် အဆင်ပြေမှု အများကြီး ရှိပါတယ်။
၃။ တောင်ကြီးမြို့နယ် (အမျိုးသား)
အခုလိုမျိုး လွတ်လွတ်လပ်လပ်နဲ့ မဲပေးရတဲ့အတွက် ဝမ်းသာပါတယ်။ ပြီးတော့ ပြည်သူလူထုက ဝိုင်းပြီး တင်မြှောက်တဲ့ အစိုးရတစ်ရပ် ပေါ်လာမယ်ဆိုတော့ ဝမ်းသာ ပါတယ်။
၄။ တောင်ကြီးမြို့နယ် (အမျိုးသမီး)
ကျွန်မတို့က အခုမှ စပြီးတော့ မဲပေးရတဲ့အတွက် နည်းနည်းတော့ စိတ်လှုပ် ရှားမှုတော့ ဖြစ်မိပါတယ်။ ဒါပေမယ့် လုံလုံခြုံခြုံနဲ့ ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ် လောင်းကို မဲပေးရတဲ့ အတွက်တော့ စိတ်ထဲမှာ ကျေနပ်အားရ ဝမ်းသာပီတိ ဖြစ်မိ ပါတယ်။
၅။ တောင်ကြီးမြို့နယ် (အမျိုးသမီး)
မဲပေးရတာ အရင်ကထက်စာရင် ပိုပြီးတော့ အဆင်ပြေပါတယ်။ ပြီးတော့ အရမ်းလည်း လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် မဲပေးလို့ရတဲ့ အတွက် အကြာကြီး တန်းစီစရာလည်း မလိုတော့ဘူး။ အဆင်ပြေပါတယ်။ အခက်အခဲ မရှိပါဘူး။ ယုံကြည်မှုကတော့ ရှိပါတယ်။ အရင်ကထက်ပိုပြီးတော့ လုံခြုံမှုလည်း ရှိတယ်။ လွယ်လွယ်ကူကူလည်း မဲပေးရတဲ့အတွက် အရင်ကထက် ပိုပြီးတော့ အဆင်ပြေပါတယ်။ နိုင်ငံသားတစ်ယောက် အနေနဲ့ ဒီလိုမဲပေးခွင့် ရတဲ့အတွက်လည်း အရမ်းကို ပျော်ပါတယ်။
ယနေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ၏ လွတ်လပ်စွာဆန္ဒမဲပေးနေမှုများကိုပြည်တွင်း၊ ပြည်ပမှ သတင်း မီဒီယာများနှင့်ရွေးကောက်ပွဲလာရောက်စောင့်ကြည့် လေ့လာကြတဲ့ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကလည်း မဲဆန္ဒရှင်ပြည်သူများ၏ မဲပေး နေမှုများကို လာရောက်လေ့လာစောင့်ကြည့်၍ သတင်းရယူလျက်ရှိသည်။













